ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ တွေ့ဆုံမည်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ တွေ့ဆုံမည်

Thu, 04/11/2019 - 09:15
Posted in:
0 comments

ရန်ကုန် ဧပြီ ၁၀

ဆွေးနွေးပွဲများ စတင်နိုင်ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ဧပြီ ၁၁ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NPRC)၌ အလွတ်သဘော တွေ့ဆုံကြမည်ဖြစ်သည်။

 

အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် KNU  အဖွဲ့ ကိုယ်စားလှယ်ခေါင်းဆောင်အဖြစ် KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး ပါဝင်ပြီး ပဒိုစောလှထွန်း (တွဲဖက်အတွင်းရေးမှူး-၂)၊ ပဒိုစောဆဲဂေ (ဗဟိုအမြဲတမ်းကော်မတီဝင်)၊ တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဝင်များဖြစ်သော စောတာမလာသောနှင့် စောတာမူလာတို့ ပါဝင်တက်ရောက်သွားကြမည်ဟု KNU ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အလွတ်သဘော တွေ့ဆုံဆွေးနွေးရာတွင် အစိုးရ ကိုယ်စားလှယ်အဖြစ် NRPC ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်း ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်တို့ ပါဝင်မည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေထံမှ သိရသည်။

 

ဦးလှမောင်ရွှေက “KNU က ဆွေးနွေးမယ့် ကိုယ်စားလှယ်စာရင်း မနေ့ညနေပိုင်းကမှ လက်ခံရရှိတယ်။ ကိုယ်စား လှယ်စာရင်း လက်ခံရရှိပြီးမှ ဆွေးနွေးဖို့အတွက် အစိုးရကိုယ်စားလှယ်ကို ကျွန်တော်တို့က ပြန်ပြီး စုဖွဲ့ ဆွေးနွေးခဲ့တာရှိတယ်။NRPC အဖွဲ့ဝင် လူကြီးတွေ အဓိက ပါပါမယ်။ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနဲ့ အချို့ပုဂ္ဂိုလ်တွေပါမယ်။ NRPC အဖွဲ့ဝင်ထဲမှာ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး နှစ်ဦးလည်းပါတော့ သူတို့လည်း တက်မှာပါ”ဟုပြောသည်။

 

ကရင်အမျိုးသားအစည်းအရုံး(KNU) သည် ၂၀၁၈ အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေး အပြီးတွင် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးများကို တက်ရောက်ရန်အတွက် ယာယီရပ်ဆိုင်းခဲ့သည်။

 

ဧပြီ ၁၁ ရက်တွင် အစိုးရနှင့်တွေ့ဆုံမည့် အလွတ်သဘောဆွေးနွေးမှု၌ KNU အနေဖြင့် တရားဝင်ဆွေးနွေးပွဲ များတွင် ပါဝင်ခြင်းကို ယာယီရပ်ဆိုင်းထားရသည့် အခြေခံအကြောင်းတရားများ အပြင် ရှေ့ဆက် လုပ်ဆောင်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို မည်သည့်ပုံစံဖြင့် သွားလိုသည်ဆိုသည့် သဘောထားများအား ချပြဆွေးနွေးသွားမည်ကြောင်း Karen National Union Headquarters ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဦးလှမောင်ရွှေက “ကျွန်တော်တို့ နှစ်ဖက်စလုံးအနေနဲ့ကတော့NCAလက်မှတ်ရေးထိုး ထားတာရှိတယ်။ NCA လက်မှတ်ရေးထိုးတဲ့အထဲမှာလည်း NCA ပြဋ္ဌာန်းချက်တွေကို အောင်မြင်တဲ့အထိ ဆောင်ရွက်ဖို့ ကတိပြုထားတာ ရှိတယ်။ အဲဒီမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကနေပြီးတော့ ပြည်ထောင်စု သဘောတူစာချုပ် (Union Accord) ရအောင် ဆောင်ရွက်ဖို့ပါတဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ သဘောထားပါမှပဲစုစည်းလို့ရမယ်။ အဲဒီမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UDPJC) အစည်းအဝေးတွေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (UPC) အစည်းအဝေးတွေ ပြဋ္ဌာန်းတာပါတယ်။ ပြီးရင် ကျွန်တော်တို့ နှစ်ဖက် ညှိနှိုင်းဆွေးနွေးပြီးတော့မပြေလည်ဘူးဆိုရင် တစ်နိ်ုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)  လိုမျိုး ပြဋ္ဌာန်းတာတွေ ပါတယ်။ အခုတော့ ကျွန်တော်တို့ ဒီအရှည်အတိုင်းဆက်ပြီး ဆောင်ရွက်နိုင်ဖို့ဆိုရင် တရားဝင်ဆွေးနွေးပွဲတွေ ဖြစ်ဖို့လိုတယ်။ ဒါကြောင့် လိုအပ်တဲ့ဆွေးနွေးမှုတွေကို မနက်ဖြန်မှာ ဆောင်ရွက်မှာပါ။ ကျွန်တော်တို့ဘက်က အဓိကကတော့ တရားဝင်ဆွေးနွေးပွဲတွေမှာ ပါဝင်ပြီးတော့ NCA ပြဋ္ဌာန်းချက်နဲ့အညီ နိုင်ငံရေးသဘော တူညီချက်တွေရအောင် ပြဋ္ဌာန်းချက်အတိုင်း ဆက်လက်ဆောင်ရွက်ဖို့ပါပဲ”ဟု ပြောသည်။

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး ဦးဆောင် သော တွေ့ဆုံဆွေးနွေးရေးအဖွဲ့သည် လက်ရှိမြေပြင်တွင် ဖြစ်ပွားနေသည့် တပ်ပိုင်းဆိုင်ရာ အငြင်းပွားမှုများ၏ အခြေခံအကြောင်းတရားများကို အဖြေရှာ၍ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်ရေးကို ရည်ရွယ်ကာ တပ်မတော်ဘက်မှတပ်ပိုင်းဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့နှင့် ဧပြီ ၁၂ ရက်တွင် တွေ့ဆုံသွားရန် အဆိုပြုထားကြောင်း သိရသည်။

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် လိုအပ်သော မူဝါဒများချမှတ်ပေးခြင်းနှင့် ဦးဆောင်လမ်းညွှန်မှုပေးခြင်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးအမိန့်အမှတ် ၅၀/၂၀၁၆ ဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

 

Related Articles