BETA : Zawgyi | English

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ဆွေးနွေးပွဲကျင်းပ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ဆွေးနွေးပွဲကျင်းပ

Fri, 02/22/2019 - 17:06
Posted in:
0 comments

 

နေပြည်တော် ဖေဖော်ဝါရီ ၂၂

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) သည် NCA  လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့များထဲတွင် တပ်မတော်၏ ကြေညာချက် အတိုင်း NRPC နှင့် တပ်မတော်ကို တွေ့ဆုံခွင့်တောင်းပြီး တရားဝင် တွေ့ဆုံသည့် ပထမဆုံး အဖွဲ့ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့်လည်း ကြိုဆိုပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း အစည်းဝေးများ ဖြစ်မြောက်ရေး၊  ညီလာခံ ခေါ်ယူနိုင်ရေး၊ NCA တွင်ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိပြီး အစိုးရနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့သည်လည်း အထူး အစဉ်တစိုက် ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းက လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံညှိနှိုင်းခဲ့မှုများ ရှိပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ရှမ်းပြည်တိုးတက်ရေးပါတီအတွက် ပွင့်ပွင့် လင်းလင်းနှင့် ဆွေးနွေးပေးစေလိုကြောင်း၊  SSPP ပါတီအနေဖြင့်လည်း အခက်အခဲများ ရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ စဝ်ခွန်ဆိုင်က NRPC မှ မိမိတို့၏တောင်းဆိုမှုကို လက်ခံပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ မိမိတို့ SSPP နှင့် SSAA အဖွဲ့ကို နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က နှစ်သစ်ကူးသဝဏ်လွှာပေးပို့ခဲ့သည်ကို ကောင်းမွန်စွာ လက်ခံရရှိပါကြောင်း၊ ယင်းအတွက် အထူးပင်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း။

တစ်ချိန်တည်းမှာပဲ နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အစိုးရ အဖွဲ့ဝင်များ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော် အကြီးအကဲများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ အားလုံးအတွက် မိမိတို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မှ ဗဟိုကော်မတီဝင်များနှင့် တပ်မှူးတပ်သားအားလုံးက ဆုမွန်ကောင်း တောင်းပေးလိုက်ပါကြောင်း။

ယနေ့မိမိတို့အား အထူးကြိုဆိုပြီး တွေ့ဆုံခွင့်ပြုပေးသည့်အတွက် ကျေးဇူး တင်ကြောင်း၊ မိမိတို့သည်ပင်လုံစာချုပ်အရ ပြည်ထောင်စုဖြစ်ပေါ်လာပြီး အတူ တည်ဆောက်လာခြင်းဖြစ်ပါကြောင်း၊ နှစ်ပေါင်း ၇၀ အတွင်း မိမိတို့တိုင်းပြည်သည် ပိုမို တိုးတက်ကောင်းမွန်လာရမည့်အစား မိမိတို့ထက်နောက်ကျနေသည့် တိုင်းပြည်များထက် ပိုမိုနောက်ကျပြီး တိုးတက်ရေးမှာ အကြောင်းအမျိုးမျိုးကြောင့် မတိုးတက်ခဲ့ပါကြောင်း၊ အဓိကမှာ မိမိတို့အမျိုးသားအချင်းချင်းအပေါ် ယုံကြည်မှုနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုမှာ မပြည့်စုံမှု၊ အားနည်းမှုများ ရှိခဲ့ပါကြောင်း၊  ယင်းအတွက် အတိတ်ကို သင်ခန်းစာယူပြီး နောင်တွင် အမှားမပြုမိရန် မိမိတို့အနေဖြင့် သဘောပေါက်မိပါကြောင်း။

ထို့ကြောင့် ယနေ့တွင် မိမိတို့အနေဖြင့် ပွင့်ပွင့်လင်းလင်းဖြင့် လက်ရှိအခြေအနေ ဖြစ်သည့် NCA လမ်းကြောင်းကို မဆန့်ကျင်ပါကြောင်း၊ သို့သော်လည်း NCA တွင် မပြည့်စုံမှုများရှိသည်မှာ ဥပမာ မိမိတို့အမြင်အရ ကျန်တိုင်းရင်းသားအားလုံး ပါဝင်ရေး ဆိုသည်ကို တောင်းဆိုခြင်း ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ NCA သွားနေသည့် လမ်းကြောင်းမှာ မှားနေခြင်း မဟုတ်ပါကြောင်း၊ သို့သော် ငြိမ်းချမ်းရေးဆွေးနွေးနေသည့်  အချက်တွင် အခြေခံမည့် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်မည်ဟု ပြောနေသော်လည်း အခိုင်အမာ ဘယ်လို သွားမည်ဆိုသည့် ပုံသဏ္ဍာန်၊ ပုံစံ၊ နည်းနာများကို ဆက်လက်ညှိနှိုင်းသွားရန် လိုအပ်ပါကြောင်း၊  မိမိတို့ယုံကြည်သည်မှာ နိုင်ငံတော်အစိုးရနှင့် တပ်မတော်ကို အရင်က ပြီးခဲ့သည်များကို အပြစ်တင်နေခြင်း မဟုတ်ပါကြောင်း၊ ယနေ့ အခြေအနေသည် များစွာ ကောင်းမွန်သည်ဟု ယူဆပါကြောင်း၊ ယင်းသို့ပြောရခြင်းမှာ မိမိတို့ စားပွဲဝိုင်းပေါ်တွင် တန်းတူညီမျှ ဆွေးနွေးပိုင်ခွင့်ရှိခြင်းကြောင့် ပြောခြင်း ဖြစ်ပါကြောင်း။

မိမိတို့မူမှာ နှစ်ပေါင်း ၇၀ ကျော်အတွင်း ဖြေရှင်း၍မရသည့် ပြသနာများကို ယခုလို စားပွဲဝိုင်းပေါ်တွင် တန်းတူညီမျှ ဆွေးနွေးသွားမည်ဆိုပါက မဖြေရှင်းနိုင်စရာအကြောင်း မရှိပါကြောင်း၊ မိမိတို့ NCA ကို လက်မှတ်မရေးထိုးခြင်းမှာ ဆန့်ကျင်၍ မဟုတ်ပါကြောင်း၊ အားလုံးပါဝင်နိုင်ရေးနှင့် အကြောင်းများရှိပါကြောင်း၊ ယင်းကို နားလည်ပေးစေလို ပါကြောင်း၊ ယနေ့ဖြစ်နေသည့် ပြဿနာများကို မိမိတို့ဘက်မှ ထိန်းသိမ်းထားပါကြောင်း၊ ဥပမာ တိုက်ပွဲများမဖြစ်ရန် မိမိတို့ဘက်မှ ပစ်ခတ်မှုများမလုပ်ရန် ညွှန်ကြားထားပါကြောင်း၊ ယနေ့အထိလည်း ထိန်းသိမ်းထားပါကြောင်း၊ ထို့ကြောင့် ယခုနောက်ပိုင်း မိမိတို့ဘက်မှ တပ်မတော်စစ်ကြောင်းများ၊ စခန်းများကို ချုံခိုတိုက်ခိုက်ခြင်း၊ ဝင်ရောက်တိုက်ခိုက်ခြင်း မပြုလုပ်ခဲ့ပါကြောင်း၊ ယခုဖော်ပြချက်မှာ လက်တွေ့တွင် ယုံကြည်မှုအတွက် တစ်စုံတရာ အကျိုးအမြတ်ဖြစ်မည်ဟု ယူဆပါကြောင်း။

ယနေ့ အောက်ခြေတွင် ယခုလို ယုံကြည်မှုများ တဖြေးဖြေးရှိလာပြီး အခြေအနေ တစ်ခု၊ ကာလတစ်ခု ရောက်လာပါက မိမိတို့နှင့် တာဝန်ရှိသူများ မျှော်မှန်းထားသည့် အတိုင်း ညီအစ်ကို သဘောထားဖြင့် ညှိနှိုင်းဆွေးနွေးရင်း စစ်မှန်သည့် ဖယ်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဆိုသည့် ယုံကြည်ချက်ဖြင့် ကြိုးစားနေခြင်း ဖြစ်ပါကြောင်း။

တစ်ဖက်တွင်လည်း ဒေသဖွံ့ဖြိုးရေးကို တည်ဆောက်နေပါကြောင်း၊ တစ်ချို့က ပြောကြပါကြောင်း၊ စစ်ရေးကာလတွင် ဘာလုပ်စရာလိုလဲ၊ လက်နက်များ၊ ကျည်ဆံများ ဝယ်ပေါ့၊ မငြိမ်းချမ်းသည့်ကာလတွင် ဒေသဖွံ့ဖြိုးရေးများ လုပ်ဆောင်နေစရာ မလိုပါကြောင်း၊ မိမိတို့ တံတားတည်ဆောက်၊ လမ်းဖောက်နေမှုများကို ဆန့်ကျင်ကြ ပါကြောင်း၊ အမျိုးမျိုးပုတ်ခတ်ကြပါကြောင်း၊ မင်းတို့ တယ်ဟု ပြောကြ ပါကြောင်း၊ ရင်လည်း ပါစေ၊ မိမိတို့ပြည်တွင်းစစ်တွင် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် ရှမ်းပြည်တော်လှန်ရေးသည် နှစ်ပေါင်း ၆၀ ရှိပြီဖြစ်ပါကြောင်း၊ နှစ်ပေါင်း ၆၀ အတွင်း ပြည်သူများသည် မိမိတို့နှင့်အတူ ဒုက္ခရောက်ခဲ့ပါကြောင်း၊ ထို့ကြောင့် မိဘပြည်သူများကို ပြန်လည်ကျေးဇူးဆပ်သည့်အနေဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ပါကြောင်း၊ ယခုအချက်ကိုကြည့်ခြင်းဖြင့် မိမိတို့ စစ်ကို ဆက်လက် မလိုလားဘူး ဆိုသည်ကို နားလည်ပေးစေလိုကြောင်း၊ ယခုလာရောက်သည်မှာလည်း ဒီအတွက် ရည်ရွယ်တောင်းဆိုရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ မိမိတို့လုပ်ဆောင်ခဲ့သည်များကို လာရောက် အစီအရင်ခံခြင်းဖြစ်ပါကြောင်း၊ နောက်လည်း ဆက်လက် တည်ဆောက်မည်ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ဆောင်မည့်ကိစ္စများလည်း တင်ပြရန်ရှိပါကြောင်း၊ နောက် တစ်ချက်မှာ တပ်မတော်နှင့်သီးသန့်တွေ့ဆုံရန် တောင်းဆိုထားပါကြောင်း၊ ယင်းသို့ တွေ့ဆုံရာတွင် တပ်ပိုင်းဆိုင်ရာများကို အစီအရင်ခံမည်ဖြစ်ပါကြောင်း၊ မိမိတို့ NRPC တွင် လာရောက်တင်ပြခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။

ယင်းနောက် အစိုးရနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ တွေ့ဆုံမှု အခြေအနေ၊ ဝမ်ဟိုင်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့နောက် ရှမ်းပြည်တိုးတက်ရေးပါတီဒုတိယဥက္ကဋ္ဌ စဝ်ခွန်ဆိုင် က ယခုလို လာရောက်ဆွေးနွေးခွင့်ရအောင် ဆောင်ရွက်ပေးကြသည့် နိုင်ငံတော်အစိုးရ တာဝန် ရှိသူများ၊ လွှတ်တော်နှင့် တပ်မတော်အကြီးအကဲများ၊ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိ ပါကြောင်း နှင့် မိမိတို့နိုင်ငံကိုစည်းစည်းလုံးလုံးဖြင့် ဖယ်ဒရယ် ပြည်ထောင်စုနိုင်ငံ ပေါ်လာအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ်က ယနေ့ ဆွေးနွေးပွဲတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ ပါကြောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ၏ အခြေအနေနှင့် ဆောင်ရွက်ချက်များကို သိရှိခွင့်ရသည့်အတွက် များစွာအကျိုးရှိပါကြောင်း၊ အစိုးရအနေဖြင့် NCA တွင် အားလုံး ပါဝင်လာနိုင်ရေးအတွက် လမ်းဖွင့်ထားပြီး အားလုံး ပါဝင်လာနိုင်အောင် ကြိုးစား ဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်ချို့အဖွဲ့အစည်းများလည်း ပါဝင်လာတော့မည်ဟု ယုံကြည်ပါကြောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီအနေဖြင့် ပါဝင်လာနိုင်လာအောင် ကြိုးစား စေလိုကြောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များကို ဆောင်ရွက် ပေးနိုင်ရန် NRPC အစည်းအဝေးတွင်တင်ပြပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုရှေ့နေချုပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ တို့သည် အမှတ်တရလက်ဆောင်များကို အပြန်အလှန်ပေးအပ်ကြသည်။

ယနေ့ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အဓိကတော့ ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ နှစ်ဖက်သဘောတူညီချက်တွေ ထိုးထားတာရှိတယ်၊ ဒီကြားထဲမှာ ယုံကြည်မှုတည်ဆောက်တာနဲ့ ပတ်သက်ပြီး လုပ်ပေးထားတာတွေရှိတယ်၊ ဥပမာ ဝမ်ဟိုင်းဒေသမှာ ဆက်သွယ်ရေး မိုဘိုင်းကွန်ယက်ရဖို့ MPT ဆက်သွယ်ရေး တိုင် တည်ဆောက်ပေးထားတာရှိတယ်၊ နောက်တစ်ခု မီးသတ်ကား၊ လျှပ်စစ်မီး ဒါတွေ တော်တော်များများ ဆောင်ရွက်ထားပြီးပါပြီ၊ ဒီနေ့ဆွေးနွေးပွဲမှာ SSPP က လူထုရဲ့ တောင်းဆိုချက်တွေ၊ လိုလားချက်တွေတင်ပြတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ NRPC အကြီးအကဲတွေဆီ တင်ပြပြီး အမြန်ဆုံး အကြောင်းပြန်သွားမှာပါ။

နောက်တစ်ချက်က SSPP ဘက်က ဖမ်းဆီးခံထားရတဲ့သူတွေ၊ အကျဉ်းကျ ခံနေရသူတွေကို အစိုးရဘက်က တော်တော်များများ လုပ်ပေးထားတာရှိပါတယ်၊ အထူးသဖြင့်ကတော့ ဒေသဖွံ့ဖြိုးရေး၊ အကျဉ်းကျခံနေရသူတွေကိစ္စ ယုံကြည်မှု တည်ဆောက်ဖို့ဆိုပြီး အစိုးရက လုပ်နေတာတွေရှိတယ်၊ ဒီနေ့ သူတို့တင်ပြတာတွေကို ဆက်ပြီး တင်ပြဖို့ရှိပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ SSPP အနေနဲ့ ဘယ်လိုရှေ့ဆက် ဆောင်ရွက်မလဲ ဆိုတာကိုလဲ ကျွန်တော်တို့ နှစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်၊ SSPP ဘက်က NCA ထိုးဖို့ စိုးရိမ်ချက်တွေရှိတယ်၊ ဒါတွေကိုလည်း ပွင်ပွင့်လင်းလင်း ဆွေးနွေးဖြစ်ပါတယ်။ တနင်္လာနေ့ကျရင်တော့ နေပြည်တော်မှာပဲ တပ်မတော်နဲ့ ဆက်ပြီးဆွေးနွေးမယ်၊ အဲဒီနေ့ကျရင် တပ်ပိုင်းဆိုင်ရာ ကိစ္စတွေပေါ့နော်၊ ဒီနေ့မှာတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ မပါဘူး၊ အခု SSPP နဲ့ တွေ့ဆုံတာ တရားဝင်တွေ့ဆုံတာဖြစ်ပါတယ်၊ တပ်မတော်ကနေ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကြေညာတဲ့ ထုတ်ပြန်ကြေညာချက်အရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ NRPC နဲ့ ဆွေးနွေးမယ်၊ လိုအပ်ရင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ ဆွေးနွေးနိုင်တယ်ဆိုတဲ့ အပစ်ရပ် လေးလတာကာလ ကြေညာထားတာရှိတယ်။ ကြေညာပြီးတဲ့နောက်ပိုင်းမှာ အလွတ် သဘော တွေ့နေတာတွေတော့ အဖွဲ့တွေ အများကြီးနဲ့ တွေ့နေတာရှိပါတယ်၊ တရားဝင် ဆွေးနွေးပွဲ အနေနဲ့တော့ SSPP ဟာ ပထမဆုံးဖြစ်ပါတယ်၊ ဒီနေ့ တွေ့ဆုံမှုမှာတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တယ်၊ ဒါကြောင့် ဒီဆွေးနွေးပွဲဟာ ကောင်းမွန်တဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်ဟုပြောသည်။

ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ်  ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း)၊ အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး ရှမ်းပြည်တိုးတက်ရေးပါတီဘက်မှ ဒုတိယဥက္ကဋ္ဌ စဝ်ခွန်ဆိုင်၊ ဗဟိုကော်မတီဝင် စဝ်နော်လိတ်၊ စဝ်တွန်းခမ်း၊ စဝ်ဖုန်းဟန်တို့ တက်ရောက်ကြသည်။

 

Related Articles