နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များသီးသန့်အစည်းအဝေး၏ သဘောတူထုတ်ပြန်ကြေညာချက်

နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များသီးသန့်အစည်းအဝေး၏ သဘောတူထုတ်ပြန်ကြေညာချက်

Wed, 10/17/2018 - 10:07
0 comments

နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များသီးသန့်အစည်းအဝေး၏ သဘောတူထုတ်ပြန်ကြေညာချက်

(၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ၊ ၁၆ ရက်၊ နေပြည်တော်)

 

၁။ နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးကိုနေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ၁၅ ရက်နေ့မှ၁၆ရက်နေ့ အထိအောက်ပါ ရည်ရွယ်ချက်များဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်-

 

(က) ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အားစတင် လက်မှတ်ရေးထိုးသည်မှာ (၃)နှစ် ပြည့်မြောက်မည်ဖြစ်သဖြင့် အဆိုပါ (၃)နှစ်ပြည့်အခါသမယတွင် ပုံမှန်ကျင်းပနေသည့်အခမ်းအနားမျိုးမပြုလုပ်ဘဲငြိမ်းချမ်းရေးအတွက် အနှစ်သာရအကျိုးရလဒ် ရရှိထွက် ပေါ်နိုင်မည့် ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးရန်၊

 

(ခ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်အား အကောင်အထည် ဖော်ရာတွင် ညှိနှိုင်းဆွေးနွေး၍ သဘောတူညီချက် မရသေးသည့်အချက်များကိုခေါင်းဆောင်များ၏ နိုင်ငံရေး သဘောတူညီချက် များဖြင့် ဖြေရှင်းရန်၊

 

(ဂ) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) အကောင်အထည် ဖော်မှုအဖြစ် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးသည့် အခြေခံမူများ ချမှတ်နိုင်ရန်။

 

၂။ နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင် အောက်ပါတို့ကိုသဘောတူ ညီခဲ့ကြပါသည်-

 

(က) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ တတိယအစည်းအဝေး၏ ထုတ်ပြန် ကြေညာချက်ပါ၂၀၂၀ ပြည့်နှစ်မတိုင်မီ၊ ကျင်းပရန်မျှော်မှန်းထားသည့် ညီလာခံ(၃)ကြိမ်တွင် အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့်အချိန်ဇယားနှင့်ဦးစားပေးလုပ်ငန်းစဉ်များ၊

(ခ) နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိရန် လိုအပ်နေသည့်ကိစ္စရပ်များအား ဖြေရှင်းကျော်လွှားနိုင်ရေး၊

 

(ဂ) လက်ရှိနိုင်ငံရေးဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်း လွယ်ကူအောင် ဆောင်ရွက်ရေး၊

 

(ဃ) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေါင်းဆောင်များအကြား သဘော တူညီချက်များရယူပြီးယင်းသဘောတူညီချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရေး၊

 

(င) NCA အခန်း(၅)၊ နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်းအပိုဒ် ၂၀ (ဂ) ပါ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကိုညှိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်ရေး၊

 

(စ) NCAလက်မှတ်မထိုးရသေးသည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရေး၊

 

(ဆ) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပိုမိုခိုင်မာအောင် ဆောင်ရွက်ရာတွင် NCA ပါ သဘော တူညီချက်များအတိုင်း ဆက်လက်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရေး။

 

၃။ ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီးပင်လုံစိတ်ဓါတ်နှင့် အညီဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များအပြည့် အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေး နွေးပွဲရလဒ်များနှင့် အညီတည်ဆောက်သွားရန် သန္နိဋ္ဌာန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

 

Related Articles