နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်း အလုပ်အဖွဲ့ အစည်းအဝေးကျင်းပ

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်း အလုပ်အဖွဲ့ အစည်းအဝေးကျင်းပ

Fri, 11/02/2018 - 10:05
Posted in:
0 comments

ရန်ကုန် နိုဝင်ဘာ ၁

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပသည်။

ယနေ့ ကျင်းပသည့် အစည်းအဝေးသို့ အစိုးရနှင့်တပ်မတော် အစုအဖွဲ့၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့နှင့် နိုင်ငံရေး ပါတီအစုအဖွဲ့များ တက်ရောက် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် အစိုးရ၊ တပ်မတော်ကိုယ်စား ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး၊ NCA  လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့မှ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းနှင့် နိုင်ငံရေးပါတီအစုအဖွဲ့များ ကိုယ်စား ဦးမြင့်စိုးတို့က အဖွင့်အမှာစကားပြောကြားသည်။

ဦးအောင်စိုးက “နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးအစီအစဉ်မှာ ပါတဲ့အတိုင်း နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို ဘယ်လိုညှိနှိုင်း ပြင်ဆင်ကြမလဲ။ ဘယ်လို အကောင်းဆုံး လုပ်ရင် ပိုအောင်မြင်နိုင်မလဲဆိုတာကို  ဆက်လက် ဆွေးနွေးပေးစေလိုပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)မှာပါတဲ့ လုပ်ငန်းလမ်းညွှန်၊ အတွင်းရေးမှူးများရဲ့ လုပ်ငန်းလမ်းညွှန်၊ ကဏ္ဍအလိုက်လုပ်ငန်းကော်မတီများရဲ့ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများရဲ့ လုပ်ငန်းလမ်းညွှန်တွေကို ဘယ်လိုကျင်းပကြမလဲဆိုတာကို ကျွန်တော်တို့ အစုအဖွဲ့ သုံးခုစလုံးက လာမယ့် စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ အကောင်းဆုံးလမ်းညွှန်မှုလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ကိုယ်စား ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက “ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ၊ ၁၆ ရက်မှာ အစိုးရနဲ့ NCA-S EAO ခေါင်းဆောင်များ သီးသန့်ထိပ်သီး အစည်းအဝေးရဲ့ ဆုံးဖြတ်ချက် နံပါတ် ၂ မှာ ဘယ်လိုပါလဲဆိုတော့ လက်ရှိနိုင်ငံရေး ဆွေးနွေးမှုပုံစံကို ပိုမို ရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ရန် သဘောတူသည်ဆိုတာ ပါပါတယ်။ ဒီအချက်တွေအပေါ်မှာ အခြေခံပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဒီနေ့ဆွေးနွေးပွဲကို ပြောရရင်တော့ ပေါ်လစီ အစည်းအဝေး မဟုတ်ဘဲနဲ့ နည်းပညာပိုင်းဆိုင်ရာအစည်းအဝေးလို့ ကျွန်တော်တို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ မူဘောင်မှာသော်လည်းကောင်း၊ လုပ်ငန်းလမ်းညွှန်တွေမှာသော်လည်းကောင်း ကျွန်တော်တို့ စုစည်းထားတဲ့ သဘောတူချက်များ၊ သဘောထားများ အားလုံးကို အဆုံးအဖြတ်ပေးမှာက UPDJC အစည်းအဝေးဖြစ်ပါတယ်။ UPDJC က တကယ်လို့ အဆုံးအဖြတ်မပေးနိုင်ဘူးဆိုရင်တော့ NCA စာချုပ်မှာပါတဲ့အတိုင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး( JICM ) က ဆက်လက်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီအတိုင်း ကျွန်တော်တို့ ဆောင်ရွက်ဖို့ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် (EAOs) ဘက်က ပြင်ဆင်ထားပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာ အားလုံးသိတဲ့အတိုင်း NCA  လက်မှတ်မထိုးတဲ့အဖွဲ့ တွေ ပါဝင်လာဖို့လည်း အားလုံးက လိုလားကြပါတယ်။ အခုအချိန်မှာလည်း အစိုးရ၊ တပ်မတော်က သူတို့တွေ ပါဝင်လာဖို့ ဆွေးနွေးမှုတွေလုပ်နေပါတယ်။ လက်မှတ်မထိုးတဲ့အဖွဲ့တွေ ပါဝင်လာနိုင်ရေး၊ မူဘောင်ဆွေးနွေးပွဲမှာ သူတို့ပါဝင်လာနိုင်ရေး အတွက် ဘက်ပေါင်းစုံကနေ စဉ်းစားပြီး လမ်းဖွင့်ပေးထား ဖို့လိုတယ်ဆိုတာကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကိုယ်စား အလေးအနက် မေတ္တာရပ်ခံချင်ပါတယ်။ မူဘောင်ရဲ့အလုပ်က သုံးခုပါပဲ။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ပြုလွယ် ပြင်လွယ်ဖြစ်အောင် ကျွန်တော်တို့ လုပ်မယ်” ဟု ပြောသည်။

ဦးမြင့်စိုးက “ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နေတဲ့ အခါမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ နိုင်ငံရေး ပါတီ အစုအဖွဲ့တွေ အားကြိုးမာန်တက် တစ်တပ်တစ်အားနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံရေးပါတီအစုအဖွဲ့အနေနဲ့ ကျွန်တော်တို့ နိုင်ငံရေး ဆွေးနွေးမှုတွေကို ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့က အင်အားဖြည့်ပြီးတော့ ဆောင်ရွက်တာ ဖြစ်တယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးဆွေးနွေးမှု ဆောင်ရွက်တဲ့အပိုင်းတွေရဲ့ ဆုံးဖြတ်ချက်ချမှုအပိုင်းတေ မှာဆိုရင် အခုနိုင်ငံရေး ဆွေးနွေးမှုမူဘောင်ရေးဆွဲတဲ့အခါမှာ တချို့နေရာတွေက အားနည်းချက်တွေ အများကြီး ရှိပါတယ်။ ဒါတွေကိုလည်း ပြန်လည်သုံးသပ်ဖို့ လိုပါတယ်” ဟု ပြောသည်။

နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်း လမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ၏ လုပ်ငန်းလမ်းညွှန်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးများ (UPDJC-S) ၏ လုပ်ငန်းလမ်းညွှန်၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ် ကော်မတီ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်နှင့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။

ယခုကျင်းပသည့် အစည်းအဝေးနှင့် ပတ်သက်၍ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက “၂၀၁၈ ဇူလိုင် ဒုတိယပတ်မှာ UPDJC အစည်းအဝေး ဆုံးဖြတ်ချက်ရှိတယ်။ ဆုံးဖြတ်ချက် နံပါတ်ခြောက်ပေါ့။ အဲ့ဒါက Framework ကို ပြန်လည်ပြီး Review လုပ် ရေးဆွဲခြင်း ဖြစ်ပါတယ်။ နောက် အောက်တိုဘာ ၁၅၊ ၁၆ ထိပ်သီး အစည်းအဝေးအပြီးမှာ ခေါင်းဆောင်တွေရဲ့ လမ်းညွှန်ချက်တွေရှိတယ်။ ဒါကို အခြေခံပြီး ကျွန်တော်တို့ စဆွေးနွေးတာပါ။ ဒီနေ့ကတော့ အရင်ပြီးခဲ့တဲ့ ကိစ္စရပ်တွေကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်။ နေ့လယ်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးမှု မူဘောင် (Framework) ကို စဆွေးနွေးတယ်။ နောက်တစ်ရက်မှာ ဒါကို ဆက်ဆွေးနွေးပါမယ်။ ဒီအစည်းအဝေးမှာ ကျွန်တော်တို့ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီအများစုရဲ့ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်သုံးသပ်ချက် (review) သဘောထား စုစည်းချက်ရှိမယ်။ ဒါကို ဆုံးဖြတ်နိုင်တဲ့UPDJC အစည်းအဝေး တင်ပြသွားမယ်” ဟု ပြောသည်။

Related Articles