ထိုင်းနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်

ထိုင်းနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်

Mon, 11/19/2018 - 11:04
Posted in:
0 comments

ချင်းမိုင် နိုဝင်ဘာ ၁၈

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေမှုများကို အဖြေရှာရန်အတွက် ငြိမ်းချမ်းရေးကော်မရှင် (PC) အတွင်းရေးမှူးဦးခင်ဇော်ဦး ဦးဆောင်သည့်အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)တို့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး NCA စာချုပ် လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)တို့နှင့်လည်းအလွတ်သဘောတွေ့ဆုံခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးနှင့်အဖွဲ့သည်နိုဝင်ဘာ ၁၆ ရက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးယွက်ဆစ်ခေါင်းဆောင်သည့်ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး ဦးဆောင်သည့် ကိုယ်စားလှယ် များ နှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ ညနေပိုင်းတွင် ကချင်လွတ်လပ်ရေး အဖွဲ့(KIO)နှင့်လည်းကောင်း အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရသည်။

တရားဝင်တွေ့ဆုံဆွေးနွေးမှုတွေ ပြန်စနိုင်ဖို့သုံးရက်တာအလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက “သုံးရက်တာအလွတ်သဘောတွေ့ဆုံဆွေးနွေးမှုက ကျွန်တော်တို့ ညီလာခံပြီးတဲ့ နောက်ပိုင်းမှာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့က တရားဝင်ဆွေးနွေးမှုတွေ ခေတ္တ ဆိုင်းငံ့ထားမယ်ဆိုတာကြောင့် အလွတ်သဘောလာ ရောက်တွေ့ဆုံဆွေးနွေးတာပါ။ တရားဝင်တွေ့ဆုံဆွေးနွေးမှုတွေပြန်စနိုင်ဖို့ပေါ့။ ကျွန်တော်တို့ RCSS ရော၊ KNU ရောနှစ်ဖွဲ့စလုံးနဲ့ တွေ့ပါတယ်။ တွေ့တဲ့အချိန်မှာ သူတို့စိုးရိမ်မှုတွေအပေါ် ကျွန်တော်တို့ဘက်ကရှင်းပြတယ်။ ဒီအတွက်သူတို့ဘက်ကလည်း ထိုက်သင့်တဲ့နားလည်မှုရှိတယ်။ နောက် NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ KNPP၊ KIO အဖွဲ့တွေနဲ့လည်းတွေ့တယ်။ KNPP နဲ့က ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ အောက်ခြေမှာ ရှိနေသူအချို့ ဆောင်ရွက်ချက်ကြောင့် လိုအပ်မှုရှိတာတွေဆွေးနွေးဖြစ်တယ်။ NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညိှိနှိုင်းစရာအချက် မကျန်တော့ဘူး။ လက်မှတ်ရေးထိုးဖို့စဉ်းစားဆုံးဖြတ်ဖို့ ကျန်နေတာပဲ ရှိနေတဲ့အချိန်မှာ ကျွန်တော်တို့ကိုယ်စားလှယ်အဖွဲ့ရဲ့ ရှင်းပြမှုကြောင့် NCA စာချုပ်ကို မြန်မြန်လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ KIO ကတော့ ဆွေးနွေးတဲ့ပုံစံထက် သူတို့ဘက်ကရှိတဲ့ သဘောထားကို လာရှင်းပြတဲ့သဘောပါ” ဟုပြောသည်။

အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် အစိုးရကိုယ်စားလှယ်များအဖြစ် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင် ဦးအောင်စိုး၊နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ နည်းပညာအထောက်အကူပြုအဖြစ် ဦးကျော်လင်းဦးတို့ ပါဝင်သည်။

KNU နှင့် တွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်၍ဦးဇော်ဌေးက “နှစ်ဖက်စလုံးရဲ့ သဘောထားတွေကအခုသွားနေတဲ့ NCAလမ်းကြောင်းကနေ မသွေဖည်ဘူးဆိုတာ နှစ်ဖက်စလုံးရဲ့ သဘောထားကခိုင်ခိုင်မာမာရှိတယ်။ ဒီလမ်းကြောင်းမှာ ဖြစ်နေတဲ့ အခက်အခဲတွေ ဆွေးနွေးတယ်။ (၁) NCAကိုတန်ဖိုးထားတယ်။ အလေးထားတယ်။ နှစ်ဦး နှစ်ဖက်စလုံး ဒါကိုမပျောက်ပျက်စေချင်ဘူး။ (၂)သူ့ဘက်ကိုယ့်ဘက် သက်ဆိုင်ရာခေါင်းဆောင်တွေကို ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုအခြေအနေကို ပြန်တင်ပြပြီးရင် အမြန်ဆုံးပြန်တွေ့ ပါမယ်။ (၃) ခဏရပ်ဆိုင်းသွားတဲ့ အနေအထားကနေ ပုံမှန်အတိုင်းဖြစ်ဖို့ အမြန်ဆုံး ကြိုးစားမယ်။ နှစ်လသုံးလ အတွင်းလည်း ဖြစ်သွားနိုင်တယ်။ ဒီထက်မြန်အောင်လည်း ကြိုးပမ်းသွားမယ်”ဟု ပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် RCSS နှင့်အလွတ်သဘောဆွေးနွေးရာတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)ကိစ္စရပ်များကိုဆွေးနွေးခဲ့ကာ KNUနှင့် တရားဝင်အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။

KNUအထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက “KNU အနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာသွားမယ်လို့ တောက်လျှောက်ပြောထားတယ်။ NCA ကနေဖြစ်လာတဲ့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်း ဆိုတာ နိုင်ငံရေးဆွေးနွေးမှုတွေ စနိုင်ဖို့ ပထမဆုံးခြေလှမ်းလို့ မြင်တယ်။ အကျေအလည် ညှိနှိုင်းဆွေးနွေးခြင်းနဲ့ မကျေလည်မှုတွေ၊ မတူညီမှုတွေကို အင်အားသုံးဖြေရှင်းခြင်း မပြုရဆိုတဲ့ အရာမျိုးတွေကလည်း ပါနေတဲ့အတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရှေးရှုနေပါတယ်။

ကျွန်တော်တို့ ပြည်သူလူထုကို ပြောချင်တာကတော့ ကျွန်တော်တို့လက်မှတ်ထိုးထားတဲ့ NCA လမ်းကြောင်း သည် အသင့်တော်ဆုံး လမ်းကြောင်းတစ်ခုဖြစ်ပြီးတော့ ဒီအခြေခံကနေ တစိုက်မတ်မတ်ဆက်သွားမယ်။ ဆက်သွား တဲ့နေရာမှာ NCA လမ်းကြောင်းသည် မှန်ကန်ပြီး တရားမျှတတဲ့လမ်းကြောင်းဖြစ်အောင် ဆက်ပြီးကြိုးစား သွားမယ်”ဟု ပြောသည်။

အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဆင့်အလိုက် အကောင်အထည်ဖော်ရန်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးများ ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး KNU နှင့် တရားဝင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် အလွတ်သဘောတွေ့ဆုံမှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။

 

Related Articles