အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၊ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီတို့၏ ညှိနှိုင်းအစည်းအဝေး သဘောတူညီချက်များရရှိ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၊ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီတို့၏ ညှိနှိုင်းအစည်းအဝေး သဘောတူညီချက်များရရှိ

လွိုင်ကော် မေ ၆

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့၏ ညှိနှိုင်းအစည်းအဝေးတွင် အချိန်ယူဆွေးနွေးနိုင်၍ သဘောတူညီချက်များ ရရှိခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးလှမောင်ရွှေထံမှ သိရသည်။

NRPC ကိုယ်စားလှယ်အဖွဲ့၊ကယားပြည်နယ်အစိုးရနှင့် KNPP တို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ် လွိုင်ကော်မြို့ရှိ Famous Hotel တွင် ကျင်းပခဲ့သည်။

သဘောတူညီချက်များအဖြစ် ကယားပြည်နယ်အစိုးရ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ပြည်နယ်အဆင့် လစဉ်ပုံမှန်အစည်းအဝေး ကျင်းပခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန် ကို အတည်ပြုခြင်း၊ KNPP အနေဖြင့် ဆောင်ရွက်လိုသည့် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို ပြည်နယ်အစိုးရနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့မှတစ်ဆင့် အဆိုပြုတင်ပြရန်၊ KNPP အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်လိုသည့်ကိစ္စရပ်များအား ငြိမ်းချမ်းရေးကော်မရှင်သို့ ဆက်သွယ်ဆောင်ရွက်ရန်၊ ပြည်နယ်မှဆောင်ရွက်မည့် ကျန်းမာရေးနှင့် စပ်လျဉ်းသည့်အရာများကို အသေးစိတ်ဆွေးနွေးရန်နှင့် Education Seminar ကျင်းပပြုလုပ်ရေး အပါအဝင် ပညာရေးနှင့် စပ်လျဉ်း၍ ပြည်နယ်အဆင့် ပုံမှန် အစည်းအဝေးများတွင် ဆွေးနွေးရန်နှင့် ပူးပေါင်းဆောင်ရွက်မည့််လုပ်ငန်းစဉ်များကို သဘောတူညီခဲ့ကြကြောင်း သိရသည်။

၂၀၁၉ မတ်လတုန်းက နေပြည်တော်မှာလုပ်ခဲ့တဲ့ အစည်းအဝေး နောက်ဆက်တွဲ အကြောင်းအရာတွေကို အဓိက ဆွေးနွေးဖြစ်တယ်။ သူတို့ KNPP ဘက်လည်း ၁၁ ယောက်လောက်လာပြီး အချိန်ယူ ဆွေးနွေးတော့ တော်တော်လေး ကျေနပ်တယ်၊ အားရတယ်။ NCA ကို ဘယ်တော့ထိုးနိုင်မှန်း မသိပေမယ့် ယုံကြည်မှုကို တည်ဆောက်နိုင်ရင် အမြန်ဆုံး ထိုးနိုင်မှာပါ။ တပ်ပိုင်း ဆိုင်ရာကတော့ လွိုင်ကော်ဒေသ ကွပ်ကဲရေးမှူးတက်တယ်။ အဲ့ဒါကတော့ သီးခြားဆွေးနွေးမှာ။ နေပြည်တော်မှာလည်း သူတို့ လာဆွေးနွေးဦးမှာ။ ယုံကြည်မှု တည်ဆောက်တာ ကတော့ အဓိကပါပဲဟု ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့သည် ယခုမေလနောက်ဆုံးပတ်တွင် တွေ့ဆုံကြမည်ဖြစ်သည်။

ဦးလှမောင်ရွှေက “NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကျွန်တော်တို့ NRPC နဲ့ KNPP နေပြည်တော်မှာ တွေ့ဖို့ရှိပါတယ်။ ဒီလမကုန်ခင်တွေ့ဖို့တော့ ကျွန်တော်တို့က ပြောထား ပါတယ်ဟုဆိုသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌခူဦးရယ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်မရေးထိုးခင်အချိန်တွင် ပြည်နယ်အတွင်း တည်ရှိနေသည့် အခြေအနေအပေါ် KNPP ဘက်မှ ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းအချို့တွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး တပ်ပိုင်းဆိုင်ရာကိစ္စကို တပ်ပိုင်းဆိုင်ရာ အကြီးအကဲ များနှင့် သီးခြားဆွေးနွေးသွားရန် စဉ်းစား ထားကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယနေ့အစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်ခေါင်းဆောင်အဖြစ် ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) နှင့်အဖွဲ့ဝင်များ၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ်ဝန်ကြီးများ၊ လွိုင်ကော် ဒေသ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ခေါင်းဆောင်အဖြစ် KNPP ဒုတိယဥက္က္ကဋ္ဌ ခူဦးရယ်နှင့် အမြဲတမ်း ဗဟိုကော်မတီဝင်များနှင့် အရန်ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။