အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ဆွေးနွေးပွဲကျင်းပ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ဆွေးနွေးပွဲကျင်းပ

Mon, 03/18/2019 - 17:55
Posted in:
0 comments

 

 

နေပြည်တော် မတ် ၁၈

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင် ပြည်ထောင် စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေဖြင့် အစိုးရနှင့် ၂၀၁၂ ခုနှစ်ကတည်းက ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်များ ရေးထိုးခဲ့ပြီး ဒေသတွင်း နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ မရှိသလောက် အခြေအနေကောင်းများကို ထိန်းသိမ်းထား နိုင်သည့် အဖွဲ့အစည်းတစ်ရပ်ပင် ဖြစ်ပါကြောင်း၊ UNFC၏ နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ဖြစ်သည့် DPN တွင် KNPP မှ ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေး ရှေ့ဆက် နိုင်ရန်အတွက် UNFC ၏ အဆိုပြုချက် ၉ချက်ကိုလည်း နှစ်ဖက်အကျေအလည် ဆွေးနွေးခဲ့ကြ ပါကြောင်း၊ အဆိုပါ အဆိုပြုချက်အားလုံးနီးပါး သဘောတူညီနိုင်သည့် အခြေအနေကောင်းများ ရှိခဲ့ သော်လည်း တစ်ချို့ကိစ္စရပ်များဆက်လက်ညှိနှိုင်းရန် ကျန်ရှိနေသည့်အတွက် KNPP အနေဖြင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးဘဲ အစိုးရနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေး နေဆဲပင် ဖြစ် ပါကြောင်း။

 

ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP သည် ၂၀၁၈ခုနှစ် ဧပြီ ၂၇ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်း ခဲ့ကြပြီး NCA မရေးထိုးမီ ရေတိုကာလအတွင်းတွင် နှစ်ဖက်တပ်ဖွဲ့များ သွားလာမှု၊ ဆက်သွယ်မှု၊ ပြည်နယ်အဆင့်တွင် ပုံမှန်ညှိနှိုင်းဆွေးနွေးရေးကိစ္စများ၊ နှစ်ဖက်ညှိနှိုင်း သဘောတူသည့် ဆက်ဆံရေး လမ်းကြောင်းကိစ္စများ၊ တိုးတက်မှုရရှိခဲ့သည့် တပ်ပိုင်းဆိုင်ရာ ကိစ္စအချို့ကို နှစ်ဖက်သဘောတူညီမှု များ ရရှိခဲ့ကြပါကြောင်း။

 

ဆက်လက်၍လည်း ယခုနှစ် မတ် ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌အလုပ်သဘော တွေ့ဆုံခဲ့ရာတွင်လည်း နှစ်ဖက်အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြပြီး အကျိုးဆက်အနေဖြင့် ယနေ့ဆွေးနွေးပွဲကို မိမိတို့ ဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ဆွေးနွေးပွဲတွင် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးရန်နှင့် အစိုးရဘက်က ဆောင်ရွက် ပေးရမည့်ကိစ္စရပ်များ ရှိပါကလည်း ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အဖွဲ့ ခေါင်းဆောင် ခူဦးရယ် က KNPPနှင့် အစိုးရကြား နှစ်ပေါင်း (၇၀)ကျော်ဖြစ်ပွားခဲ့သည့် ပြဿနာများကို ဖြေရှင်းရန် တွေ့ဆုံညှိနှိုင်း ဆွေးနွေးလာကြ သည်မှာ ၂၀၁၂ မတ်လ မှ စ၍ ၂၀၁၉ မတ်လထိတိုင် (၇)နှစ်ရှိပြီ ဖြစ်ပါကြောင်း၊ (၇)နှစ် ခန့် တွေ့ဆုံညှိနှိုင်းကြသည့်အခြေအနေတွင် တိုးတက်မှုများ ရှိသ ကဲ့သို့ အဆင်မပြေမှုများလည်းရှိနေဆဲဖြစ်ပြီး တစ်ချို့ကိစ္စရပ်များတွင် ဆက်လက်ညှိနှိုင်းနေရဆဲ အခြေအနေတွင် ရှိပါကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံညှိနှိုင်းကြခြင်းသည် ပြဿနာကို အဖြေရှာခြင်း ဖြစ်ပါကြောင်း၊ ပြဿနာကို နှစ်ဦးနှစ်ဖက် အသိအမှတ်ပြုရန် လိုအပ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက် အသိအမှတ်ပြုထားသည့် ပြဿနာများအပေါ်တွင် နှစ်ဦးနှစ်ဖက်က လက်ခံသဘောတူနိုင်သည့် အဖြေရှာမှုမျိုးဖြစ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြဿနာများအပေါ်တွင် နားလည်မှု၊ သဘော ပေါက်မှု တူညီသွားမှသာ မိမိတို့နှစ်ဖက် သဘောတူလက်ခံသည့် အဖြေရှာမှုကိုလည်း ရရှိမည်ဖြစ် ပါကြောင်း။

 

ထို့ပြင် (၇)နှစ်ခန့် ဆွေးနွေးအဖြေရှာကြသည့် ကာလတစ်လျှောက်လုံးတွင် အပြန်အလှန် အသိအမှတ်ပြုမှုများသည် ယနေ့အထိ ခိုင်မြဲနေဆဲဟု မှတ်ယူပါကြောင်း၊ သို့သော် အပြန်အလှန် ယုံကြည်မှုနှင့် ပတ်သက်၍ တက်လိုက်ကျလိုက် အခြေအနေမျိုးလည်း ကြုံရသည့် အခြေအနေ ရှိသည်ဟု ရိုးသားစွာ သုံးသပ်ပါကြောင်း၊ သို့သော် မိမိတို့ကြား တွင်ယုံကြည်မှု ကင်းမဲ့နေသည် ဟုဆို သည့်သဘောကို ဆိုလိုခြင်း မဟုတ်ပါကြောင်း၊ တွေ့ဆုံဆွေးနွေးသည့်နေရာတွင် အခြေအနေ အမျိုးမျိုးကြောင့် မိမိတို့ကိုယ်စားလှယ်များသည် အလွတ်သဘောနှင့် တရားဝင်ပါ နှစ်မျိုးနှစ်စားခွဲ၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ အကြိမ်ကြိမ် လုပ်ခဲ့ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတိုင်းတွင် ပြဿနာ ရပ်များကို အမြဲတမ်း အဖြေရှာခြင်းမျိုး၊ တင်ပြခြင်းမျိုး မဟုတ်ဘဲ တိုင်းပြည်အတွက် အကောင်းဆုံး အဖြေရှိသည့် နည်းလမ်းများကို နှစ်ဦးနှစ်ဖက် မည်မျှ နားလည်သဘောပေါက်ထားသနည်းဆိုသည့် အပေါ်တွင် မူတည်၍ ညှိနှိုင်းအဖြေရှာကြခြင်း ဖြစ်ပါကြောင်း။

 

ထို့ကြောင့် ယနေ့တွင် KNPP အနေဖြင့် bilateral အဆင့်၌ သဘောတူခဲ့သည့် အချို့သော အကြောင်းအရာများနှင့် မြေပြင်တွင် အဆင်မပြေမှုများကို တင်ပြညှိနှိုင်းဆွေးနွေး၍ အပြန်အလှန် နားလည်မှုတည်ဆောက်ရေးနှင့် နောက်အဆင့်များတွင် မည်သို့ဖြေလျော့၍ အဖြေရှာကြမည့် ကိစ္စရပ် များနှင့် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲမှုနှင့် ပတ်သက်သည့် သဘောတူညီချက်ကိစ္စရပ်များကို မည်သို့ ဆက်သွားမည်ဆိုသည်ကို ဆွေးနွေးမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ တွေ့ဆုံဆွေးနွေးမှုသည် အထူးသဖြင့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို ချန်လှပ်၍ နောက်ရက်တွင် တပ်မတော် ကိုယ်စားလှယ် များနှင့် တွေ့ဆုံသည့်အခါတွင် ဆွေးနွေးရန် ပြင်ဆင်ထားပါကြောင်း၊ ထို့ပြင် ပြည်နယ်အတွင်း ဆောင်ရွက်နေဆဲ တစ်ချို့လုပ်ငန်းများ နှင့်ပတ်သက်သည့် ကိစ္စရပ်များကိုလည်း ကိုယ်စားလှယ်များက တင်ပြဆွေးနွေးသွား မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အကောင်းဆုံးကို မျှော်လင့်၍ ဒီတစ်ကြိမ်တွင် တိုးတက်မှု တစ်စုံတစ်ရာ ရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။

 

ယင်းနောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ပြည်နယ်အဆင့် လစဉ် ညှိနှိုင်း အစည်းအဝေး ကျင်းပသည့်ကိစ္စရပ်များ၊ NCA လက်မှတ်ရေးထိုးရေးကိစ္စများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

ထို့နောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အဖွဲ့ ခေါင်းဆောင် ခူဦးရယ် က ယနေ့တွေ့ဆုံပွဲသည် အပြုသဘောဆောင်သည်ဟု မှတ်ယူ၍ ရပါကြောင်း၊ (၇)နှစ်တာ တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ်နှင့် ပတ်သက်၍ လိုအပ်မှုများကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ဆွေးနွေးအဖြေရှာရန် နှစ်ဖက်စလုံးက အားသန်နေကြသည်ကို တွေ့ရသည့် အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ မကြာသောအချိန်တွင် နှစ်ဖက်သဘောတူညီချက်များကိုလည်း ဒီထက်ပိုမို ကောင်းမွန် သည့် အာမခံချက်ရှိသည့်ဘက်ကို ရောက်အောင် အဖြေရှာနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ယနေ့ ဆွေးနွေးမှုများအပေါ်တွင် ရလာသည့် နှစ်ဖက်ရလဒ်များသည် ကျေနပ်အားရသည်ဟု မိမိတို့ဘက်က ခံစားမိပါကြောင်း၊ ထို့ကြောင့် နောက်တစ်ကြိမ်ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးမှုတွင် ဒီထက်ပိုမို ကောင်းမွန်ခိုင်မာသည့် ရလဒ်တစ်ခုကို ရနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က ယနေ့တွင် NRPC နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ အချိန် များစွာယူ၍ ကျေကျေလည်လည် ဆွေးနွေးနိုင်ခဲ့ကြပါကြောင်း၊ ယနေ့တွင် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ လေ့ကျင့်မွေးထုတ်ပေးရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းနိုင်ခဲ့ပြီး မကြာမီ တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်နယ်အစိုးရနှင့်လည်း လစဉ်ပုံမှန် အစည်းအဝေးပြုလုပ်သွားမည့် ကိစ္စရပ်များကိုလည်း ဆက်လက် အကောင်အထည်ဖော် သွားနိုင်မည် ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးခရီးစဉ်တွင် ပိုမိုတိုးတက်လာသည့် ရလဒ်အဖြစ် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

 

နောင်ဆွေးနွေးပွဲကိုလည်း ဧပြီလ မကုန်ခင်တွင် နှစ်ဖက်သဘောတူ၍ ထပ်မံဆွေးနွေးရန် သဘောတူထားပြီး ယခုဆွေးနွေးပွဲတွင်လည်း NCA လက်မှတ်ရေးထိုးနိုင်ရန် ဆက်လက်ဆွေးနွေးကြ မည်ဖြစ်ပါကြောင်း၊ လာမည့် မတ် ၂၁ ရက်တွင်လည်း လက်မှတ်မထိုးရသေးသည့်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်တွင်လည်း KNPP လည်း ထပ်မံပါဝင်ပြီး ဆွေးနွေးကြမည် ဖြစ်သည့် အတွက် လက်မှတ်မထိုးရသေးသည့် အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ဆွေးနွေးပွဲအပြီးတွင် ငြိမ်းချမ်းရေးကော်မရှင်အထောက်အကူပြုအဖွဲ့ဝင် ဦးကျော်လင်းဦးနှင့် KNPP ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုး တို့က မီဒီယာများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနအဖွဲ့ဝင် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ အဖွဲ့ဝင် ဦးအောင်စိုး နှင့် ကယားပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမော်မော်တို့ တက်ရောက်ကြပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ခူဦးရယ်၊ အဖွဲ့ဝင်များဖြစ်ကြသည့် စောဘီထူး၊ ဦးဘုန်း နိုင်၊ ခူထဲဘူး၊ ခူဒယ်နီယာယ်၊ မန်းစောနှင့် ခူတော်ရယ် (အက်စ်) တို့ တက်ရောက်ကြသည်။

Related Articles