အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့၏ ညှိနှိုင်းအစည်းအဝေးကျင်းပ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့၏ ညှိနှိုင်းအစည်းအဝေးကျင်းပ

လွိုင်ကော် မေ ၆

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ Famous Hotel ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က မတ် ၁၈ရက်တွင်  KNPPနှင့် NRPC တို့ နေပြည်တော်တွင် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ပါကြောင်း၊ ထိုသို့ ဆွေးနွေးခဲ့ရာတွင် အပြုသဘော ဆောင်သည့် သဘောတူညီချက်တစ်ချို့ ရရှိခဲ့ပါကြောင်း၊ ၄င်းတို့မှာ ပညာရေး၊ ကျန်းမာရေးကိစ္စနှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့် အသိအမှတ်ပြုခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ လေ့ကျင့်မွေးထုတ် ပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ထပ်မံပြုလုပ်မည့် ဆွေးနွေးပွဲများတွင် အသေးစိတ် ဆက်လက် ညှိနှိုင်းရန်၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ အပါအဝင်  အခြား လိုအပ်ချက်များကို ထပ်မံပြုလုပ်မည့် ဆွေးနွေးပွဲမတိုင်မီ NRPC သို့ တင်ပြရန်နှင့် လိုအပ်ပါက အလွတ်သဘောတွေ့ဆုံ ဆွေးနွေးရန်၊ ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့၏ ညှိနှိုင်းသဘောတူညီချက်အရ အကောင်အထည်ဖော်ရမည့် ပြည်နယ်အဆင့် လစဉ် အစည်းအဝေးကို ဆုံးဖြတ်ပေးနိုင်သည့် နှစ်ဖက်တာဝန်ရှိသူများ မပျက်မကွက် တက်ရောက်ရန်နှင့် လိုအပ်သော အကြောင်း ချင်းရာများနှင့် ပတ်သက်၍ ကြိုတင်ပေးပို့ ညှိနှိုင်းဆောင်ရွက်ရန်၊ ထပ်မံ ပြုလုပ်မည့်အစည်းအဝေး ကို ၂၀၁၉ခုနှစ် ဧပြီလ မကုန်မီ ကျင်းပပြီး ၄င်းအစည်းအဝေး ၌ NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရန် ဟူ၍ သဘောတူညီ ချက် တစ်ချို့ရရှိခဲ့ပါကြောင်း။

 

ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် တပ်မတော်ညှိနှိုင်းရေးအဖွဲ့ နှင့် ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သည့် KNPP အဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါ ကြောင်း၊ ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင်လည်း သဘောတူညီချက်အနေဖြင့် NCA စာချုပ်လက်မှတ်ရေးထိုးနိုင်ရေး၊ နှစ်ဖက်တပ်အကြား ယုံကြည်မှုတည်ဆောက်နိုင်ရန် အတွက် လှုပ်ရှားသွားလာမှုများကို လက်နက်မဲ့သာ ဆောင်ရွက်ရန် သဘောတူပြီး အကယ်၍ လက်နက်ဖြင့် သွားလာရန် လိုအပ်ပါက နှစ်ဖက်ညှိနှိုင်းအကြောင်းကြားပြီး ဆောင်ရွက်ရန် သဘောတူသည် ဟူ၍လည်းကောင်း၊ ယခင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ သဘောတူညီချက်များအား နှစ်ဖက် စလုံးမှ အလေးအနက်ထားလိုက်နာ ဆောင်ရွက်ရန် သဘောတူသည် ဟူ၍ လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်အကြား သံသယနှင့် ပြဿနာဖြစ်ဖွယ်ရာ ကိစ္စရပ် များ ပေါ်ပေါက်လာပါက နှစ်ဖက်ခေါင်းဆောင်များအကြား အမြန်ဆုံးတွေ့ဆုံပြီး ပွင့်လင်း မြင်သာစွာ ညှိနှိုင်းဖြေရှင်းရန်နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားရန်၊ လိုအပ်ပါကညှိနှိုင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် သဘော တူသည် ဟူ၍လည်းကောင်း၊ နောက်တစ်ချိန် ပြန်လည်တွေ့ဆုံရေးကို ၂၀၁၉ခုနှစ် ဧပြီလ အတွင်းကျင်းပရန် သဘောတူသည် ဟူ၍ ဆွေးနွေးကြပြီး လက်မှတ်ရေးထိုး  ကြခြင်းများ ရှိပါကြောင်း။

အဆိုပါ အချက်များကို ကြည့်ပါက အပြုသဘောဆောင်သည့် သဘောတူညီမှု များဖြစ်သည်ဟု ခံယူရမည် ဖြစ်ပါကြောင်း၊ KNPP အနေဖြင့် ယခုကဲ့သို့ ပုံမှန်လစဉ် တွေ့ဆုံရသည့် အခွင့်အရေးသည် အခြားအဖွဲ့အစည်းများနှင့် ယှဉ်ပါက များစွာကောင်း မွန်သည့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများအနေဖြင့် ယခုကဲ့သို့ ပြည်နယ်အစိုးရနှင့် ဒေသဆိုင်ရာ၊ တပ်ပိုင်းဆိုင် ရာများ ဆွေးနွေးရန် ပုံမှန်အစည်းအဝေးများ ယခုထိ ဖော်ဆောင်နိုင်ခြင်းမရှိသေး ပါကြောင်း၊ ကယားပြည်နယ်တွင် KNPP နှင့် ဒေသဆိုင်ရာအစိုးရ၊ ဒေသဆိုင်ရာ တပ် ကွပ်ကဲမှုများနှင့် လစဉ်တွေ့ဆုံနိုင်သည့် အခွင့်အရေးသည် များစွာကောင်းမွန်သည့် အခွင့်အရေးဖြစ်ပါကြောင်း။

 

ထိုသို့ တွေ့ဆုံရသည့် ရည်ရွယ်ချက်အနေဖြင့် လစဉ်တွေ့ဆုံမှုမှတစ်ဆင့် ပြည် နယ်အတွင်းအခက်အခဲများကို ညှိနှိုင်းဖြေရှင်းနိုင်ခြင်းအားဖြင့် KNPP အနေဖြင့် NCA ကို အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရေးအတွက် လမ်းပွင့်သွားစေမည် ဖြစ်ပါကြောင်း၊ အဆိုပါ အစည်းအဝေးများမှ တစ်ဆင့် ယုံကြည်မှုတည်ဆောက်နိုင်ရန်အတွက်လည်း ရည်ရွယ်ပါကြောင်း၊ မကြာမီ တွေ့ဆုံဆွေးနွေးပွဲများတွင် KNPP အနေဖြင့် အောက်ခြေ တွင် တွေ့ရသည့် အခက်အခဲများကို တင်ပြဆွေးနွေးပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာကွပ်ကဲမှုအဖွဲ့များက မိမိတို့၏ လုပ်ပိုင်ခွင့်ဘောင်အတွင်း ဆောင်ရွက်ပေး နိုင်သည်များကို ဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ပြည်နယ် အစိုးရများ၊ ဒေသကွပ်ကဲမှု အဖွဲ့များ၏ လုပ်ပိုင်ခွင့်ဘောင်အား ကျော်လွန်နေသည့် အချက်များ ရှိပါက NRPC သို့ တင်ပြပေးနိုင်ရန်အတွက် မိမိတို့ငြိမ်းချမ်းရေး ကော်မရှင် အနေဖြင့် ယခုတစ်ကြိမ်တွင် တက်ရောက်ပါဝင်ဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းကိစ္စရပ်များကို ယခုပြုလုပ်သည့် အစည်းအဝေးတွင် တက်ရောက်လာကြသူများ အနေဖြင့်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုပါကြောင်း၊ အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးမှုများ အောင်မြင်လာသည်နှင့်အမျှ KNPP အနေဖြင့်  မိမိတို့ ရည်ရွယ်ထားသည့် NCAစာချုပ်ကို အမြန်ဆုံးလက်မှတ်ရေးထိုး နိုင်ရန်အတွက် ပိုမိုနီးကပ်လာမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က မိမိတို့ ကယား ပြည်နယ်တွင် ယခုကဲ့သို့ အမှန်တတယ်လိုအပ်နေသည့် ငြိမ်းချမ်းရေးအခန်းကဏ္ဍကို ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အတွင်းတွင် ရှိသည့် KNPP အဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များအား လိုလိုလားလား ခံယူချက်အပြည့် ဖြင့် အပြုသဘောဆန်ဆန် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်သည့်အပေါ်တွင် ကယားပြည်နယ် ၏ ကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိအနေဖြင့် ငြိမ်းချမ်းရေး ကို အမှတ်တကယ် ဖော်ဆောင်စေချင်ပါကြောင်း။

 

 ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်များတွင် တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးမှုများ မကြာခဏ လုပ်ဆောင်ခဲ့သော်လည်း အဖြေမရနိုင်ခဲ့ပါကြောင်း၊ မည်သည့်အတွက် အဖြေမရနိုင်သည်ကို ပြန်လည်သုံးသပ်ရပါက အနာဂတ် ပြည်သူ များ အရေး၊ နောင်လာနောင်သားများ၏ အရေးကို အမှန်တကယ် မျှော်တွေးပြီး လုပ်ဆောင်လိုသည့် စိတ်ဆန္ဒ၊ စေတနာများ ရှိရန် လိုအပ်သည်ဟု ထင်မြင်မိပါကြောင်း၊ မိမိအနေဖြင့် စိတ်စေတနာအပြည့်ဖြင့် ပေါင်းစပ်ညှိနှိုင်းမှုများကို ကြိုးပမ်းဆောင်ရွက် ပါကြောင်း၊ ပြည်နယ်၏ တိုင်းရင်းသားတစ်ယောက်ပီပီ ပြည်နယ်တွင်ရှိသည့် တိုင်းရင်း သားများ၏ ခံစားချက်ကို နားလည်ပါကြောင်း။

 

ထို့ကြောင့် မိမိတာဝန်ယူသည့်အချိန်တွင် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ပေါင်းစပ်ညှိနှိုင်းမှုများကို ပြုလုပ်နေပါကြောင်း၊ အဆိုပါ ပေါင်းစပ်ညှိနှိုင်းမှုများတွင် တစ်ဆင့်ချင်း ဆောင်ရွက်၍ ရသည့်ကဏ္ဍများရှိသကဲ့သို့ ချက်ချင်းဆောင်ရွက်၍ရသည့် ကဏ္ဍ များလည်း ရှိပါကြောင်း၊ အဆိုပါ ကဏ္ဍများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံ၍ ၄င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အမြဲအလေးထားပါကြောင်း၊ ထို့ပြင် KNPPမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း ရင်းရင်းနှီးနှီး တွေ့ဆုံမှုများလည်း လုပ်ဆောင်ပါကြောင်း၊ သို့သော် ခရီးမပေါက်သေးသည့် အခြေ အနေအားနည်းချက်များကို အမြန်ဆုံးပြင်ဆင်နိုင်ရန်အတွက် မိမိအနေဖြင့် အားလုံး ကို တိုက်တွန်းလိုပါကြောင်း၊ KNPP အဖွဲ့အနေဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ စေရန်နှင့်  ပြန်လည်ဝင်ရောက်လာသူအားလုံးကိုလည်း တစ်နိုင်တစ်ပိုင် ဖြေလျှော့ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်တို့အတွက် တင်ပြသည့်အခါတွင်လည်း မိမိတို့ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းပံ့ပိုးမှုများကို လုပ်ဆောင်ပေးပါ ကြောင်း၊ လက်ရှိသွားနေသည့် ပြုပြင်ပြောင်းလဲမှု ကဏ္ဍတွင် ရရှိနေသည့် အခွင့်အရေး မူဘောင်အတွင်းမှ တစ်ဆင့်ချင်း သွားစေလိုပါကြောင်း၊ မဖြစ်နိုင်သေးသည်များကို မျှော်မှန်းပြီး ဆောင်ရွက်ပေးစေလိုပါက မိမိတစ်ယောက်တည်းအနေဖြင့် မစွမ်းဆောင် နိုင်ပါကြောင်း၊ အဆိုပါ ကိစ္စမျိုးရှိခဲ့ပါက မိမိအနေဖြင့်  NRPC သို့ တင်ပြ၍ လမ်းညွှန်မှု ခံယူဆောင်ရွက်နေရသည့် ကဏ္ဍများလည်းရှိပါကြောင်း၊ ပြည်နယ်တွင် တစ်ဆင့်ချင်း ဆောင်ရွက်၍ ရသည့် အနေအထား အများအပြားရှိပါကြောင်း၊ ထိုအပေါ်တွင် KNPP မှ ခေါင်းဆောင်များအားလုံးအနေဖြင့် နောက်ပိုင်းတွင် ဒီထက်ပိုမိုအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် မှန်ကန်စနစ်ကျသည့် ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင် မည်ဆိုပါက မိမိအနေဖြင့် နွေးထွေးစွာ ကြိုဆိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ် က ယနေ့ တွေ့ဆုံဆွေးနွေးပွဲသည် KNPPနှင့် ကယားပြည်နယ် အစိုးရကြား တွင် ပုံမှန်ပြုလုပ်နေကြ လစဉ် အစည်းအဝေး၏ အဆက်ဖြစ်ပါကြောင်း၊ KNPP နှင့် အစိုးရကြား နှစ်ဖက်အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားသည့် ကာလအတွင်း တည်ငြိမ် အေး ချမ်းမှုများရှိသကဲ့သို့ အဆင်မပြေမှုများ လည်းရှိပါကြောင်း၊ သို့သော် အခြား ပြည်နယ် များထက် ပိုမို ကောင်းမွန်သည့် အခြေအနေတစ်ရပ်ကို ထိန်းကျောင်း ထားနိုင်သည်ဟု မှတ်ယူပါကြောင်း၊ တစ်ခါတစ်ရံ အဆင်မပြေမှုများရှိသည်မှာ နှစ်ဖက်အကြားတွင် တာဝန်အရ အပြောင်းအလဲဖြစ်သည့်အပေါ်တွင် နားလည်မှုအား နည်းခြင်း၊ ကွင်းဆက် မမိခြင်းတို့ အပေါ်တွင် အတိမ်းအစောင်းများ ဖြစ်နေသည်ဟု နားလည်ပါကြောင်း။

 

ယခင်အစိုးရ လက်ထက်ကပင် လစဉ်ပုံမှန် တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး သဘော တူညီချက်များကို အကောင်အထည်ဖော်ရန်နှင့် နေ့စဉ်ဖြစ်ပေါ်လာမည့် အဆင် မပြေမှုများ ရှိပါက ညှိနှိုင်းတိုင်ပင်ပြီး အဖြေရှာနိုင်ရန် ရည်ရွယ်၍ လစဉ်အစည်းအဝေး ကျင်းပရန် နှစ်ဦးနှစ်ဖက် သဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် အတွက် နှစ်ဖက်ကိုယ်စားလှယ်များကိုလည်း ရွေးချယ်ပြီး အပြန် အလှန် အသိ အမှတ်ပြုမှုဖြင့် ဆောင်ရွက်ခဲ့ကြ ခြင်းဖြစ်ပါကြောင်း၊ လက်တွေ့ တွင် ဖွဲ့စည်းလိုက်သည့် ကော်မတီနှင့် လစဉ်ပုံမှန်အစည်းအဝေးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ကြိုတင်မညှိနှိုင်းထားသည့်အတွက် ယခင်က ကျင်းပခဲ့သည့် လစဉ်အစည်းအဝေး များသည် အဆင်မပြေမှုများဖြင့် အဆုံး သတ်သွား ပါကြောင်း၊ အပြန်အလှန် နားလည်မှုအားနည်းခြင်းကြောင့် နောက်ပိုင်းတွင် ပြတ်တောက်သွား ခြင်းများ ရှိပါကြောင်း၊ ပြန်လည်စတင်ရန်အတွက် ယခင်ကရှိခဲ့သည့် ခေါင်းဆောင်များ နှင့် ပြန်လည်ညှိနှိုင်းတိုင်ပင်ခဲ့ပါကြောင်း။

 

 သို့သော် အစိုးရပြောင်းလဲပြီးသည့်နောက် တွင် Bilateral Agreement အရသဘောတူထားသည့် အခြေခံအချက်အလက်များအနက် တစ်ချက်အပါအဝင်ဖြစ် သည့် တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဖြစ်ပေါ် ရေးအတွက် နှစ်ဖက်စလုံးက ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုသည့် အချက်အပေါ်တွင် မူတည်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဖြစ်ပေါ်ရေးအတွက် ကျန်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ ညှိနှိုင်းဆွေးနွေးမှု ဖြစ်စေရေးကို ဦးတည် သွားခြင်းမှာ လစဉ်အစည်းအဝေးများ ကျင်းပရန် လစ်ဟာသွားစေသည့် အကြောင်း တရားတစ်ခု ဖြစ်သည်ဟု နားလည်ပါကြောင်း၊ ထို့ကြောင့် မူလက သဘော တူထားခဲ့သည့် Bilateral Agreement အရ နှစ်ဖက်ပုံမှန်လစဉ်တွေ့ဆုံ ဆွေးနွေးသည့် ဖြစ်စဉ်မှ ပြဿနာများကို နှစ်ဖက်သက်ဆိုင်ရာကိုယ်စားလှယ်များက တွေ့ဆုံဆွေးနွေး အဖြေရှာပါက အဆင်ပြေ မည်ဟူသည့် လမ်းစကို ပြန်လည်ဆက်ခဲ့ရခြင်း ဖြစ်ပါ ကြောင်း။

 

 လစဉ်ပုံမှန်အစည်းအဝေးများတွင် မိမိတို့ဘက်မှ စေလွှတ်လိုက် သည့်ကိုယ်စား လှယ်များသည် ဗဟိုကော်မတီနှင့် အရံဗဟိုကော်မတီဝင်များ ဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများ ဖြစ်ပါကြောင်း၊ သို့သော် အစည်းအဝေး ၏ ဆွေးနွေးမှုပုံသဏ္ဍာန် ကြိုတင်ညှိနှိုင်းသဘောတူ ထားခြင်းများ မရှိသည့်အတွက် အဆင်မပြေမှု ရှိခဲ့ခြင်းကြောင့် ရလဒ်ကောင်းမထွက်ပါကြောင်း၊ ထို့ကြောင့် ယခုတစ် ကြိမ်တွင် NRPC နှင့် ငြိမ်းချမ်းရေးကော်မရှင် တို့မှ ခေါင်းဆောင်ကိုယ်စားလှယ်တစ်ချို့ နှင့် မိမိတို့အပါအဝင် နှစ်ဖက်ပါဝင်ဝိုင်းရံပြီး လစဉ်ပုံမှန်အစည်းအဝေးကို ပုံစံတကျဖြင့် ဆက်လက်ဖော်ဆောင်သွားရန် ပါဝင်တက်ရောက်ခြင်း ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ကျင်းပသွားမည့် လစဉ်အစည်းအဝေးအတွက် အထောက်အကူဖြစ်မည်ဟု ယုံကြည် ပါကြောင်း။

 

ယနေ့အစည်း အဝေးတွင်  မိမိတို့ဘက် မှအခြေခံစဉ်းစားသည်မှာ Bilateral Agreement ကို အကြောင်းပြုပြီး  လတ်တလောတွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်မရေးထိုးခင်အချိန်တွင် ပြည်နယ်အတွင်း တည်ရှိနေသည့် အခြေအနေအပေါ်တွင် မှီတည်ပြီး မိမိတို့ဘက်မှ ပူးပေါင်းဆောင် ရွက်နိုင်သည့် လုပ်ငန်းအချို့၊ မိမိတို့ဘက်မှ အဆင်မပြေမှုရှိသည့် ဧရိယာများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိညှိနှိုင်းနှိုင်း နှစ်ဦးနှစ်ဖက် ကျေကျေလည်လည်နှင့် အဖြေရှာနိုင်ရန် ပြင်ဆင်ထားပါကြောင်း၊ ပြည်နယ်အစိုးရနှင့်   ဆွေးနွေးရမည့်ကိစ္စ ရပ်များကို ပုံမှန်အစည်း အဝေးတွင် ဆွေးနွေးမည်ဖြစ်ပြီး  တပ်ပိုင်းဆိုင်ရာ ကိစ္စကို တပ်ပိုင်းဆိုင်ရာအကြီးအကဲများနှင့် သီးခြားဆွေးနွေးသွားရန် စဉ်းစားထားပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ကဏ္ဍ ၃ ခုကို ပြင်ဆင်ထားပါကြောင်း၊ ပစ်ခတ်ရပ်စဲရေးကာလ တွင် ငြိမ်းချမ်းရေးဖော်ဆောင်မှု အစီအစဉ်အဆုံးမရောက်ခင်  ကြားကာလအစီအစဉ် သဘောအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို သက်ဆိုင် ရာကိုယ်စားလှယ်များမှ ပြည်နယ်အစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်းအဖြေ ရှာရန် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိ်ုင်ရာ ဌာနအလိုက် တာဝန်ရှိသူများအနေဖြင့်  အစည်းအဝေးအစီအစဉ်အရ ဆက်လက်တင်ပြဆွေးနွေး သွားမည့် အပေါ်တွင် အဖြေ ရှာသွားရန် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့၏ လစဉ် ပုံမှန်အစည်းအဝေး ပြန်လည်ကျင်းပနိုင်ရန်နှင့် ယင်းတွေ့ဆုံဆွေးနွေးမည့် အစည်းအဝေးပုံစံကို နှစ်ဖက်ညှိနှိုင်း သဘောတူညီနိ်ုင်ရေးကိစ္စ၊ ဒေသဖွံ့ဖြိုးတိုးတက် ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

အစည်းအဝေးတွင် ကယားပြည်နယ်အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီတို့၏ ပြည်နယ်အဆင့် လစဉ်ပုံမှန်အစည်းအဝေး ကျင်းပခြင်းဆိုင်ရာ လုပ်ငန်း လမ်းညွှန်ကို အတည်ပြုကြပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သဘောတူညီကြသည်။

 

ထို့နောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ၊ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် ငြိမ်းချမ်းရေးကော်မရှင် အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) တို့က နိဂုံးချုပ်အမှာစကား ပြောကြား ကြသည်။

 

အစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် အကြံပေး ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ကယားပြည်နယ် အစိုးရအဖွဲ့တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ဒေသ ကွပ်ကဲရေးမှူး (လွိုင်ကော်) ဗိုလ်မှူးချုပ် မျိုးသန့်နိုင်၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ၊ ဒေါက်တာ အောင်ကျော်ဌေး၊ ဦးမော်မော်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးညီညီမင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်၊ အမြဲတမ်း ဗဟိုကော်မ တီဝင် ဗိုလ်မှူးကြီးဘုန်းနိုင်၊ မော်ဒေးဒေးဖော၊ ခူထဲဘူး၊ ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့်၊ ခူညေးရယ်၊ ခူတော်ရယ် (အက်စ်)၊ ခွန်ဧလိယာ၊ အရံဗဟို ကော်မတီဝင် လှဂေထူး၊ သဲရယ်ခေးလွီး နှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။