BETA : Zawgyi | English

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တရားဝင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တရားဝင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိ

Mon, 03/11/2019 - 10:14
Posted in:
0 comments

ချင်းမိုင် မတ် ၁၀

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရန်၊ အစိုးရ၊တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တရားဝင်တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးကော်မရှင် (PC) အတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်သည့်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် ကရင် အမျိုးသားအစည်းအရုံး(KNU) ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မ ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)တို့နှင့်အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး NCA စာချုပ်လက်မှတ်ရေး ထိုးခြင်းမပြုရသေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့်လည်း အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ငြိမ်းချမ်းရေးကော်မရှင် (PC) အတွင်းရေးမှူးနှင့်အဖွဲ့သည် မတ် ၈ ရက် ညနေပိုင်းတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ မတ် ၉ ရက် နံနက်ပိုင်းတွင် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) နှင့်လည်းကောင်း၊ မတ် ၁၀ ရက် နံနက်ပိုင်းတွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

KNUPPSTKNPP တို့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာတွင် အစိုးရကိုယ်စားလှယ်များအဖြစ် ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူးဦးခင်ဇော်ဦး၊ အဖွဲ့ဝင် ဦးအောင်စိုး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ နည်းပညာအထောက်အကူပြုအဖြစ်ဦးကျော်လင်းဦးတို့ ပါဝင်သည်။

 

တွေ့ဆုံဆွေးနွေးမှုများကို သိရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ရောက်ရှိနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်ဦးလှမောင်ရွှေအား ဆက်သွယ်မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

 

မေး ။ ။ အခု NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အပြင် KNPP နဲ့လည်း တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ တွေ့ဆုံဖြစ်တဲ့ အဓိကအကြောင်းရင်းကို သိချင်ပါတယ်။

 

ဖြေ ။ ။ ဒီတစ်ခေါက် ချင်းမိုင်လာတဲ့ အဓိက ရည်ရွယ်ချက်ကတော့ KNU ဘက်က တရားဝင်ဆွေးနွေးပွဲတွေကို ခေတ္တရပ်ဆိုင်းထားတယ်။ အလွတ်သဘောဆွေးနွေးပွဲတွေကနေ ပြန်အဖြေရှာမယ်လို့ ပြောထားတယ်။ နောက် RCSS ကလည်းပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) နဲ့ ဆွေးနွေးမှု ခေတ္တရပ်ဆိုင်းထားတယ်။ အဲဒီလို ခေတ္တရပ်ဆိုင်းထားတဲ့အတွက်လက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်ဖို့၊ စကားဝိုင်းပေါ်ကို ပြန်လာဖို့အခက်အခဲဖြစ်တယ်။ ဒါကြောင့် PPST အစည်အဝေးခေါ်တဲ့ အချိန်ရယ်၊ နောက် KNU လည်း ရှိနိုင်မယ့်အချိန်ကိုကျွန်တော်တို့ လာတွေ့တာပါ။ အဲဒါနဲ့တစ်ဆက်တည်းပဲ NCA လက်မှတ်မထိုးရသေးတဲ့ KNPP နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တွေ့တာက အလွတ်သဘောပါ။ အလွတ်သဘော ဆွေးနွေးပွဲတွေကအရေးလည်းကြီးတယ်။ အများကြီးလိုအပ် တယ်ဆိုတဲ့သဘောလည်း ကျွန်တော်တို့တွေ့ရတယ်။ အလွတ်သဘော ဆွေးနွေးပွဲရဲ့ သဘောသဘာဝက ဆုံးဖြတ်ချက်တွေမရှိဘူး။ ဒါပေမယ့် အပြန်အလှန် အားမနာတမ်း ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ ရတယ်။ ပြီးတော့မှ ယုံကြည်မှုတည်ဆောက်မယ်ဆိုတဲ့ အခွင့်အရေးရတယ်။ နောက် တစ်ဖက်က မရှင်းလင်းတဲ့ကိစ္စတွေကိုလည်း ပြောဆိုရှင်းပြ ဆောင်ရွက်လို့ရတယ်။ ဒါတွေအားလုံးကိုအခုတစ်ခေါက်မှာ ပြောနိုင်ခဲ့တယ်လို့ကျွန်တော်မြင်တယ်။

 

မေး ။ ။ KNU နဲ့ တွေ့ဆုံဆွေးနွေးမှုအကြောင်းလေး ပြောပြပေးပါခင်ဗျာ။

 

ဖြေ ။ ။ KNU ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး နောက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတဲ့အခါမှာ KNU ဘက်ကနေပြီးတော့ သူတို့ရဲ့နားလည်မှုနဲ့ချဉ်းကပ်မှုတွေကို ရှင်းပြတယ်။ကျွန်တော်တို့ဘက်ကလည်း ဒါကိုပြန်ရှင်းပြတယ်။ အဓိက က KNU ဘက်က နိုင်ငံရေးဆွေးနွေးပွဲတွေကတစ်ဖက်သတ်ဆောင်ရွက်မှာကို စိုးရိမ်တာမျိုး တင်ပြတယ်။ နောက် NCAလမ်းကြောင်းအတိုင်း သွားဖို့ပြောတယ်။ကျွန်တော်တို့ဘက်ကလည်း NCA ဆိုတာကKNU နဲ့ ကျွန်တော်တို့တင်မဟုတ်ဘူး။ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ အစိုးရ၊ တပ်မတော်နဲ့တင်မဟုတ်ဘူး။ NCA process အတိုင်းသွားမယ်ဆိုရင် UPC ဆိုတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွေရှိရမယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)ရှိရမယ်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) ရှိရမယ်။ အဲဒီမှာ ညှိနှိုင်းအဖြေရှာဖို့ ဖြစ်ပါတယ်။ အခုဆိုရင် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းထားတာဖြစ်တဲ့အတွက်ရွေးကောက်ပွဲအနိုင်ရပါတီ ၂၄ ပါတီကကိုယ်စားလှယ် ၁၆ ယောက် ပါတယ်။သူတို့လည်း စောင့်ဆိုင်းနေရတယ်။အဲဒါကြောင့် လိုအပ်တဲ့ စိုးရိမ်မှုတွေ၊လိုအပ်တဲ့ အာမခံချက်တွေကို UPDJC မှာလည်း မဆွေးနွေးနိုင်တော့ဘူး။

UPDJC ရဲ့ ဆွေးနွေးမှုတွေကိုညီလာခံမှာလည်း ထည့်သွင်းဆုံးဖြတ်လို့ရတယ်။ ညီလာခံကနေတစ်ဆင့်လွှတ်တော်မှာလည်း အတည်ပြုတာလုပ်လို့ရတယ်ဆိုတာမျိုး ကျွန်တော်တို့လည်း ရှင်းပြတယ်။ နောက်တစ်ခုကတော့ ၂၀၁၉ အတွင်းမှာပဲ ဆွေးနွေးနိုင်ဖို့နဲ့နိုင်ငံရေးဆွေးနွေးမှုတွေကိုလည်း ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ဒီဘက်မှာ ဆွေးနွေးတာရှိတဲ့ အတွက် ဒါတွေကို နှစ်ဖက်စလုံးက ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်။ ဒါကြောင့်သိပ်မကြာခင်မှာKNU အဖွဲ့နဲ့အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွေ့နိုင်မယ်။ တပ်မတော်နဲ့လည်း တွေ့နိုင်မယ်။အဲဒါတွေပြီးသွား ရင်တော့ တရားဝင်ဆွေးနွေးပွဲတွေ ရောက်လာမယ်လို့ကျွန်တော်တို့ဘက်ကတော့ ယုံကြည်ပါတယ်။

 

မေး ။ ။NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ရဲ့ PPST နဲ့ တွေ့ဆုံမှုအခြေအနေကိုလည်းသိချင်ပါတယ်။

ဖြေ ။ ။ PPST ၁၀ ဖွဲ့နဲ့ တွေ့ဆုံတာကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က Summit လိုမျိုး တိုင်းရင်းသားခေါင်းဆောင်တွေလုပ်မယ့် ထိပ်သီးအစည်းအဝေးကို မေလမှာ လုပ်မယ်။အဲဒီမတိုင်မီ ဒီအပေါ်မှာ လိုအပ်တဲ့ပြင်ဆင်မှု UPDJC JMC စတာတွေအတွက် ပြင်ဆင်တဲ့အစည်းအဝေးပါ။ UPDJCကို အလွတ်သဘောဆွေးနွေးပွဲပဲဖြစ်ဖြစ် လုပ်နိုင်ဖို့ကိုတော့ ကျွန်တော်တို့က ရှင်းပြနိုင်ခဲ့တယ်။ ဒါကိုလည်း သူတို့အနေနဲ့ အများကြီး နားလည်မယ်လို့ယူဆတယ်။ ဒါကြောင့် သူတို့နဲ့လည်းရန်ကုန်မှာဖြစ်ဖြစ်၊ နေပြည်တော်မှာဖြစ်ဖြစ် ပြင်ဆင်တဲ့လုပ်ငန်းတွေကိုအလွတ်သဘောဖြစ်ဖြစ် ကျွန်တော်တို့ဆက်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။

 

မေး ။ ။ ဒီနေ့မနက်ပိုင်း KNPPနဲ့ ငြိမ်းချမ်းရေးကော်မရှင်တွေ့ဆုံမှုကိုလည်း ပြောပြပေးစေလိုပါတယ်။

 

ဖြေ ။ ။ KNPP နဲ့ကတော့ NCA လက်မှတ်မရေးထိုးရသေးပေမယ့် လက်မှတ်မထိုးဘူးလို့လည်းမပြောသလို NCA လမ်းကြောင်းပြင်ပလို့လည်း မပြောတဲ့အတွက် သူတို့အနေနဲ့ကျွန်တော်တို့နဲ့ အများကြီးမစိမ်းဘူး။အောက်ခြေမှာရှိတဲ့ အခက်အခဲ လေးတွေကို ဝိုင်းပြီးတော့ နှစ်ဖက်သဘောထားအမြင်တွေ ဖလှယ်ပြီး သူတို့ KNPP ရဲ့ဆွေးနွေးပွဲတွေ ဆက်လုပ်ပြီးရင်တော့ သူတို့ကိုလည်း နေပြည်တော်မှာ NRPC နဲ့ ဆွေးနွေးနိုင်ဖို့ပါ။ သူတို့အနေနဲ့တပ်မတော်နဲ့လည်း ဆွေးနွေးနိုင်ဖို့ရှိတယ်လို့ ကျွန်တော်နားလည်တဲ့အတွက်သိပ်မကြာခင်မှာ ဖြစ်လာလိမ့်မယ်လို့နားလည်ပါတယ်။

 

မေး ။ ။ ကျေးဇူးပါခင်ဗျာ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်အစိုးရရဲ့ ဆက်လက်ဆောင်ရွက်နေမှုတွေကိုလည်း သိချင်ပါတယ်။

 

ဖြေ ။ ။ မတ် ၁၁ ရက်၊နေပြည်တော်မှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီRCSS နဲ့ကျွန်တော်တို့ ဆွေးနွေးပွဲ တွေရှိတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ RCSS ဆွေးနွေးပွဲပါ။ နောက်ရက်တွေမှာလည်း တပ်မတော်နဲ့ ဆွေးနွေးဖို့ရှိမယ်လို့တော့ သိရတယ်။ ငြိမ်းချမ်းရေးကော်မရှင် အနေနဲ့ကတော့ မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း NCA ရေးထိုးနိုင်ဖို့အတွက် ဆက်လက်ကြိုးစားနေပါတယ်။ တွေ့ဆုံနိုင်ဖို့ ဆောင်ရွက်နေပါတယ်။

 

Related Articles