အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များ သီးသန့်အစည်းအ​ဝေးတွင် အမျိုးသားပြန်လည် သင့်မြတ် ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အဖွင့်မိန့်ခွန်း

အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များ သီးသန့်အစည်းအ​ဝေးတွင် အမျိုးသားပြန်လည် သင့်မြတ် ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အဖွင့်မိန့်ခွန်း

Mon, 10/15/2018 - 17:32
0 comments

(နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့)

ဒီကနေ့ သီးသန့်အစည်းအဝေးကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံးကို ကြိုဆို နှုတ်ခွန်းဆက်ပါတယ်။

ဒီကနေ့ အစည်းအဝေးကတော့ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေး ပါ ကြောင်း ယခု ရောက်ရှိနေသူအားလုံး သိပြီးဖြစ်ပါတယ်။ ဒီကနေ့ဟာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) စတင်လက်မှတ်ရေးထိုးခဲ့တဲ့ (၃) နှစ်ပြည့် အခါသမယလည်း ဖြစ်နေပြန်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ နှစ်ပတ်လည် အခမ်းအနားတွေကိုပဲ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ အစိုးရနဲ့ NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား NCA အကောင် အထည်ဖော်မှုတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေကို ဘယ်လို ဖြေရှင်း ကျော်လွှားကြမလဲ ဆိုတာတွေကို ကျွန်မတို့ကြားမှာ ဆွေးနွေးညှိနှိုင်းကြမှာ ဖြစ်တဲ့ အတွက် အရေးကြီးတဲ့ မှတ်တိုင်တစ်ရပ်အဖြစ် စိုက်ထူနိုင်တော့မှာပဲ ဖြစ်ပါတယ်။
ဒီအစည်းအဝေးခန်းမထဲကို ယခု ရောက်ရှိနေတဲ့ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေကြသူတွေ ဖြစ်တဲ့အတွက် ဒီကနေ့ တွေ့ဆုံမှုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကျွန်မတို့ နောက်ပြန် မလှည့်ဘဲ ရှေ့ကိုတိုးပြီး လျှောက်လှမ်းနိုင်ဖို့ ကြိုးစားနေကြတယ်ဆိုတာကို သက်သေပြသ လိုက်တာပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း ဒီကနေ့ တက်ရောက်လာကြသူ အားလုံး၊ သီးသန့် အစည်းအဝေးဖြစ်မြောက်အောင် ကြိုးပမ်းပေးခဲ့ကြသူအားလုံးကို ကျေးဇူးအထူးပဲတင်ရှိ ပါကြောင်း အလေးအနက် ပြောကြားလိုပါတယ်။

ဒီကနေ့ ကျွန်မတို့နိုင်ငံနဲ့ ကျွန်မတို့ပြည်သူတွေ တွေ့ကြုံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ကို ကြည့်မယ်ဆိုရင် ကျွန်မတို့ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ တစ်နိုင်ငံ လုံးရဲ့ စီးပွားရေး၊ ရခိုင်ပြည်နယ်အရေးနဲ့ ပထဝီနိုင်ငံရေး စတဲ့ အသွင်မတူတဲ့ အခက်အခဲတွေ အမျိုးမျိုး ရှိနေတာ တွေ့ရပါလိမ့်မယ်။ ကျွန်မတို့ အစိုးရအနေနဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းပြီး နိုင်ငံသားအားလုံးက အမြတ်တနိုး တန်ဖိုးထားကြရတဲ့ ပြည်ထောင်စု တည်ဆောက် ရေးကို ပြီးမြောက်စေလိုတဲ့ ဆန္ဒနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေကို ဦးစားပေးပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေးနဲ့ နိုင်ငံရေးဆွေး နွေးပွဲတွေ အောင်မြင်ပြီး ဆက်ရှေ့တိုးရေးဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံးအတွက် သိပ်ကို အရေးကြီးပါတယ်။ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုတွေမှာ အမြင်မတူတာတွေ၊ နားလည်မှုကွဲပြား တာတွေက သဘာဝပါပဲ။ အထူးသဖြင့် သမိုင်းကြောင်းတစ်လျှောက် နိုင်ငံရေးဆွေးနွေးပွဲ ဆိုပြီး တစ်ကြိမ်မှ မရှိခဲ့ဘူးတဲ့ ကျွန်မတို့လိုနိုင်ငံမျိုးမှာ နိုင်ငံရေးပြဿနာတွေ ကိုဖြေရှင်း နိုင်ဖို့ အချိန်ယူရမှာပါ။ ဒါပေမယ့် အချိန်အပိုင်းအခြားအလိုက် တစ်ဆင့်ပြီး တစ်ဆင့် ရှေ့ကိုခရီးပေါက်အောင် လျှောက်နိုင်ဖို့ ခိုင်ခိုင်မာမာ တိုးတက်နေဖို့ အရေးကြီးပါတယ်။

ဆွေးနွေးညှိနှိုင်းမှုတွေမှာ ရလဒ်ကောင်းတွေ လျော့နည်းလာတာနဲ့အမျှ အားလုံး လျှောက်နေ တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းမှာ အဖျက်အမှောင့်အမျိုးမျိုး ကြုံတွေ့ လာတတ်ပါတယ်။ သွားနေတဲ့ လမ်းကြောင်းကပဲ လိုအပ်ချက်တွေ ရှိနေတာလား ဆိုတဲ့အတွေးတွေ ပေါ်လာ တတ်ပါတယ်။ ဘယ်အစုအဖွဲ့ကတော့ ဘယ်လိုဆိုပြီးတော့ ဆွေးနွေးဖက်တွေ အကြား ပုံစံ အမျိုးမျိုးနဲ့ သွေးထိုးမှု အမျိုးမျိုးလည်း ကြုံလာတတ် ပါတယ်။ ဖြစ်စဉ်ကြီး တစ်ခုလုံးကို ပြောင်းပြန်လှန်ပြီး အသစ်စဉ်းစားမှရတော့မယ်ဆိုတဲ့ အနှောက်အယှက်မျိုး တွေလည်း ဝင်လာတတ်တယ်ဆိုတာ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲ ပါဝင်နေသူများ၊ ငြိမ်းချမ်းရေးဖြစ်စဉ် ကို စိတ်ဝင်တစား စောင့်ကြည့် လေ့လာ နေသူများ သိကြမှာပါ။

ဒီကနေ့ ကျွန်မတို့ အတူတစ်ကွ လျှောက်လှမ်းနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဟာ ထိရောက်မှုရှိတယ်၊ လက်တွေ့ကျတယ်၊ အောင်မြင်တယ်ဆိုတာ ကျွန်မတို့ အားလုံး သိရှိ ထားကြပြီး ဖြစ်ပါတယ်။ အားနည်းချက်တွေ ဘယ်နေရာမှာ ရှိနေပါလဲ၊ စုပေါင်းရှာဖွေ၊ အားလုံးညှိနှိုင်းပြီး ပြင်ဆင်ထိန်းညှိမှုတွေကို အစဉ်အမြဲ လုပ်ဆောင်နေရမှာပါပဲ။ နိုင်ငံရေးသဘောတူညီချက်တွေ နည်းသွားလို့၊ တင်းမာမှုတွေ ပေါ်လာလို့ ယုံကြည်မှု အားနည်းတာမျိုးတွေ မဖြစ်ကြဖို့ ပြောချင်ပါတယ်။ ဘယ်သူ့ဘယ်သူကို မှလည်း အပြစ် တင်တာမျိုးတွေ မပြုလုပ်ကြဖို့၊ ကျွန်မတို့အားလုံး ညီညီညွတ်ညွတ် ရှိကြဖို့ အလေးအနက် ပြောကြားချင်ပါတယ်။ ကျွန်မတို့ လျှောက်နေတဲ့လမ်းမှာ ပေါ်ပေါက် ကြုံတွေ့လာရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုမှန်သမျှ ကျွန်မတို့အားလုံး အတူလက်တွဲပြီး ဖြေရှင်းကြမယ် ဆိုရင် ကျော်လွှားနိုင်မယ်၊ အောင်မြင်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်။
ကျွန်မတို့ကြားမှာ ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက် မရရှိသေးတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံရေးဆွေးနွေးပွဲတွေကို မထိခိုက်စေအောင်လို့၊ အပြန်အလှန် ငြင်း ခုန်ပြီး တင်းမာမှုတွေ မြင့်တက်မလာစေဖို့ ကျွန်မတို့အားလုံး နားလည်မှုရှိရှိနဲ့ ခဏတာ ရှောင်လွှဲထားကြတာ ဖြစ်ပါတယ်။ နှစ်ပေါင်း (၇၀) ကျော် ကြာမြင့်နေပြီဖြစ်တဲ့ နိုင်ငံရေး ပြဿနာတွေနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ကိစ္စတွေကို တစ်ချိန်ချိန်မှာ ဖြေရှင်းရမှာ ဖြစ်တဲ့ အတွက်၊ ဒီလိုမျိုး အခြေအနေကို ကြုံရတာ မထူးဆန်းပါဘူး။ စိတ်မပျက် ကြဖို့၊ စိတ်ဓါတ် မထွေပြားကြဖို့လိုပါတယ်။ ဒီကိစ္စရပ်တွေကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကြန့်ကြာ နှောင့်နှေး စေတာမျိုး မဖြစ်အောင် အားလုံးက သတိထား ကြဖို့လည်း အရေးကြီးပါတယ်။

နိုင်ငံတကာမှာ ကြုံတွေ့ခဲ့ကြတဲ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ဖြစ်စဉ်တွေကို လေ့လာကြည့် ရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ရှေ့မတိုးနိုင်တဲ့အချိန်မှာ အားမလို အားမရ ဖြစ်လာပြီး အားလုံးရဲ့ ယုံကြည်မှုတွေ ပျက်ပြားလျော့နည်းလာအောင် နှောက်ယှက်လိုသူတွေက သီအိုရီတွေ၊ သဘောတရားတွေကို အကြောင်းပြုပြီး ဆွေးနွေးပွဲမှာ ပါဝင်နေတဲ့ အစုအဖွဲ့ တွေရဲ့ အတွင်း-အပြင်မှာ ပေါ်လာတတ်ပါတယ်။ ယုံကြည်မှု ကျဆင်းလာခြင်းရဲ့ အကျိုး ဆက်အနေနဲ့ သဘောထားတင်းမာမှုတွေ ပေါ်ထွက်လာပြီး လက်နက်ကိုင်ပဋိပက္ခတွေ ပြန်လည် ဖြစ်ပွားလာတာမျိုးတွေကို ငါးဆယ်ရာခိုင်နှုန်းအထိ ဖြစ်လာတတ်တာကို တွေ့ရှိ ရပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ အချိန်ကြာရှည်လာတာနဲ့ တိုင်းရင်းသားမျိုးနွယ်စု တွေ အချင်းချင်းအကြားမှာလည်း တင်းမာမှုတွေနဲ့ ပဋိပက္ခတွေဟာလည်း မြင့်မားလာ တတ်ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ပြဿနာတွေရှိနေတာကို အသိအမှတ်ပြုရမယ်၊ ရှိနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးစား ရမယ်၊ မဖြေရှင်းဘဲ ရှောင်လွှဲနေလို့ မရဘူး ဆိုတဲ့ နိုင်ငံရေးစိတ်ရင်းစေတနာ ရှိနေဖို့ သိပ်ကိုအရေးကြီးပါတယ်။ ဒီလို တွေ့ကြုံနေရတဲ့ ပြဿနာတွေ၊ မပြေလည်မှုတွေကို မျက်နှာချင်းဆိုင်ထိုင်ပြီး ဖြေရှင်းကြမယ်ဆိုတဲ့ နိုင်ငံ ရေး စိတ်စေတနာ ခိုင်ခိုင်မာမာရှိနေတဲ့အတွက် ကျွန်မတို့ ဒီကနေ့ တွေ့ဆုံမှု ဖြစ်မြောက် လာတာပဲ ဖြစ်ရပါတယ်။

အခက်အခဲတွေ ကြုံရလေ့ရှိတာ၊ ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေတာ ငြိမ်းချမ်း ရေး ဖြစ်စဉ် တွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း များစွာ မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ လွယ်လွယ်ကူကူ၊ ချောချောမောမောနဲ့ အားလုံးအဆင်ပြေတာမျိုး ရှိမှာမဟုတ်ပါဘူး။ ဒါကို ကျွန်မတို့အားလုံး နားလည်သဘော ပေါက်ကြတယ်လို့ထင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် (၇၀)ကျော်မှာ ဖေဖေ ဦးဆောင်ခဲ့တဲ့ နှစ်ဆယ်ရာစု ပင်လုံညီလာခံကနေ ရရှိခဲ့တဲ့ နိုင်ငံရေးသဘောတူညီချက် တွေကို အခြေခံပြီး ပြည်ထောင်စုကိုအတူတစ်ကွ ထူထောင်ခဲ့ကြတာပါ။ ကျွန်မတို့အား လုံး ဗဟိုပြုထားတဲ့ နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံကနေ ထွက်ပေါ်လာမယ့် နိုင်ငံရေး သဘော တူညီချက်တွေကို အခြေခံပြီး အနာဂတ် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဆက်လက်ပြီး တည်ဆောက် နိုင်ကြဖို့ ဒီကနေ့ ကျွန်မတို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ကျွန်မတို့အားလုံးရဲ့ ရည်မှန်းချက်ပန်းတိုင်က အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးသဘောတူညီချက်တွေ ရရှိဖို့၊ ဒီနိုင်ငံ ရေး သဘောတူညီချက်တွေကို စုစည်းပြီး ပြည်ထောင်စုသဘောတူစာချုပ် ခိုင်ခိုင်မာမာ ချုပ်ဆိုဖို့၊ ရရှိလာမယ့် ပြည်ထောင်စုသဘောတူစာချုပ်ကို အခြေခံပြီး နောင်အစိုးရ အစဉ် အဆက် ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကျွန်မတို့ရဲ့ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့က ဒီအစည်းအဝေး တွေ့ဆုံမှု အောင်မြင်စေဖို့ မျှော်လင့်ကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့ ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းက NCA လက်မှတ်မထိုးရသေးတဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ကလည်း ဒီကနေ့ တွေ့ဆုံမှုကို ကြိုဆိုအားပေး ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန် လာခဲ့ပါတယ်။ အလားတူပါပဲ ဒီကနေ့အစည်းအဝေးကို တစ်နိုင်ငံလုံးက တိုင်းရင်းသားပြည်သူ တွေဟာ မျှော်လင့်ချက် ကြီးစွာနဲ့ စောင့်ကြည့်နေ ကြပါတယ်။ ဒီမျှော်လင့်ချက်တွေဟာ ဒီကနေ့ ကျွန်မတို့ရှေ့က စားပွဲပေါ်မှာ ရှိနေရုံ မဟုတ်ပါဘူး၊ ကျွန်မတို့အားလုံးရဲ့ နှလုံးသားထဲမှာ ရှိနေ တာပါ။
ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ရဲရဲတင်းတင်း အရှိအတိုင်း ပြန်ကြည့်ကြဖို့၊ ပြန်သုံးသပ်ကြဖို့ လိုပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဒီကနေ့ ဒီအခန်းထဲမှာ ရောက် ရှိနေကြတဲ့ ခေါင်းဆောင်တွေရဲ့ မူဝါဒ သဘောထားတွေကို ယူဆောင်လာကြပြီး ကိုယ့်မူဝါဒ နဲ့ သူ့မူဝါဒ၊ ကိုယ့်ရပ်တည်ချက်နဲ့ သူ့ရပ်တည်ချက် ဒါတွေကို အပြန်အလှန် ငြင်းခုန်နေခဲ့ကြ တာပါ။ စားပွဲဝိုင်းတက်လာတဲ့သူတွေက အဆုံးအဖြတ်ပေးရတော့မယ် ဆိုရင် ဒီကနေ့ ဒီအခန်း ထဲက ခေါင်းဆောင်တွေဆီကိုပဲ ပြန်တင်ပြပြီး အဆုံးအဖြတ် ခံယူခဲ့ကြရတာပါ။ တစ်ဘက်နဲ့ တစ်ဘက် ကြိုတင်ဆုပ်ကိုင်ထားတဲ့ မူဝါဒတွေ၊ ရပ်တည်ချက်တွေကိုပဲ တစ်ဘက်က လက်ခံ လာအောင် ကြိုးပမ်းခဲ့ကြတာပါ။ ဒီကနေ့မှာတော့ အဆုံးအဖြတ် ပေးနေခဲ့တဲ့ ခေါင်းဆောင် တွေအားလုံး ဒီကနေ့ စားပွဲဝိုင်းကို ရောက်ရှိနေကြပါပြီ။ ဒီလိုမျိုး အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ စုံစုံညီညီ ရောက်ရှိနေတဲ့အချိန်မှာ အလေးအနက် ထားပြီး ပြောကြား ချင်တဲ့ အချက်(၃) ချက် ရှိပါတယ်။

ပထမဆုံးအချက် ကတော့ ကျွန်မတို့ကြားမှာ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ ခွဲမထွက်ရေးကိစ္စပဲ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်မတို့ ပြည်ထောင်စုရဲ့ ပကတိ တည်ရှိမှုကို လက်ခံထားရင် ခွဲမထွက်ရေးက ပြဿနာမဟုတ်ပါဘူး။ တိုင်းရင်းသားတွေ အစဉ်တစိုက် တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ပြီး ခိုင်ခိုင် မာမာ အကောင်အထည်ဖော်သွားမယ် ဆိုတာကိုလည်း ကျွန်မတို့အနေနဲ့ အကြိမ်ကြိမ် ပြောခဲ့ပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ၊ ဒုတိယအစည်းအဝေးမှာ ခွဲမ ထွက်ရေး ဆိုတဲ့အချက်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေ ရေးဆွဲရေးစတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သဘောတူညီချက်တွေ ရရှိထားပြီးမှ ချန်လှပ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့၊ ခွဲထွက်စရာ မလိုတဲ့ ပြည်ထောင်စုကြီး ဖြစ်လာအောင် အားလုံးလက်တွဲ ပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ ကလည်း အင်မတန် အရေးကြီးတယ်ဆိုတာကို ပြောချင်ပါတယ်။ စိုးရိမ်မှုတွေ ဖြစ်တည် လာစေခဲ့တဲ့ သမိုင်းကြောင်း အဖြစ်အပျက်တွေကို ကျွန်မတို့ အသိအမှတ်ပြုဖို့ လိုပါတယ်။ ဒါပေမယ့် ဒီအတိတ်သမိုင်းကနေ ရုန်းထပြီး အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီကို ဆက်လက် ဦးတည်လျှောက်လှမ်းကြဖို့ အရေးကြီးပါတယ်။ စိုးရိမ်မှုကိုယ်စီ ရှိနေတဲ့ သမိုင်း နှစ်ဖက်ကို ဟန်ချက်ညီမျှအောင် ကျွန်မတို့ ကြိုးစားရာမှာ လက်ရှိ နှစ်ဆယ့်တစ်ရာစု အခြေအနေကို လက်တွေ့ကျကျ ရှုမြင်ကြဖို့၊ အနာဂတ်ကို မျက်နှာမူကြဖို့၊ နိုင်ငံတကာ ပထဝီ နိုင်ငံရေးအပြင် ပြည်နယ်အလိုက် ပထဝီနိုင်ငံရေးကို ထည့်သွင်းစဉ်းစားကြဖို့ အရေးကြီး ပါတယ်။ ဒီမိုကရေစီ သဘောတရားအရ နိုင်ငံတော် အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဟာ ကျွန်မတို့ ပြည်သူတွေ ဖြစ်တာနဲ့အညီ ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခွင့်အရေးတွေကို လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးကြရမှာက ကျွန်မတို့ရဲ့ တိုင်းရင်းသားပြည်သူတွေ ဖြစ်တယ် ဆိုတာကိုလည်း သတိပြုကြဖို့ လိုပါတယ်။

ဒုတိယအချက်အနေနဲ့ ကျွန်မတို့အားလုံး လိုချင်နေတဲ့ ပြည်ထောင်စုကို ပုံဖော် နိုင်ဖို့ နိုင်ငံရေးသဘောတူညီချက်တွေကို ဘယ်လိုရယူကြမလဲ ဆိုတာပါပဲ။ အားလုံး မှာတော့ စိတ်ကူးထဲက စံပြုပြည်ထောင်စုနိုင်ငံတော် ပုံစံမျိုးတွေ ရှိနေတတ်ကြပါ တယ်။ ဘက်ပေါင်းစုံ ပြီးပြည့်စုံတဲ့၊ စနစ်ကောင်း၊ မူဝါဒကောင်းတွေ ပေါင်းစုထားတဲ့ စိတ်ကူးစံ ထဲက ဖက်ဒရယ်ပြည်ထောင်စုပုံစံတွေ အစုအဖွဲ့အားလုံးက စဉ်းစားထားကြမှာပါ။ ကျွန်မ တို့ ဖက်ဒရယ်အိပ်မက်ကို ဘယ်လို အကောင်အထည်ဖော်ကြမှာလဲဆိုတာကို လက်တွေ့ ကျကျ စဉ်းစားဖို့လိုပါတယ်။ စိတ်ကူးစံပြု ဖက်ဒရယ်အိပ်မက်က တစ်ဘက်မှာ ရှိနေပြီး ဒီကနေ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရှိတရားကလည်း တစ်ဘက်မှာ ရှိနေပါ တယ်။ ဒီနှစ်ခုအကြားမှာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းခံတွေကို တစ်ခုချင်း ဆွေးနွေးညှိနှိုင်းပြီး တစ်ဆင့်ချင်း ရှေ့ဆက်လျှောက်နိုင်မယ်ဆိုရင် ဖြစ်နိုင်ချေ လည်းရှိ၊ လက်တွေ့လည်းကျ၊ အကောင် အထည်ဖော် ကျင့်သုံးဖို့လည်း အဆင်ပြေနိုင်မယ့် အခြေအနေတစ်ရပ်ကို ကျွန်မတို့ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့အားလုံးရဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုခရီးမှာ တိုးတက်မှု မှတ်တိုင်တွေ တစ်ခုပြီး တစ်ခု စိုက်ထူနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့ ပြောပြောနေတဲ့ ဖြစ်နိုင်ချေ၊ လက်တွေ့ကျမှုနဲ့ တစ်ဆင့်ပြီး တစ်ဆင့် ရှေ့ဆက်နိုင်ရေးပဲ ဖြစ်ပါတယ်။

တတိယအချက်ကတော့ ကျွန်မတို့ကိုယ်စားပြုတဲ့ တိုင်ရင်းသားပြည်သူတွေ၊ ကျွန်မ တို့ မျက်နှာမူရတဲ့ လူထုတွေ၊ ကျွန်မတို့ တာဝန်ခံရမယ့် အောက်ခြေပြည်သူတွေ အတွက် ကျွန်မတို့အားလုံး တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ တာဝန်သိမှု ရှိကြဖို့၊ တစ်နည်း ပြောရရင် ကျွန်မတို့အားလုံး သတ္တိရှိကြဖို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံ မူတွေနဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေ၊ သဘောတူညီချက်တွေကို ဒီကနေ့လို အဆုံး အဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ တက်ရောက်လာတဲ့ အစည်းအဝေးမှာ သဘောတူညီ ချက်တွေ ချမှတ်နိုင်ဖို့ ကျွန်မတို့အားလုံး မိမိကိုယ်ကို ယုံကြည်မှုရှိဖို့၊ ကျွန်မတို့ လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ ယုံကြည်မှုရှိဖို့၊ ကျွန်မတို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာမယ့်ရလဒ်တွေဟာ လက်တွေ့ကျကျ ဖော်ဆောင်နိုင်မယ် ဆိုတာကို ယုံကြည်မှု ရှိဖို့ အထူးပဲ အရေးကြီးပါ တယ်။ ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့ ခေါင်းဆောင်တွေကိုယ်တိုင် တက်ရောက်လာကြတဲ့ ဒီကနေ့လို အစည်း အဝေးမျိုးမှာမှ သတ္တိရှိရှိနဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း မရှိဘူး ဆိုရင် ကျွန်မတို့ရဲ့ ပြည်သူတွေအပေါ် တာဝန်မကျေပွန်ရာ ရောက်သွားစေနိုင်တယ် ဆိုတာကိုလည်း သတိပြု ကြဖို့ လိုပါတယ်။ စစ်မြေပြင်မှာ အသက်စွန့်ပြီး တိုက်ခိုက် ကြနိုင်ဖို့ သတ္တိ လိုသလို ကျွန်မတို့ နိုင်ငံအတွက် အရေးကြီးလှတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ စိတ်ရင်းစေတနာမှန် နဲ့ ဆုံးဖြတ်နိုင်ဖို့လည်း “သတ္တိ” လိုအပ်ပါတယ်။

ကျွန်မတို့ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းဟာ မှန်ကန်တယ် ဆိုတာကိုလည်း (၂၁)ရာစုပင်လုံညီလာခံ အစည်းအဝေးတွေက ထွက်ပေါ်လာခဲ့တဲ့ ပြည်ထောင်စု သဘော တူစာချုပ်ရဲ့ အစိတ်အပိုင်းတွေက သက်သေပြသနေပြီ ဖြစ်ပါတယ်။ ကျွန်မတို့ လျှောက်ရာ လမ်းကနေ သွေဖီမသွားဘူး၊ နောက်ပြန်မလှည့်ဘဲ ရှေ့ဆက်သွားမယ် ဆိုတာကိုလည်း ဒီကနေ့ ခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ အစည်းအဝေးက သက်သေပြနေပါတယ်။ ကျွန်မတို့အားလုံး အတူတစ်ကွ လက်တွဲပူးပေါင်းပြီးတော့ ရှိနေတဲ့ အခက်အခဲတွေ၊ သဘော တူညီမှု မရနိုင်သေးလို့ ညှိနှိုင်းနေရဆဲ ဖြစ်တဲ့ ကိစ္စရပ်တွေကို အရှိကိုအရှိအတိုင်း လက်ခံကြဖို့၊ ဒီအခက်အခဲတွေကို ဘယ်ပုံ ဘယ်နည်း ကျော်လွှားနိုင်ကြမလဲဆိုတာ ဝိုင်းဝန်း ဆွေးနွေး ညှိနှိုင်း ကြဖို့၊ ဒီလို ဆွေးနွေး ညှိနှိုင်းကြရာမှာ ကျွန်မတို့ အားလုံးရဲ့ နှလုံးသားတင်မက ဦးနှောက်ကိုပါ ဖွင့်ထားကြဖို့ အရေးကြီးပါတယ်။ ကျွန်မတို့ တာဝန်ခံကြရတဲ့၊ ကျွန်မတို့မျက်နှာမူကြရမယ့် ကျွန်မတို့ရဲ့ ပြည်သူတွေကို မျက်မှောက်ပြုပြီး ကျွန်မတို့အားလုံး သတ္တိရှိကြဖို့ အလေးအနက် ထား တိုက်တွန်းပြောကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ဒီကနေ့ အစည်းအဝေးကို တက်ရောက်လာကြတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေက ခေါင်းဆောင်တွေအားလုံးကို ကျေးဇူးအထူးပဲတင်ရှိပါတယ်။ ဒီကနေ့ စားပွဲဝိုင်း မှာ မပါနိုင်သေးတဲ့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်း ဆောင်တွေကိုလည်း အထူးပဲသတိရနေမိပါတယ်။ သူတို့သာပါဝင်လာရင် ဘယ်လောက် ကောင်း လိမ့်မလဲ ဆိုတဲ့အတွေးက ကျွန်မသာမက ၊ ကျွန်မတို့ရဲ့ ပြည်သူတွေကလည်း ခံစားနေမိကြ မှာပါပဲ။ တစ်ကယ်တမ်းကျတော့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပေါ်လာစေခဲ့တဲ့ ဇစ်မြစ် အကြောင်းတရားတွေကို နိုင်ငံရေးစားပွဲဝိုင်းမှာ ညှိနှိုင်းဆွေးနွေး ဖြေရှင်းနိုင်မယ်ဆိုရင် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းသွားဖို့က မခက်ခဲလှပါဘူး။

တွေ့ဆုံဆွေးနွေးမှုတွေဟာ ရင်းနှီးမှု၊ နားလည်မှုနဲ့ ယုံကြည်မှုတွေကို ဖြစ်ပေါ်စေပြီး ဘုံအကျိုးစီးပွားနဲ့ ဘုံမျှော်လင့်ချက် တွေကို ခိုင်မာအားကောင်းလာစေနိုင်ပါတယ်။ ဒီကနေ့ မပါဝင်နိုင်သေးတဲ့အဖွဲ့တွေ ပါဝင်နိုင် အောင် ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တပ်မတော်ခေါင်းဆောင်တွေက ကြိုးပမ်းနေ ကြပါတယ်။ အတိတ်ကဖြစ်စဉ် ဖြစ်ရပ်တွေကို သင်ခန်းစာအဖြစ် ထားရှိပြီး ရှေ့ကိုဆက်ပြီး ကျွန်မတို့ စားပွဲဝိုင်းတွေဆီ အမြန်ဆုံး ရောက်ရှိလာနိုင်အောင် ကြိုးပမ်းပေးကြဖို့၊ ကျွန်မ တို့ပြည်သူတွေ တွေ့ချင်၊ မြင်ချင်လှတဲ့ မျက်နှာစုံညီ ဆွေးနွေးပွဲကို အရောက်လှမ်းနိုင်အောင် ကြိုးစားပေးကြဖို့ မပါဝင်နိုင်သေးတဲ့အဖွဲ့တွေကို ဒီနေရာကနေ တိုက်တွန်းပြောကြားလိုပါ တယ်။

ကျွန်မတို့ ရပ်မနေဘူး၊ ရှေ့ကိုဆက်ပြီး လျှောက်လှမ်းနေတယ် ဆိုတာကို သက်သေပြ နိုင်ဖို့၊ ဒီကနေ့ သီးသန့်အစည်းအဝေးကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်ဖို့ ခေါင်းဆောင် များ အားလုံးက သတ္တိရှိရှိ၊ သန္နိဌာန်ခိုင်ခိုင်မာမာနဲ့ ကြိုးပမ်းပေးကြပါ၊ ဒီလို ကြိုးပမ်းကြရာမှာ လည်း မိမိတို့ရဲ့ စိုးရိမ်မှုတွေ ပူပန်မှုတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ဝေမျှပြီး ဒီစိုးရိမ်မှုတွေ ပြေပျောက်အောင် အားလုံးက ဝိုင်းဝန်းစဉ်းစား အဖြေရှာပေးကြ ပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

 

Related Articles