အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပ

Thu, 03/21/2019 - 18:27
Posted in:
0 comments

နေပြည်တော် မတ် ၂၁

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားရာ၌ အစိုးရ အနေဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သည့် အခါ ဦးစွာလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရန် ဦးတည်ချက်ဖြင့် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်-NCA သည် ငြိမ်းချမ်းရေးအတွက်သာမက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပထမဆုံးခြေလှမ်းပင်ဖြစ်ပါကြောင်း။

နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သည့်အခါ NCA ကိုအခြေခံသည့်အတွက် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာ အောင် အလေးထားဆောင်ရွက်နေပါကြောင်း၊ ထို့ကြောင့်လည်း NCA လက်မှတ် မရေး ထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ရေးလုပ်ငန်းများတွင် ပါဝင်ရန်ဖိတ်ခေါ်ကမ်းလှမ်းခဲ့ ပါကြောင်း။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များပါဝင် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့-JCB တွင်လည်း NCA လက်မှတ်ရေးထိုး ထားသည့် အဖွဲ့များအပြင် လက်မှတ်မထိုးရသေးသည့် အဖွဲ့များ ကိုလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံအစည်းအဝေး တက်ရောက်နိုင်ရန်လည်း လမ်းဖွင့် ပေးခဲ့ပါကြောင်း၊ ထိိုသို့သော လုပ်ဆောင်ချက်များသည် NCA လက်မှတ် မရေးထိုးရ သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် Ownership ရရှိရန် အလေးထားအသိအမှတ်ပြု ဆောင်ရွက်နေခြင်းပင် ဖြစ်ပါကြောင်း။

၂၀၁၈ ဒီဇင်ဘာ ၁၂  ရက်က တရုတ်နိုင်ငံ ကူမင်းမြို့တွင်  ငြိမ်းချမ်းရေးကော် မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် MNTJP ၊ PSLF ၊ ULA အဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးပွဲအပြီးတွင် ကောင်းမွန်သည့် ငြိမ်းချမ်းရေးအခင်းအကျင်း ကို ဖန်တီးနိုင်ရန်အတွက် စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်း အရ ဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း၊ နိုင်ငံရေး နည်းလမ်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက် ပါဝင်သွားမည်ဖြစ်ကြောင်းကို MNTJP ၊ PSLF ၊ ULA (၃)ဖွဲ့က သဘောထားထုတ်ပြန်ခဲ့ ပါကြောင်း။

တပ်မတော်ဘက်ကလည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ စစ်ဆင်ရေးနယ် မြေအလိုက် စစ်ရေးလှုပ်ရှားမှု အားလုံးကိုရပ်ဆိုင်းပေးမည်။ တပ်လှုပ်ရှားမှုရပ်ဆိုင်းထား သည့်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NRPC နှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးသွာရန်၊ လိုအပ်ပါက တပ်မတော်ညှိနှိုင်းဆွေးနွေးရေး အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသွားရန် တပ်မတော်က ထုတ်ပြန်ခဲ့ပါကြောင်း။

ထုတ်ပြန်ချက်များအပေါ် အဖွဲ့အစည်းအသီးသီးကလည်း ကြိုဆိုကြောင်း သဘောထား များကို ထုတ်ပြန်ခဲ့ကြပါကြောင်း၊  အဆိုပါ ဆောင်ရွက်ချက်များ၏ အကျိုးဆက်အနေ ဖြင့် ယနေ့ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ (၈)ဖွဲ့နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနိုင်သည့် အခင်းအကျင်းရောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြခြင်းပင်ဖြစ်ပါကြောင်း။    

 လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းခဲ့ကြရာတွင် ယနေ့အထိ ပြဿနာကို ဖြေရှင်း နိုင်ခဲ့ခြင်းမရှိသည်ကို အားလုံးလက်ခံရမည် ဖြစ်ပါကြောင်း၊  လက်နက်ကိုင်ပဋိပက္ခများ ၏ဇစ်မြစ်သည် နိုင်ငံရေးပြဿနာပင်ဖြစ်ပါကြောင်း၊ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင် သေးသရွေ့ လက်နက်ကိုင်ပဋိပက္ခသည် အဆိုးကျော့သံသရာလည်နေအုံးမည် ဖြစ်ပါ ကြောင်း။

ထို့ကြောင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းရန်ဆိုပါက အားလုံးသဘောတူ လက်ခံ နိုင်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်သည်ဆိုသည်ကို အားလုံးက ယုံကြည်ထားကြပါကြောင်း၊  မည်သို့သော ဖက်ဒရယ်မျိုးလဲဆိုသည်ကို ဝိုင်းဝန်းပုံဖော်ပေးကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ အစည်းအဝေးကို ကျင်းပနေခြင်းဖြစ်ပါကြောင်း။

NLD အစိုးရလက်ထက်တွင် (၂၁)ရာစုပင်လုံညီလာခံကို (၃)ကြိမ် ကျင်းပခဲ့ပြီး အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအတွက် ဖက်ဒရယ်အခြေခံမူသဘော တူညီ ချက် (၅၁) ချက်ကို ညီလာခံကသဘောတူချမှတ်နိုင်ခဲ့ပါကြောင်း၊ သို့သော်    NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်နိုင်မှု မရှိသေး သည့်အတွက် ဒီမိုကရေစီ ဖက်ဒရယ်အခြေခံမူများ ချမှတ်ရာတွင် လိုအပ်ချက်များ ရှိနေသေး သည်ဟု ပြောရမည်ဖြစ်ပါကြောင်း၊ NCA လက်မှတ်မရေး ထိုးရ သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်လာမည်ဆိုပါ က ပြည်သူတစ်ရပ်လုံးမျှော်လင့် နေသည့် နိုင်ငံရေးညီလာခံကြီး ဖြစ်လာမည်ဖြစ်ပါ ကြောင်း၊  (၂၁)ရာစုပင်လုံညီလာခံ တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအား လုံး စုံစုံညီညီတက်ရောက်သည့် ညီလာခံကြီး ဖြစ်လာရန် မျှော်လင့်ပါကြောင်း။    

နိုင်ငံတော်အနေဖြင့် NCA တွင် ယခုတက်ရောက်လာသည့် အဖွဲ့များအားလုံး လက်မှတ်ရေးထိုးပြီး အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပနိုင်ရန်၊ နိုင်ငံရေး ဆွေးနွေးပွဲများကို အပစ်အခတ်ရပ်စဲထားပြီးကျင်းပရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊  နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု ကို အခြေခံသော သဘောတူညီချက်များရရှိပြီး ပြည်ထောင်စုငြိမ်းချမ်းရေးကို ရယူရန် ဆောင်ရွက်နေခြင်း ပင်ဖြစ်ပါကြောင်း။

အစိုးရနှင့် တပ်မတော်အနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကို လက်ခံသဘောတူထားပြီးဖြစ်ပါကြောင်း၊ မည်သို့သော ဖက်ဒရယ်ဆိုသည့်ကိစ္စကိုသာ နိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေးရန်ဖြစ်ပါကြောင်း။

ရခိုင်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများသည် မည်သည့်အဖွဲ့ကိုလက်ခံသည်၊ လက်မခံ သည်ဆိုသည့် သဘောကြောင့် ဖြစ်ပွားနေခြင်းမဟုတ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် အဖြူ ရောင်နယ်မြေဖြစ်ပါကြောင်း၊ အဖြူရောင်နယ်မြေကို လက်နက်ကိုင်အဖွဲ့အစည်းများ အခြေချရန် ကြိုးစားခြင်းသည် လုံခြုံရေးခြိမ်းခြောက်မှုဖြစ်သည့်အတွက် အစိုးရဖက်က ထိုက်သင့်သည့် လုံခြုံရေးဆောင်ရွက်ချက်များကို လုပ်ဆောင်နေခြင်းသာဖြစ်သည်ကို ကို နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း။

နှစ်ပေါင်း (၇၀)ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ၏သင်ခန်းစာနှင့် လက်ရှိ ရခိုင်ပြည်သူများ၏ အခြေအနေများအရ လက်နက်ကိုင်ပြီး အခွင့်အရေးတောင်းဆိုမည့်အစား နိုင်ငံရေးစားပွဲဝိုင်းကို လာရောက်ကြရန် အလေး အနက်ထားပြောကြားလိုပါကြောင်း။    

NCA လမ်းကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာရန် အစိုးရနှင့် တပ်မတော်က ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပါကြောင်း၊ NCA သည် လမ်းဆုံး မဟုတ်ဘဲ နိုင်ငံရေးတံခါးကို စတင်ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NCA တွင် ပါဝင် လက်မှတ်ရေးထိုးရန် အတွက် စိုးရိမ်စိတ်များ၊ အခက်အခဲများ ရှိပါက ပွင့်ပွင့်လင်းလင်းပြောကြားပေးရန် တိုက်တွန်းပါကြောင်း။

ယခုလိုစားပွဲတွင် မျက်နှာစုံညီစုဝေးပြောကြားနေသည့် အနေအထားကို ယခင် ကာလတုန်းက စိတ်ကူးထဲတွင်တောင် မရှိခဲ့ကြသည့် အနေအထားမှ ယနေ့ အနေအ ထားသည် တန်းတူရည်တူအပြန်အလှန် ဆွေးနွေးနေနိုင်ကြပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလိုအနေအထားတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိ်မ်းချမ်းရေးရရှိရန်အတွက် အချင်းချင်း အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုတို့နှင့် ညှိနှိုင်းဆွေးနွေး အဖြေရှာ ပေးကြရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပါဝင်နိုင်ရေး ကြိုးပမ်းပေးကြရန် တိုက် တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ ကချင်ပြည်လွတ်မြောက် ရေးအဖွဲ့(KIO)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ(PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုး သားပါတီ(MNTJP)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်(ULA)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့မှ ခေါင်းဆောင် များနှင့် ကိုယ်စားလှယ်များက ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ အဖွဲ့အစည်းအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့တို့မှ ကိုယ်စားလှယ်များက ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန် NCA-NS EAO များ၏ အခန်းကဏ္ဍ၊ ဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများအရေး၊ တပ်မတော်နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးနိုင်ရေး၊ သဘောတူညီချက်ထုတ်ပြန်နိုင်ရေးနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြသည်။

ယင်းနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနနှင့် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှခေါင်း ဆောင်များ တွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး တကယ့် ကိုအရေးပါသည့်၊ သမိုင်းဝင်သည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ အစိုးရ၊ တပ်မတော်၊ အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် လက်မှတ်မရေးထိုးရသေး သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး ခြင်းသည် ဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ပွဲများကို လျော့ချနိုင်မည်ဖြစ်သော ကြောင့် အဆိုပါတိုက်ပွဲများ၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိမိတို့၏ ညီအကိုမောင်နှမများနှင့် မိဘပြည်သူများ၏ ဒုက္ခ၊ စိုးရိမ်ကြောင်းကြမှုနှင့် ဆင်ရဲမှုများကို များစွာ လျော့ချပေးနိုင်မည်ဖြစ်ပါကြောင်း။

မိမိ၏ ကံကောင်းခြင်း၊ ကံမကောင်းခြင်း အားလုံးသည် မိမိ၏ ရတနာဖြစ်သည် ဟု ယုံကြည်ပါကြောင်း၊  မိမိနှင့် မိမိပတ်ဝန်းကျင်တွင်ရှိသည့် တိုင်းသူပြည်သားများ၊ ဒေသခံပြည်သူများ၏ ဒုက္ခဆင်းရဲနှင့် စိုးရိမ်ကြောင့်ကြမှုများ မည်မျှအထိ လျော့နည်း သွားသည်ဆိုသည်မှာ အဖြေတစ်ခုဖြစ်ပါကြောင်း၊ စေတနာကောင်းပါက ကံကောင်း မည်ဖြစ်ပါကြောင်း၊ စေတနာဖြစ်ရန် ဆန္ဒရှိရန်လိုအပ်ပါကြောင်း၊ ငြိမ်းချမ်းရေးကို အမှန် တကယ်လိုချင်သည့် ဆန္ဒရှိပါက မိမိတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အမှန်တကယ် အောင်မြင်မည် ဖြစ်ပါကြောင်း။

အစိုးရ၊ တပ်မတော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနနှင့် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခြင်းသည် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး ဖြေရှင်နိုင်မည့် နည်းလမ်းတစ်ခုဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ဆုံးဖြတ်ချက် ချနိုင်သည့်အဖြေတစ်ခုကို မိမိတို့ ဖန်တီးပေးရန်လိုအပ်ပါကြောင်း၊ နှစ်လတစ်ကြိမ် လောက်တွေ့ဆုံဆွေးနွေးရန်လိုအပ်ပါကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးပွဲများမှ  ရလဒ် များတိုးတက်လာပါက အဆိုပါရလဒ်များကိုအခြေခံ၍ ဒေသခံပြည်သူတွေအတွက် စဉ်းစားပြီး ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ပေးကြရန် တိုက်တွန်းပြောကြားပြီး အစည်း အဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားလိုက်သည်။

အဆိုပါ အစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊  အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(အငြိမ်းစား) ဦးခင်ဇော်ဦး၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်စိုး၊ အထောက်အကူပြုအဖွဲ့ဝင် ဦးမိုးဇော်ဦး၊ နိ်ုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများဖြစ်ကြသည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင် ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံး ရေးကော်မတီ(PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန်တရား နှင့် တရားမျှတသော အမျိုးသားပါတီ(MNTJP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)နှင့် ကရင်နီအမျိုး သားတိုးတက်ရေး ပါတီ(KNPP)တို့မှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

Related Articles