အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

Fri, 04/12/2019 - 10:57
Posted in:
0 comments

 

နေပြည်တော် ဧပြီ ၁၁

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နှင့် ကရင် အမျိုးသားအစည်းအရုံး(KNU)တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင် ပြည် ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် KNU နှင့် RCSS အဖွဲ့နှစ်ဖွဲ့၏ တစ်ချိန်တည်း တစ်ပြိုင်တည်း ထုတ်ပြန်ခဲ့သည့် ထုတ်ပြန် ကြေညာချက်များ ထွက်ပေါ်လာပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ခေတ္တ ယာ ယီအားဖြင့် ရပ်ဆိုင်းသွားခဲ့ရပါကြောင်း၊ ခေတ္တယာယီ ရပ်ဆိုင်းထားချိန်တွင် ငြိမ်းချမ်း ရေးကော်မရှင်နှင့် KNU အကြား အလွတ်သဘောတွေ့ဆုံမှု ၆ ကြိမ်ကျော် ပြုလုပ်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြပါကြောင်း။

အဆိုပါတွေ့ဆုံမှုများသည် ငြိမ်းချမ်းရေးဖြစ်စဉ် ရပ်တန့်မသွားစေရန်၊ မပြေလည် မှုများမှ တိုက်ပွဲများဆီ ပြန်ရောက်မသွားစေရန်၊ အဓိကဒုက္ခကြုံတွေ့ရမည့် ဒေသခံပြည် သူများ မထိခိုက်စေရန်၊ နှစ်ဖက်ပါဝင်သူများက ကြိုးပမ်းအားထုတ်နေကြခြင်းဖြစ်သည် ဟုအပြုသဘောရှုမြင်ပါကြောင်း၊ ယခုကဲ့သို့ အားထုတ်ခဲ့ကြသည့်အတွက်လည်း ဆွေးနွေး ပွဲများ ရပ်ဆိုင်းထားသည့်ကာလတွင် ကြီးကြီးမားမား ပဋိပက္ခများ ဖြစ်ပေါ်ခြင်းမရှိခဲ့မှု အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။

 ငြိမ်းချမ်းရေးခရီးဆိုသည် အစဉ်အမြဲ အနိမ့်-အမြင့်၊ အတက်-အကျများနှင့် ရင် ဆိုင်ရသည်မှာ ဓမ္မတာဖြစ်ပါကြောင်း၊ အဓိကအချက်သည် ပါဝင်သူများ၏ ငြိမ်းချမ်းရေး တည်ဆောက်လိုသည့် နိုင်ငံရေးဆန္ဒနှင့် စိတ်ရင်းစေတနာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည် လွှတ်လပ်ရေးနှင့်အတူ သက်တမ်းရှည်ကြာ ခဲ့ခြင်းဖြစ်သည့်အတွက် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ဟုပင် နိုင်ငံတကာ က ခေါ်တွင်နေကြသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို မျိုးဆက်များ ဆက်ပြီး လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သည့်အတွက် ယနေ့အချိန်ထိ မငြိမ်းသတ်နိုင်ဘဲ ရှိနေဆဲဖြစ်ပါကြောင်း၊ မိမိတို့အားလုံးသည် လက်နက် ကိုင်ပဋိပက္ခကို စတင်ခဲ့ကြသူများ မဟုတ်ပါကြောင်း၊ အဆိုပါ ပဋိပက္ခကို ချုပ်ငြိမ်းနိုင်ပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေကြသူများဖြစ်ပါ ကြောင်း။

 ယခုလက်ရှိ ရရှိထားသည့် ငြိမ်းချမ်းစအခြေအနေကို ပြိုကွဲပျက်စီးအောင် ဖန်တီး ရန် အလွန်လွယ်ကူပါကြောင်း၊ ငြိမ်းချမ်းရေးကို တည်ဆောက်ကြသူများသည် အမှန် တစ်ကယ် ဆုံးဖြတ်နိုင်သည့်၊ သတ္တိရှိသည့်သူများဟု ဆိုနိုင်ပါကြောင်း၊ KNU ဥက္ကဋ္ဌ ဖထီးမူတူးဆေးဖိုး ပြောသကဲ့သို့ သတ္တိရှိမှငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ် သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောခဲ့သည့်အတိုင်း စေ့စပ်ညှိနှိုင်းဆွေးနွေးရာ တွင်လည်း သတ္တိနှင့် ရဲရင့်မှုတို့ လိုအပ်မည်ဖြစ်ပါကြောင်း။

 နိုင်ငံတကာ အတွေ့အကြုံများအရ နိုင်ငံရေးဆွေးနွေးပွဲများ၌ ဒူးတိုက်ဆွေးနွေး သည့်အခြေအနေများ ရောက်ရှိလာသည့်အချိန်တွင် လုံခြုံရေးကဏ္ဍနှင့် ဆက်စပ်၍ စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာပြီး စိုးရိမ်မှုများကြောင့် ဘက်ပေါင်းစုံမှ နောက်ပြန်ဆွဲမှု များကြုံရနိုင်သည်ကို NCA ညှိနှိုင်းစဉ် အချိန်ကတည်းက သတိပြုခဲ့ပါကြောင်း၊ ထို့ကြောင့် ဆွေးနွေးမှုများတွင် မပြေလည်မှုများ ဖြစ်ပေါ်လာပါက ဆွေးနွေးညှိနှိုင်းသည့် နည်းလမ်း ကို အခြေခံဖြေရှင်းရန် NCA တွင် ထည့်သွင်း ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း။

NCA ကိ်ုလက်မှတ်ရေးထိုးထားသည့် တပ်မတော်အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် အဆိုပါ သဘောတူစာချုပ်တွင် ပါဝင်သည့်အချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွပူးပေါင်းဆောင်ရွက်ကြရန် သန္နိဋ္ဌာန်ချခဲ့ကြပြီးဖြစ်ပါကြောင်း။

ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ တတိယအစည်း အဝေး၏ ထုတ်ပြန်ကြေညာချက်သည် ညီလာခံကိုယ်စားလှယ်အားလုံး၏ သဘောထား နှင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းမှာ ညီလာခံ တစ်ဆင့်ချင်းထားရှိသင့်သည့် ရည် မှန်းချက်များကို အားလုံးစုပေါင်းပြီး ဝိုင်းဝန်းကြိုးပမ်းကြရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ခဲ့ ခြင်းဖြစ်ပါကြောင်း၊ ထိုထုတ်ပြန်ကြေညာချက်အပေါ်တွင် အပြင်မှ ကောက်ယူချက် အမျိုးမျိုး၊ ဘာသာပြန်ဆိုချက် အမျိုးမျိုးနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား လိုရာဆွဲ၍ ပြောကြားမှုများ ပေါ်ပေါက်ခဲ့ပါကြောင်း။

NCA ညှိနှိုင်းစဉ်အချိန်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ပြည်ပပါဝင်မှု အခန်းကဏ္ဍကို မိမိတို့အကြား အကြိတ်အနယ် ဆွေးနွေးသုံးသပ်ပြီး သတိနှင့်ရေးဆွဲခဲ့ ကြသည်ကို ခေါင်းဆောင်များအနေဖြင့် အထူးအလေးအနက်ထားကြစေလိုကြောင်း။

 အဖွဲ့အစည်းတစ်ခုချင်းစီတွင် ချမှတ်ထားသည့် မူဝါဒများ၊ ရပ်တည်ချက်များ အသီးသီးရှိကြပါကြောင်း၊ ဆွေးနွေးပွဲများသို့ တက်ရောက်ကြသည့်အခါ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ရပ်တည်ချက်များကို လှေနံဓါးထစ် ဆုပ်ကိုင်ထားခြင်းမျိုးမဟုတ်ဘဲ အပေး အယူ၊ အလျှော့ အတင်းဖြင့် စေ့စပ်ညှိနှိုင်း ဆွေးနွေးနိုင်သည့် အတိုင်းအတာနှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းလိုက်ရန် အရေးကြီးပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံ ရေးဆွေးနွေးပွဲများတွင် အစုအဖွဲ့တစ်ခုချင်း၏ လိုလားချက် ရာခိုင်နှုန်းပြည့် ရရှိနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပါကြောင်း။

အပြန်အလှန် နားလည်မှုဖြင့် အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်နိုင်မှသာ စေ့စပ်ညှိနှိုင်းခြင်းကို အောင်မြင်စေမည်ဖြစ်ပါကြောင်း၊နိုင်ငံတော်အစိုးရအနေဖြင့်၊NRPC ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် မည်သူ့ကိုမျှ အပြစ်မတင်ပါကြောင်း၊ မိမိတို့အားလုံးသည် ငြိမ်းချမ်းရေးကို အတူလျှောက်လှမ်းနေသည့် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားနေကြသူများဟု ခံယူပါကြောင်း၊ အဖွဲ့အစည်းအတွင်း မည်သည့် အခက်အခဲများနှင့်တွေ့ကြုံရသည်ဖြစ်စေ ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန် မိမိတို့အားလုံး မည်သို့ကူညီဖြေရှင်းနိုင်မည်ကို စိတ်ရင်းစေတနာနှင့် တွေ့ဆုံညှိနှိုင်းခြင်း ဖြစ်သည်ကို အလေးအနက်ထား ပြောကြားလိုပါကြောင်း။

သမိုင်းကြောင်းတစ်လျှောက် ထဲထဲဝင်ဝင်လေ့လာကြည့်ပါက နိုင်ငံရေးဆွေးနွေး ပွဲဟူသည်ကို မိမိတို့ခေတ်မှသာ နှစ်ဖက်သဘောတူညီချက်များဖြင့် ဆောင်ရွက်ကြခြင်း ဖြစ်ပါကြောင်း၊ တော်လှန်ရေးကောင်စီခေတ် ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုများဖြင့် ကြိုးပမ်းခဲ့သော်လည်း မဖြစ်ခဲ့ပါကြောင်း၊ တပ်မတော်အစိုးရခေတ်တွင် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူညီချက်များအထိ ရောက်ရှိခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲများကို နောင်ရွေးကောက်ပွဲများမှ တက်လာမည့် အစိုးရများလက်ထက်တွင် ဆက်လက်ဆောင် ရွက်ရန် ထားခဲ့ခြင်းဖြစ်ပါကြောင်း။

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ လက်မှတ်ထိုးသည့်အဆင့်ထိ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံကို အချိန်ဇယားအရ ကျင်းပပြုလုပ်ရခြင်းဖြစ်၍ နိုင်ငံရေးဆွေး နွေးသည့်အဆင့်ထိ မရောက်ခဲ့ပါကြောင်း၊ ယခုအခါတွင် အမှန်တကယ် စေ့စပ်ညှိနှိုင်း ဆွေးနွေးရသည့် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာခဲ့ပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် သမိုင်းကြောင်းတစ်လျှောက် ပေါ်ပေါက်လာသည့် နိုင်ငံရေးဆွေးနွေးပွဲများဟု ပြောဆိုရ မည်ဖြစ်ပါကြောင်း။

နိုင်ငံ၏ ပထမဆုံးပေါ်ပေါက်လာသည့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်သည့်အတွက် မည်သူမှ အတွေ့အကြုံမရှိပါကြောင်း၊ မကြေလည်မှုများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများ သည် မလွဲမသွေကြုံတွေ့ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ အားလုံး၏ အခက်အခဲ၊ စိန်ခေါ်မှု များဟု သိမြင်ခံယူပြီး အတူတကွ ဆွေးနွေးညှိနှိုင်း ဖြေရှင်းသွားနိုင်ရန် အထူးအရေး ကြီးပါကြောင်း၊ ရှိရင်းစွဲ အခြေအနေတစ်ခုမှ နောက်ထပ်အပြောင်းအလဲကို ဦးတည် လျှောက်လှမ်းသည့်အခါ ခုခံမှုများ၊ ပွတ်တိုက်မှုများ ဖြစ်ပေါ်လာစမြဲဖြစ်ပါကြောင်း၊ အပြောင်းအလဲများကို ဖန်တီးကြသည့်အခါ ကြုံတွေ့ရလေ့ရှိသည့် ခုခံမှုဟု ရှုမြင်ပြီး အစုအဖွဲ့တစ်ခု၏ အခက်အခဲကို အားလုံးက ဝိုင်းဝန်းကူညီဖြေရှင်ပေးနိုင်ရန် ကြိုးစား အားထုတ်နိုင်မှသာ နိုင်ငံရေးဆွေးနွေးပွဲများ ချောမွေ့အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် တရားဝင်ဆွေးနွေးပွဲများကို အမြန်ဆုံးစတင်လိုပါ ကြောင်း၊  ထိိုသို့ စတင်နိုင်ရန် ရှိနေသည့် အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းရန် ပူးပေါင်းဖြေရှင်းရန် အသင့်ရှိနေသည်ကို အလေးအနက်ပြောကြားလိုပါကြောင်း။

နေပြည်တော်ရှိ NRPC စားပွဲဝိုင်းကို အခက်အခဲအမျိုးမျိုးကြားက ရောက်အောင် လှမ်းခဲ့ကြသည့် KNU ခေါင်းဆောင်များကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့ဆွေး နွေးပွဲတွင် မိမိတို့၏ အခက်အခဲများ၊ လိုလားချက်များကို ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး ပြောပြပြီး ဝိုင်းဝန်းအဖြေရှာရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ပြောကြား သည်။

ဆက်လက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ယခုလို KNU နှင့် NRPC အကြားတွင် တွေ့ဆုံနိုင်ခွင့် တောင်းဆို သည့်နေရာတွင် အလွတ်သဘော လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းဖြင့် မိမိတို့ ကြားထဲတွင်ရှိသည့် မတူညီမှုများအား မည်သို့အဖြေရှာရမည်ကို ဆွေးနွေးရန် ရည်ရွယ် ချက်ဖြင့် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ အလွတ်သဘောဆွေးနွေးပွဲ ဆိုသော်လည်း မိမိတို့နိုင်ငံ မိမိတို့၏အနေအထားဖြင့် နိုင်ငံရေးယဉ်ကျေးမှုအပေါ်တွင် အခြေခံပြီး လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးစေလိုပါကြောင်း။

သို့မှသာ ပေါ့ပေါ့ပါးပါးဖြင့် အဖြေရှာပြီး မည်သို့ရှေ့ဆက်သွားနိုင်မည်ဆိုသည့် အပိုင်းကို သွားရန်ဖြစ်ပါကြောင်း၊ KNU အနေဖြင့် သန္နိဋ္ဌာန် ခိုင်ခိုင်မာမာချ၍ NCA ၏ ပေးထားချက်များအတိုင်း တစ်စိုက်မတ်မတ်သွားနေသည်ကို ထပ်လောင်း ပြောကြား လိုပါကြောင်း၊ NCA တန်ဖိုးနှင့် မိမိတို့ကြားတွင်ရှိသည့် နိုင်ငံရေးယဉ်ကျေးမှုအပေါ် အခြေခံပြီး ရရှိလာသည့်တန်ဖိုးများကို မိမိတို့ အလွန်တန်ဖိုးထားသည့်အပြင် ၎င်းတန် ဖိုးအပေါ်တွင် တစ်ဖက်က နားလည်ယုံကြည်သည့် အဓိပ္ပာယ်ဖွင့်ဆိုမှုမျိုးကို ရရှိရန် မိမိတို့မျှော်လင့်ပါကြောင်း၊ အဆိုပါအခွင့်အရေးကို ယနေ့အထိမရရှိသေးသည့် အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ယခုကဲ့သို့သော အခက်အခဲများဖြင့် တွေ့ကြုံနေရခြင်း ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။

NCA သည် မတူညီသည့် အခြေအနေနှစ်ခုက ဆင်းသက်ခဲ့သည့် အခြေခံမှု များဖြင့် သွားသည်ဆိုသော်လည်း နှစ်ဖက်လက်ခံနိုင်သည့် အဓိပ္ပာယ်အနေအထား ရောက်အောင် မိမိတို့ ဆက်လက်ဆွေးနွေးရန် လိုအပ်နေသည့်အတွက် NCA ၏ ပေး ထားချက်များအပေါ် ကွဲပြားစွာ အဓိပ္ပာယ်ဖွင့်ဆိုပြီး အကောင်အထည်ဖော်နေမှုများသည် မဖြစ်မနေ ညှိနှိုင်းရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း။

မိမိတို့ အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှု များဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြီးပြတ်အောင်မြင်သည်အထိ လုပ်ဆောင်ရန် သန္နိဋ္ဌာန် ချမှတ်ထားသည့်အပြင် တန်းတူ ညီမျှမှု၊ အပြန်အလှန်လေးစားမှု၊ နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ခုဖြစ်သည့် အကြေ အလည်ဆွေးနွေးညှိနှိုင်းခြင်း၊ အင်အားအသုံးမပြုခြင်းဆိုသည့် အခြေခံမှုများကို ကိုင်စွဲ ပြီးသွားမည်ဆိုပါက ရင်ကြားစေ့ရေးနှင့် တစ်ဖက်နှင့်တစ်ဖက် နားလည်ယုံကြည်မှုများ ကို ပိုမိုတည်ဆောက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင်  ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊  အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ငြိမ်း ချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ ဝင် ဦးလှမောင်ရွှေ၊ အထောက်အကူပြုအဖွဲ့ဝင် ဦးမိုးဇော်ဦးနှင့် နိ်ုင်ငံတော်အတိုင်ပင် ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က နိုင်ငံအတွင်း ထာဝရငြိမ်းချမ်း ရေးရရှိရန်အတွက် NCA ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ ဆောင်ရွက်လျက်ရှိသည့် ၂၀၂၀ မတိုင်မီ နှင့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး၊ တွေ့ကြုံရသည့် အခက်အခဲများ ကျော်လွှားနိုင်ရေး၊ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးနှင့် ကိုယ်စားလှယ်များက KNU အနေဖြင့် NCA ၏ပေးထားချက်များ အပေါ်တွင် တူညီသည့်နားလည်မှုကို အခြေခံပြီး ပြည်ထောင်စုကြီး တည်ဆောက်ရန်၊ အဖွဲ့အစည်းများအကြားရှိ နက်ရှိုင်းသည့် ကွာဟမှုများ၊ အခြေခံမူများအပေါ်မူတည်ပြီး ရှေ့ဆက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ မည်သို့ချမှတ်ဆောင်ရွက်မည်၊ KNU အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရောက်ရှိနိုင်ရန် မည်သို့သောလုပ်ငန်းစဉ်များကို ချမှတ်သွားသင့်သည်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဖွဲ့ဝင်များနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့မှ ကိုယ်စားလှယ်များက ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖော်ဆောင် မှုနှင့် စပ်လျဉ်းသည့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့နောက် ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက မိမိတို့ တက်တက်ကြွကြွ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်သည့် အခွင့်အရေးရခြင်းသည် အလွန်ကောင်းမွန်ကြောင်း၊ ယခုတွေ့ဆုံမှုမှ တစ်ဖက်နှင့် တစ်ဖက်အကြားရှိ ကွာဟမှုများကို အတူတကွ ဆက်လက် ညှိနှိုင်းသွားနိုင်လောက် သည့် အနေအထားတစ်ခု ရရှိမည်ဆိုသည်ကို ယုံကြည်ပါကြောင်း၊ ယနေ့ဆွေးနွေး ပွဲတွင် မိမိတို့ဘက်က ရှေ့ဆက်ညှိနှိုင်းရန် အခက်အခဲဖြစ်နေသည့် အနေအထားများကို ကျော်လွှားနိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် အရောက် သွားနိုင်သည့် တင်ပြချက်များကို ရွေးချယ်ပေးခဲ့ပါကြောင်း၊ ယခုကဲ့သို့ တက်တက်ကြွ ကြွဖြင့် ပြင်ဆင်ထားသည့် အဆိုပြုလွှာကိုလည်း ရရှိခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ ကောင်းမွန်ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိအောင် နိုင်ငံရေး ယဉ်ကျေးမှုအသစ်ကို အခြေခံပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက KNU ခေါင်းဆောင်များ အနေဖြင့် NCA ကို အလွန်တန်ဖိုးထားကြောင်း၊ ခိုင်ခိုင်မာမာရပ်တည်ကြောင်း၊ NCA ၏ အခြေခံမူများနှင့်အညီ ရေရှည်တည်တံ့စေမည့် ငြိမ်းချမ်းရေးကို မရောက်ရောက်အောင် သွားမည့်ကိစ္စနှင့်ပတ်သက်၍ ယနေ့ ဆွေးနွေးခဲ့ကြသည်ကို ကြားသိရသည့်အတွက် အလွန်ဝမ်းသာပါကြောင်း၊ လေးစားရပါကြောင်း၊ အမှန်တကယ် KNU အဖွဲ့သည် NCA လက်မှတ်မထိုးခင်ကတည်းက သဘောတူညီချက်များနှင့် ငြိမ်းချမ်းရေးကို တန်ဖိုးထား ပြီး အပစ်အခတ်ရပ်စဲရေးကို အစောဆုံးနှင့် အရှည်ကြာဆုံး သန္နိဋ္ဌာန်ချ ဆောင်ရွက်ခဲ့ သည့် အဖွဲဲ့အစည်းတစ်ခုလည်း ဖြစ်ပါကြောင်း။

ယနေ့တွင် NCA စာချုပ်နှင့်ပတ်သက်၍ နားလည်မှုများ၊  အမြင်ကွဲလွဲမှုများ အပေါ် များစွာဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြပြီး နှစ်ဖက်သဘောထား ညီမျှကြသည်ကို လည်းရရှိခဲ့ပါကြောင်း၊ NCA သဘောတူစာချုပ်၌ ပါသည့်အတိုင်း ငြိမ်းချမ်းရေးဆွေး နွေးမှုများကို ဆောင်ရွက်နေသည့် ကြားကာလတွင် KNU အဖွဲ့နှင့်သက်ဆိုင်သည့် နယ်မြေများတွင် ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် အလုပ်သဘော အစည်းအဝေးများကို ပြုလုပ်ရန်လည်း သဘောတူညီချက်များ နှစ်ဖက်လုံးတွင် ရှိပါကြောင်း၊ KNU၏ ရှေ့လုပ်ငန်းစဉ် အဆိုပြု ချက်များကိုလည်း အစိုးရက ဆက်လက်သုံးသပ်ဆွေးနွေးပြီး အကောင်အထည်ဖော်နိုင် ရန် ကြိုးစားဆောင်ရွက်သွားမည်ကိုလည်း ပြောကြားလိုပါကြောင်း။

ဆက်လက်၍ နှစ်ဖက်အလုပ်အဖွဲ့များ ဖွဲ့အစည်းဆောင်ရွက်ရန် ကိစ္စများကို လည်း KNU က ကျန်ရှိသည့် တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများနှင့် ဆွေးနွေးပြီး ပြန်ကြားမည့်ကိစ္စကိုလည်း နှစ်ဖက်သဘောထား တူညီမှုများ ရရှိခဲ့ပါကြောင်း၊ ယနေ့ အစည်းအဝေးသည် နှစ်ဖက်သဘောထားအမြင်များ၊ ယုံကြည်မှုများ၊ နားလည်မှုများ ကွဲလွဲနေသည့် ကိစ္စများနှင့် လိုအပ်နေသည့် ကိစ္စများအတွက် များစွာ တည့်မတ်နိုင်ခဲ့ပါ ကြောင်း၊ ရှေ့ဆက်လက်ပြီး အလုပ်သဘော အစည်းအဝေးများ ပြုလုပ်နိုင်ရန်နှင့် ပုံမှန်အစည်းအဝေးများ ဆက်လက်ကျင်းပနိုင်ရန်အတွက် အားလုံးဝိုင်းဝန်းပြီး ဆက် လက် ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊  အတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငြိမ်းချမ်း ရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ အထောက်အကူပြုအဖွဲ့ဝင် ဦးမိုး ဇော်ဦး၊ နိ်ုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ကရင် အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ တွဲဖက် အတွင်းရေးမှူး-၂ ပဒိုစောလှထွန်း၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောဆဲဂေ၊ တပ်ပိုင်း ဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဝင်များဖြစ်သော စောတာမလာသောနှင့် စောတာမူလာ တို့ တက်ရောက်ကြသည်။

Related Articles