နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေး ကျင်းပ

နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေး ကျင်းပ

Mon, 10/15/2018 - 16:08
Posted in:
0 comments

နေပြည်တော် အောက်တိုဘာ ၁၅

နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှာစကားပြော ကြား သည်။

သီးသန့်အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ အစိုးရနှင့် တပ်မတော်တို့မှ တာဝန်ရှိ သူများ၊ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ် ထူးဝင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးယွက်ဆစ်၊ အတွင်းရေးမှူး ဦးစိုင်းငင်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာ၊ ဒုတိယ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ ချင်းအမျိုးသား တပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ဗဟိုကော်မတီဝင် စောမြရာဇာလင်း၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော် (DKBA) ဥက္ကဋ္ဌ စောမိုရှေး၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) အတွင်းရေးမှူး ဒေါက်တာနော်ကပေါ် ထူး၊ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်ဟံ သာ၊ ဗဟိုကော်မတီဝင် နိုင်အောင်မငေး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကြာခွန်ဆာ၊ အတွင်းရေးမှူး ကြာဆော်လမွန်၊ NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သီးသန့် အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားသည်။

ဆက်လက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးက အမှာစကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အစည်းအဝေးကို ခေတ္တရပ်နားသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေး ဒုတိယပိုင်းကို ဆက်လက် ကျင်းပရာ အကျိုးဆောင်များအဖြစ် ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ် ထူးဝင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က ဆောင်ရွက် ကြသည်။

အစည်းအဝေး၌ ၂၀၁၈ ခုနှစ်တွင် ၂၁ ရာစု-ပင်လုံညီလာခံ (၁) ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ပင်လုံညီလာခံ (၂) ကြိမ် ကျင်းပမည်ဖြစ်ပြီး ယင်းပင်လုံညီလာခံ (၃) ကြိမ်မှ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ရရှိအောင် ဆောင်ရွက်မည့် အချိန်ဇယားနှင့် လုပ်ငန်းအစီအစဉ်များ၊ လက်ရှိနိုင်ငံရေး ဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်း လွယ်ကူအောင် ဆောင်ရွက်ရေး ကိစ္စရပ်များ၊ နိုင်ငံရေးဆွေးနွေးမှုတွင် ခေါင်းဆောင်များအကြား သဘောတူညီချက်ရရှိပြီး ဆက်လက် ဆောင်ရွက်မည့် ပုံစံကျင့်သုံးမည့်ကိစ္စ ရပ်များ၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်အောင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။

အစည်းအဝေးကို အောက်တိုဘာ ၁၆ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲ များတွင် သဘောတူညီချက်ရရှိရန် လိုအပ်နေသည့် ကိစ္စရပ်များဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရကိစ္စ၊ တစ်ခုတည်းသော တပ်မတော်ထားရှိရေးမူ ချမှတ်နိုင်ရေးကိစ္စရပ်များနှင့် အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

Related Articles