ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင်များ၏ အလွတ်သဘော အစည်းအဝေး ဒုတိယနေ့ ကျင်းပ၊ အစိုးရ၏ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အဆိုပြု ချက်များ အစုအဖွဲ့အသီးသီးထံ တင်ပြထား

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင်များ၏ အလွတ်သဘော အစည်းအဝေး ဒုတိယနေ့ ကျင်းပ၊ အစိုးရ၏ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အဆိုပြု ချက်များ အစုအဖွဲ့အသီးသီးထံ တင်ပြထား

Sat, 06/15/2019 - 09:52
Posted in:
0 comments

ရန်ကုန် ဇွန် ၁၄

အစိုးရအစုအဖွဲ့ ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစု အဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့များပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်များ၏ အလွတ်သဘော အစည်းအဝေး ဒုတိယနေ့ ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဆက်လက်ကျင်းပသည်။

နှစ်ရက်တာကျင်းပခဲ့သည့် UPDJC အတွင်းရေးမှူးများ၏ အလွတ်သဘော အစည်းအဝေးတွင် UPDJC အတွင်းရေးမှူးအဖွဲ့အစည်းအဝေးများ ဆက်လက်ကျင်းပနိုင်ရန် လိုအပ်ချက်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့မှု ကျော်လွှားနိုင်ရေး အခင်းအကျင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးရှေ့ လုပ်ငန်းစဉ် အခင်းအကျင်းများကို ဆွေးနွေးခဲ့ပြီး အစိုးရကိုယ်စားလှယ်အစုအဖွဲ့အနေဖြင့် အစိုးရ၏ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အဆိုပြုချက်များကို အစုအဖွဲ့များထံ တင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စား SNLD ပါတီတွဲဖက်အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က အစိုးရ အစုအဖွဲ့ဘက်မှာလည်း ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲက လမ်းကြောင်းလေးခုပဲ ပြော ပြော၊ နည်းလမ်းလေးသွယ်ပဲ ပြောပြော တင်ပြခဲ့တာတွေရှိပါတယ်။ NCA ကို ဘယ်လို အကောင်အထည် ဖော်မလဲ၊ ဖော်ဆောင်ပြီးသမျှ ဘယ်လိုသုံးသပ်မှုတွေလုပ်မလဲ။ နောက်ပြီးတော့ NCA မှာ အဓိပ္ပာယ် ဖွင့်ဆိုဖို့ လိုအပ်ချက်တွေကအစ ဆွေးနွေးခဲ့တာရှိပါတယ်။ ဒုတိယနည်းလမ်းအနေနဲ့ ဖက်ဒရယ် အခြေခံ မူတွေကို ဘယ်လိုပူးပေါင်းပြီး ရေးဆွဲသွားမလဲ။ နံပါတ် (၃) အနေနဲ့ ၂၀၂၀ အခင်းအကျင်းရော၊ ၂၀၂၀ ပြီးတဲ့နောက် အခင်းအကျင်းအထိရော ဘယ်လိုတွေ လုပ်ဆောင်ကြမယ်ဆိုတဲ့ ဆက်လက် ဆွေးနွေးသွား မယ့်ပုံစံတွေ ဆွေးနွေးတယ်။ စတုတ္ထအနေနဲ့ ဖွံ့ဖြိုးရေးပိုင်းဆိုင်ရာမှာလည်း ဘယ်လိုလုပ်ဆောင်ကြမယ် ဆိုပြီးတော့ နည်းလမ်းလေးခုအနေနဲ့ ဆက်လက် ဆွေးနွေးသွားမယ်ဆိုပြီး တင်ပြချက်တွေရှိတယ်။ ဒီတော့ ဒါဟာ အင်မတန်မှ အပြုသဘောဆောင်တာ ဖြစ်ပါတယ်ဟု နိဂုံးချုပ် အမှာစကား ပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ဆက်လက်ကြိုးပမ်းသွားမယ်

နောက် ကျွန်တော်တို့ NCA လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ NCA အခင်းအကျင်းထဲမှာ ပူးပေါင်းပါဝင်လာဖို့၊ လာပြီးတော့ လက်တွဲလုပ်ဆောင်ရမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘယ်လိုလုပ်ဆောင်ရမလဲ၊ ဘယ်လိုကြိုးစားဆောင်ရွက်ရမလဲဆိုတဲ့အပိုင်းကိုလည်း ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေရှိပါတယ်။ နောက် ကျွန်တော်တို့ NCA လုပ်ငန်းစဉ်ဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ကြိုးစားတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဆိုလည်း မမှားပါဘူး။ ကျွန်တော်တို့ အနေနဲ့တော့ ဒီအခက်အခဲ အကျပ်အတည်းတွေ၊ တစ်ဆို့မှုတွေ၊ ရပ်တန့်နေမှုတွေကအစ ဘယ်လို အခက်အခဲတွေပဲ တွေ့ဆုံနေရပါစေ တစ်နိုင်ငံလုံး ပြည်သူတစ်ရပ်လုံး လိုလားတောင့်တတဲ့ ငြိမ်းချမ်းရေး ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်ဆိုတာ တင်ပြချင်ပါတယ်ဟု ဦးစိုင်း ကျော်ညွန့် က ဆက်လက်ပြောကြားခဲ့သည်။

နှစ်ရက်တာ ကျင်းပသည့် အဆိုပါအစည်းအဝေးတွင် လာမည့်ဇူလိုင်လအတွင်း ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC ) အတွင်းရေးမှူးအဖွဲ့ဝင်များ၏ အလွတ်သဘော အစည်းအဝေး များ ပြန်လည်ကျင်းပရန် အဆိုပြုခဲ့ကြောင်း သိရသည်။

ထပ်မံဆွေးနွေးနိုင်ဖို့ ကြိုးပမ်း

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ ကိုယ်စားလှယ် RCSSအတွင်းရေးမှူး(၂) ဦးစိုင်းငင်းက ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့မှု ကျော်လွှားနိုင်ရေး အခင်းအကျင်းကို အကြမ်းဖျင်း တင်ပြဆွေးနွေးခဲ့သလို အစိုးရဘက်ကလည်း ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အဆိုပြုချက် ကို တင်ပြခဲ့ပါတယ်။ အစိုးရရဲ့ အဆိုပြုချက်ကိုယူဆောင်သွားပြီး ကျွန်တော်တို့ EAO အစုအဖွဲ့ အကြား မှာ အလေးထားအရေးတယူဆွေးနွေးမှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ အစိုးရ၊ နိုင်ငံရေးပါတီ အစုအဖွဲ့တို့နဲ့ အမြန်ဆုံးအလွတ်သဘောတွေ့ဆုံကာ ထပ်မံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းစီစဉ်သွားမှာ ဖြစ်ပါတယ်။ ဒီဆွေး နွေးပွဲမှာ နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ ဆွေးနွေးချက်တွေကို ကျွန်တော်တို့အနေနဲ့ အလေးအနက် ထားပါ တယ်။ တစ်ဖက်မှာ ကျွန်တော်တို့ EAO အစုအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့မှု ကျော်လွှား ရေးအတွက် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီး အစိုးရနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်အောင် ဆောင်ရွက်သွားဖို့ရှိပါတယ်။ တရားဝင်ဆွေးနွေးပွဲတွေ မကျင်းပနိုင်ခင်မှာ ဒီလို UPDJC အတွင်းရေးမှူး များ အလွတ်သဘောအစည်းအဝေးတွေကို မကြာခဏ ကျင်းပသင့်ပါတယ်။ ရှေ့လုပ်ငန်းစဉ်တွေအတွက် ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်လို့ပဲ ဖြစ်ပါတယ်ဟုပြောကြားသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးက ပါဝင်ဆွေးနွေးသည့် အစုအဖွဲ့အသီးသီးနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ လုပ်ပိုင်ခွင့်ရရှိရန်လိုကြောင်းနှင့် မူကြမ်းများ အဆင့် သတ်မှတ်ပေးထားရန်လိုကြောင်းကို ယနေ့အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

နိုင်ငံရေးဆန္ဒအပေါ်မှာလည်း များစွာမူတည်

ပြန်ကြည့်လိုက်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ မယုံကြည်မှုနဲ့ စတင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းအရာပေါ်မှာသာ အခြေခံခြင်းမဟုတ်ဘဲ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဆက်ဆံရေးပေါ်မှာလည်း အဓိကအခြေခံပါတယ်။ ဒါ့အပြင် လုပ်ငန်းစဉ်တွေဟာ အရေးကြီးတယ်လို့ဆိုပေမယ့် နိုင်ငံရေး ဆန္ဒ အပေါ်မှာလည်း များစွာမူတည်ပါတယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုတာကတော့ သဘောသဘာဝ အရ ဘယ်လိုမှ ချောမွေ့နိုင်ခြင်း မရှိနိုင်ပါဘူး။ ခေါင်းဆောင်တွေရဲ့ ဆန္ဒအရ အောင်မြင်မှုကို ချဉ်းကပ်ကြ ရမှာဖြစ်ပါတယ်။ တရားဝင် အစည်းအဝေးပွဲတွေမှာ ဆွေးနွေးညှိနှိုင်းမယ့် ခေါင်းဆောင် အထူးသဖြင့် အတွင်းရေးမှူးအဖွဲ့ဝင်တွေကို Delegation Power (ကိုယ်စားလှယ် အဖွဲ့လုပ်ပိုင်ခွင့်) ပေးအပ်ပေးဖို့ လိုပါတယ်။ Draft Line တွေ သတ်မှတ်ပေးဖို့ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ အတွင်း ရေးမှူးတွေဟာ Messenger (တမန်) အဆင့်ပဲရှိနေမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အစည်းအဝေး တွေဟာ သိပ်ပြီး ထိရောက်နိုင်မှာမဟုတ်ဘူးလို့ ယူဆရပါတယ်ဟု ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးက နိဂုံးချုပ်အမှာစကားတွင် ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးက နောက်တစ်ခုက ဆွေးနွေးညှိနှိုင်းမှုတွေမှာ မိမိတို့အသာစီးရဖို့အတွက် တစ်ဖက်အဖွဲ့အစည်းတွေ အချင်းချင်းကွဲသွားအောင် ပြုလုပ်ခြင်းဟာ အလွန် ကျဉ်းမြောင်းတဲ့ အမြင်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ မိမိတို့ ဆွေးနွေးဖက် များက စုစုစည်းစည်းနဲ့ စည်းလုံးမှုရှိပြီးတော့ ဆွေးနွေးမှသာ ဆွေးနွေးညှိနှိုင်းမှုက ပိုမိုအဆင်ပြေ ချောမွေ့နိုင်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆွေးနွေးဖက်တွေ အချင်းချင်းကွဲ သွားတာမျိုး ကိုလည်း မလိုလားပါဘူး။ တစ်ဆို့နေတဲ့ အချက်တွေကို လာမယ့် ဆွေးနွေးပွဲမှာ ဆွေးနွေးနိုင်အောင် ပြင်ဆင်ပေးကြပါ။ ဒါမှသာလျှင် တစ်ဆို့နေတဲ့အချက်တွေကို ကျွန်တော်တို့ အသေးစိတ် ဆွေးနွေးပြီး တော့မှ ဘယ်လိုပူးပေါင်ဆောင်ရွက်နိုင်မလဲ၊ ဘယ်လိုကျော်ဖြတ်နိုင်မလဲဆိုတာကို လုပ်ရမှာ ဖြစ်ပါ တယ်။ သာမန်ပဲ ဆွေးနွေးနေရင်တော့ အခက်အခဲအတားအဆီးတွေကို ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကို အသေးစိတ် တစ်ချက်ချင်းစီ ဆွေးနွေးဖို့လိုတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်ဟု ပြောကြားခဲ့ သည်။

ယနေ့ကျင်းပသည့် ဒုတိယနေ့အစည်းအဝေးသို့ အစိုးရအစုအဖွဲ့မှ ကိုယ်စားလှယ် ၁၀ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့မှ ကိုးဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၀ ဦးတို့ တက်ရောက်ခဲ့ကြသည်။

တစ်ဆို့နေတဲ့နည်းလမ်းတွေကို ကျော်လွှားဖို့ အဆိုပြု

UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက အတွင်းရေးမှူးအဖွဲ့ ဆွေးနွေးပွဲတွေရဲ့ လိုအပ်ချက်ကို ဆွေးနွေးသလို အခုလောလောဆယ်မှာ တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအကြောင်းလည်း ဆွေးနွေးပါတယ်။ ကျွန်တော်တို့ အစိုးရဘက်က တစ်ဆို့နေတဲ့ နည်းလမ်းတွေကို ကျော်လွှားဖို့ အဆိုပြု တာရှိတယ်။ နည်းလမ်းလေးသွယ်ကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ဖို့ အဆိုပြုတာရှိပါတယ်။ EAO ဘက်က ဒါကိုယူသွားမယ်၊ ယူသွားပြီးရင် သူတို့ရဲ့ တစ်ဖွဲ့ချင်းထဲမှာ ဒါမှမဟုတ် စုဖွဲ့မှုထဲမှာ ဆွေးနွေး ပြီးရင် ကျွန်တော်တို့နဲ့ ပြန်လည်ဆွေးနွေးဖို့ဆိုတာ ရှိပါတယ်။ အလွတ်သဘော ဆွေးနွေးပွဲဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်ဆိုပြီး မထားပေမယ့် သဘောထား စုစည်းချက်တွေရှိတယ်။ အဲဒီစုစည်းချက်တွေကို တော့ အစည်းအဝေးတက်ရောက်သူတွေအားလုံး ပေးထားတယ်။ နောက်ထပ်အဆိုပြုချက်က ဇူလိုင်လအတွင်း မှာ အတွင်းရေးမှူး ဆွေးနွေးပွဲပြန်လုပ်ဖို့ အဆိုပြုတာရှိပါတယ်။ အဲဒါပြီးရင် တရားဝင်အစည်းအဝေးတွေ ပြန်စနိုင်ပြီး UPDJC အစည်းအဝေးတွေခေါ်နိုင်မယ်။ ပြီးရင် ညီလာခံဆက်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်ဟု နှစ်ရက်တာအစည်းအဝေး၏ ရလဒ်နှင့် ပတ်သက်၍ ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်များ၏ အလွတ်သဘော အစည်းအဝေး ကျင်းပရခြင်းသည် တရားဝင်ဆွေးနွေးပွဲများ တက်ရောက်ရန် ခေတ္တ ဆိုင်းငံ့ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ရှိသောကြောင့် အားလုံးတက်ရောက်နိုင်ရန် အလွတ်သဘောအစည်းအဝေး ကျင်းပရခြင်း ဖြစ်သော်လည်း ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ မှာ တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။

Related Articles