အခုတွေ့ဆုံမှုက မျှော်လင့်တာထက် ယုံကြည်မှုကို ပိုပြီးတည်ဆောက်နိုင်တယ်

အခုတွေ့ဆုံမှုက မျှော်လင့်တာထက် ယုံကြည်မှုကို ပိုပြီးတည်ဆောက်နိုင်တယ်

Tue, 01/15/2019 - 10:14
Posted in:
0 comments

ချင်းမိုင် ဇန်နဝါရီ ၁၄

ရပ်တန့်နေသည့် တရားဝင်ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင် (PC) အတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်သည့် အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး(KNU) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့နှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး NCA  စာချုပ်လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် ကရင်နီအမျိုးသား တိုးတက်ရေး (KNPP)နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးကော်မရှင် (PC) အတွင်းရေးမှူးနှင့် အဖွဲ့သည် ဇန်နဝါရီ ၁၃ ရက်က ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့်လည်းကောင်း၊ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) နှင့် မွန်းလွဲပိုင်းတွင် ကရင်နီအမျိုးသားတိုးတက်ရေး (KNPP) နှင့် လည်းကောင်းတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

KNU ၊ RCSS ၊ KNPP တို့နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရာတွင် အစိုးရ ကိုယ်စားလှယ်များအဖြစ် ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင်ဦးအောင်စိုး၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ၊ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ နည်းပညာအထောက် အကူပြုအဖြစ် ဦးကျော်လင်းဦးတို့ ပါဝင်ကြသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်ရက်တာ တွေ့ဆုံဆွေးနွေးမှုများကို သိရှိနိုင်ရန်အတွက်ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ ရောက်ရှိနေသည့်ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်ဦးလှမောင်ရွှေအား ဆက်သွယ်မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မေး ။ ။ အခုNCA လက်မှတ်ရေးထိုးထားတဲ့KNU, RCSS အပါအဝင် လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ KNPP တို့နဲ့နှစ်ရက်တာ တွေ့ဆုံဆွေးနွေးမှု အခြေအနေကိုပြောပြပေးပါခင်ဗျာ။

ဖြေ ။ ။ ကျွန်တော်တို့ ဇန်နဝါရီလ ၁၂ ရက်နေ့က ချင်းမိုင်ကိုရောက်တယ်။ ၁၃ ရက်နေ့မှာ KNU ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးတယ်။ ၁၄ ရက်နေ့မှာတော့ RCSS, KNPP တို့နဲ့ ဆွေးနွေးတယ်။ အလွတ်သဘောပါ။ အဓိကကတော့ NCA ရေးထိုးပြီးသားဖြစ်တဲ့ KNU နဲ့ RCSS တို့က တရားဝင်ဆွေးနွေးပွဲတွေကို ခဏရပ်ဆိုင်းထားတာရှိတော့ တရားဝင်ဆွေးနွေးပွဲတွေမှာ အမြန်ဆုံးပါဝင်လာနိုင်ဖို့အတွက် လိုအပ်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လာလုပ်တာဖြစ်ပါတယ်။ နိုဝင်ဘာလတုန်းကလည်း ကျွန်တော်တို့ချင်းမိုင်ကိုလာခဲ့သေးတယ်။ အရင်တစ်ခေါက်ထက်အခုတစ်ခေါက်က KNU နဲ့ရော RCSS နဲ့ပါနှစ်ဖက်စလုံးမှာ ပိုပြီးတိုးတက်မှုရှိတယ်။ သူတို့ရဲ့ဆွေးနွေးချက်တွေကိုလည်း ကျွန်တော်တို့ကပြန်လည်ရှင်းပြနိုင်သလို အချို့ဟာတွေကိုလည်းဆက်ဆွေးနွေးသွားဖို့ ရှိပါတယ်။ နောက် RCSS ကိုလည်း ဒီလမကုန်ခင် နေပြည်တော်မှာ အစည်းအဝေးတစ်ခုလုပ်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ‘ဒါကို RCSS က လက်ခံတယ်။ အစည်းအဝေး ကျင်းပမယ့် ရက်ကို RCSS ကို ပြန်လည် အကြောင်းပြန်ပါမယ်။ KNU ကိုလည်း တရားဝင် ဆွေးနွေးနွေးပွဲတွေမှာ အမြန်ဆုံးပါဝင် လာနိုင်ဖို့နဲ့ စတင်ညှိနှိုင်းဖို့လိုတယ်ဆိုတာပြောပြီး ဒီလမကုန်ခင်မှာပဲ ရန်ကုန်မှာ တွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါကိုလည်း မူအနေနဲ့ လက်ခံပြီး ရက်ကိုတော့ ပြန်လည်ညှိရမယ် ပြောပါတယ်။ ‘ဒါကြောင့် နှစ်ဖွဲ့စလုံးက တိုးတက်မှုတွေရှိတယ်။

မေး ။ ။ နိုဝင်ဘာလတုန်းက KNU နဲ့ အလွတ်သဘောဆွေးနွေးမှုမှာ နိုဝင်ဘာလကုန် သို့မဟုတ် ဒီဇင်ဘာလထဲ တွေ့ဖို့ရှိတယ်လို့ ပြောခဲ့တာရော တွေ့ဆုံခဲ့သေးလား။

ဖြေ ။ ။ အဲဒီတုန်းက ကျွန်တော်တို့ရော KNU ရော နှစ်ဖက်လုံး အလုပ်များနေတော့ KNU ဘက်က ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဆရာတူးတူးလေးနဲ့ ‘ ဒီဇင်ဘာမှာ အလွတ်သဘော လာရောက်တွေ့ဆုံခဲ့ တာရှိပါတယ်။ အခုတွေ့ဆုံမှုကတော့ မျှော်လင့်တာထက် ယုံကြည်မှုကို ပိုပြီးတည်ဆောက်နိုင်တယ်။ ပိုပြီးတော့ဆွေးနွေးနိုင်ခဲ့တယ်။ အဲဒီအတွက် ဝမ်းသာပါတယ်။

မေး ။ ။ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ KNPP နဲ့ အလွတ်သဘော တွေ့ဆုံမှုကရော ဘယ်လိုအခြေအနေမျိုးရှိပါလဲ။

ဖြေ ။ ။ KNPP နဲ့က ၂၀၁၂ မတ်လမှာပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တယ်။ နောက် ပြည်ထောင်စုအဆင့် သဘောတူညီဖို့လည်း ရှိပါတယ်။ အဲဒီနောက်ပိုင်းပဋိပက္ခကြီးကြီးမားမား မရှိပေမယ့် ထိတွေ့မှုအနည်းအကျဉ်း ဖြစ်ခဲ့တာရှိတယ်။ ‘ဒါကြောင့် KNPP နဲ့ ကျွန်တော်တို့ကြားမှာ NCA လက်မှတ်ရေးထိုးဖို့ အခက်အခဲမရှိဘူး။ ဘာအခက်အခဲရှိသလဲဆိုတော့ KNPP အဖွဲ့ လက်မှတ်ရေး ထိုးနိုင်ရေး အတွက် ဒေသန္တရဆိုင်ရာ အခက်အခဲနဲ့ ကျွန်တော်တို့ဘက်က ဝိုင်းဝန်းကူညီဖြေရှင်းရမယ့် အချက်အချို့ ရှိတယ်။ KNPP သည် NCA ထိုးဖို့ ရည်ရွယ်ပြီးသား ဖြစ်တယ်လို့ပြောတယ်။ အခုလည်း ထပ်ပြောပါတယ်။ လက်မှတ်ထိုးဖို့ပဲ ကျန်တယ်။ ကျန်တဲ့ အချက်တွေကိုတော့ သဘောတူညှိနှိုင်းဖို့ပဲ ရှိတယ်။ ဒါကြောင့် ဒီတစ်ခေါက် အလွတ်သဘောတွေ့ဆုံမှုက အောင်မြင်တယ်လို့ သတ်မှတ်ပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့အနေနဲ့ ဒီနှစ်ထဲမှာ ညီလာခံကို အနည်းဆုံး နှစ်ကြိမ် ကျင်းပနိုင်ဖို့စီစဉ်နေတာကို ကျွန်တော်တို့ရဲ့ အထူးအစည်းဝေးမှာ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် အပေါင်းလက္ခဏာဆောင်နိုင်အောင် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေကို ဒီလမကုန်ခင်မှာ ကြိုတင်ပြင်ဆင်ညှိနှိုင်းမယ့် အစည်းအဝေးတွေခေါ်ဖို့ စီစဉ်နေတာ ရှိပါတယ်။ အဲဒါအတွက်လည်း လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ ညှိနှိုင်းရပါမယ်။

မေး ။ ။ KNU နဲ့ RCSS တို့က တရားဝင် ဆွေးနွေးပွဲတွေမှာပါဝင်ဖို့ ခေတ္တဆိုင်းငံ့ထားခဲ့တဲ့ အခက်အခဲတွေက ဘာတွေဖြစ်မလဲ။

ဖြေ ။ ။ ဒါကတော့ သူတို့ရဲ့ ထုတ်ပြန်ကြေညာချက်တွေမှာ ရေးထားတာရှိပါတယ်။အဲဒီ ကြေညာချက်တွေကို ကျွန်တော်တို့က တစ်ချက်ချင်း ဆွေးနွေးတာရှိပါတယ်။ အချို့အချက်တွေကတော့ သူတို့ထင်မြင်သလို မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ရှင်းပြနိုင်တယ်။ အချို့အချက်တွေကိုတော့ သူတို့နဲ့ ကျွန်တော်တို့ကြားထဲမှာ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ အချို့အချက်တွေကတော့ သူတို့နဲ့ကျွန်တော်တို့ချည်းပဲ သဘောတူညီလို့မရဘူး။ကျန်တဲ့ အဖွဲ့ဝင်တွေနဲ့ပါ လုပ်ရမယ့် သဘောတူညီမှုရှိတဲ့အတွက် အဲဒီအရာတွေကိုပါ ဆွေးနွေးဖြစ်ပါတယ်။

မေး ။ ။ KNU နဲ့ RCSS က NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေထဲမှာ အခိုင်မာဆုံးနှစ်ဖွဲ့ ဖြစ်နေတော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုရလဒ်တွေထွက်ပေါ်လာနိုင်မလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ ။ ။ NCA  ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက အဓိကသယ်ဆောင်လာတာဖြစ်တော့ အဲဒီဖြစ်စဉ်အတိုင်းသွားမယ်ဆိုရင် နိုင်ငံရေးသဘောတူညီမှုတွေ ရအောင်ယူဖို့လိုတယ်။ အဲဒီသဘော တူညီချက်တွေကို ပြည်ထောင်စုသဘောတူစာချုပ်(Union Accord) အနေနဲ့ဆက်ပြီး အကောင်အထည် ဖော်ဖို့လိုတယ်။ ဒါတွေက NCA လမ်းညွှန်ချက်ထဲမှာပါတော့ ကျွန်တော်တို့ ဒီအတိုင်းပဲဆက်လက် ဆောင်ရွက်ရပါမယ်။ ကျွန်တော်တို့အားလုံးရဲ့ ကြားထဲမှာ အခက်အခဲရှိတာကအဓိပ္ပာယ်လွဲတာ၊ နောက် ခုနကပြောခဲ့တဲ့ယုံကြည်မှုကို ပိုမိုတည်ဆောက်ဖို့လိုတာတွေကတော့ ဆက်လက်ဆောင်ရွက်ရပါမယ်။

မေး ။ ။ ၂၀၁၉ မှာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရရဲ့အစီအစဉ်ကို ပြောပြပေးနိုင်မလား။

ဖြေ ။ ။ ၂၀၁၉ က ကျွန်တော်တို့ အစိုးရရဲ့အစီအစဉ်မဟုတ်ဘူးလေ။ ညှိနှိုင်းပြီးသွားရမှာဖြစ်တယ်။ ကျွန်တော်တို့က ၂၀၁၉ မှာညီလာခံ နှစ်ကြိမ်ခေါ်နိုင်ဖို့ ကြိုးစားမယ်။ ဒါကလည်း ဆွေးနွေးပြီးသားဖြစ်ပါတယ်။ ဒီအတွက်လည်း ယုံကြည်မှုကို တည်ဆောက်ရမယ်။

Related Articles