ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဆိုင်ရာဖြစ်ပေါ်တိုးတက်မှုအခြေအနေများအားရှင်းလင်းပြောကြား

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဆိုင်ရာဖြစ်ပေါ်တိုးတက်မှုအခြေအနေများအားရှင်းလင်းပြောကြား

နေပြည်တော် မေ ၂၄

 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Center–NRPC) ၌ ရန်ကုန်မြို့အခြေစိုက် သံရုံးများမှ သံတမန်များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအားတွေ့ဆုံပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေကငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ထိတွေ့ဆွေးနွေးမှုအခြေအနေ၊ နေရပ် စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် ပြန်လည် လက်ခံရေး စတင်ရန် မြန်မာဘက်မှ အသင့်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် ကုလသမဂ္ဂ၊ အာဆီယံ၊ AHA Centre  တို့နှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ရခိုင် ပြည်နယ်တွင် ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် အကြံပြုချက်များအား ပြန်လည်သုံးသပ်မှု ပြုလုပ် နေသည့် အခြေအနေ၊ IDP  စခန်းများ ပိတ်သိမ်းသွားနိုင်ရေးအတွက် အစိုးရမှ ဆောင်ရွက်နေသည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် ပြန်လည်လက်ခံရေးဆိုင်ရာအစီအစဉ်နှင့် လက်တွေ့အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေးရလဒ်များကိုလည်း အသိပေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် အမြဲတမ်းအတွင်းဝန်တို့က သံတမန်များနှင့် ကုလသမဂ္ဂ အေဂျင်စီများမှ မေးမြန်းချက်များကိုပြန်လည်ရှင်းလင်းဖြေကြားကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ရန်ကုန်မြို့ အခြေစိုက်သံရုံးများမှ သံတမန်များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော သတင်းမီဒီယာများတက်ရောက်ကြသည်။