အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) KIO, MNTJP, PSLF, ULA တို့ အထူးဒေသ (၄) မိုင်းလားတွင် တွေ့ဆုံဆွေးနွေး

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) KIO, MNTJP, PSLF, ULA တို့ အထူးဒေသ (၄) မိုင်းလားတွင် တွေ့ဆုံဆွေးနွေး

Mon, 07/01/2019 - 09:42
Posted in:
0 comments

 

မိုင်းလား ဇွန် ၃၀

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ရေးထိုးခြင်းမပြုရသေးသည့် KIO (ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့)၊ MNTJP (မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ)၊ PSLF (ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး) နှင့် ULA (ရခိုင်အမျိုးသား အဖွဲ့ချုပ်) တို့သည် ယနေ့နံနက် ၁၀ နာရီခွဲက ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားရှိ Orient Hotel တွင် တွေ့ဆုံခဲ့ကြကြောင်း ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးဦးလှမောင်ရွှေထံမှ သိရသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့်   KIO၊  MNTJPPSLFULAတို့သည် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အစိုးရ၏အပစ်အခတ်ရပ်စဲရေး Bilateral မူကြမ်းနှင့် ပတ်သက်သည့် အဆိုပြုချက်များကိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း လေးဖွဲ့ထံပေးအပ်ခဲ့ပြီး ဇူလိုင်လဒုတိယပတ် (သို့မဟုတ်)တတိယပတ်တွင် ပြန်လည် တွေ့ဆုံရန် ကမ်းလှမ်းခဲ့ကြောင်းသိရသည်။

အစိုးရနှင့် KIO+၃ တွေ့ဆုံမှုနှင့်ပတ်သက်၍ ဦးလှမောင်ရွှေက တက်ရောက်နိုင်ဖို့ ညှိနှိုင်းပေးတာက မိုင်းလား အထူးဒေသ(၄)ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ ပါပါတယ်။ အခက်အခဲကြားက တွေ့ဆုံနိုင်တဲ့ဒီနေ့တွေ့ဆုံမှုမှာတော့ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌနဲ့အတွင်းရေးမှူးတို့က ဒုတိယမူကြမ်းလို့ ပြောလို့ရတဲ့ အစိုးရရဲ့အပစ်အခတ် ရပ်စဲရေး Bilateral မူကြမ်းနဲ့ပတ်သက်တဲ့အဆိုပြုချက်တွေ ပေးအပ်ခဲ့တာရှိပါတယ်။ သက်ဆိုင်ရာ လေးဖွဲ့ကလည်း သူတို့ပြောကြားလိုတဲ့ ကိစ္စတွေကို ပြောကြားခဲ့တာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ နောက်နှစ်ပတ် (သို့မဟုတ်)သုံးပတ်အတွင်းမှာ တွေ့ဆုံဆွေးနွေးဖို့ အဆိုပြုခဲ့တာရှိပါတယ်။ကျွန်တော်တို့ မျှော်လင့်တာကတော့ ကျွန်တော်တို့ Bilateral အဆိုပြုချက်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေမှာ ပြန်ပြီးတော့ သုံးသပ်ပြီးရင် ကျွန်တော်တို့နဲ့ ပြန်လည်တွေ့ဆုံပြီးတော့ Bilateral ကိစ္စတွေကို ညှိနှိုင်းဆွေးနွေးနိုင်မယ်လို့ ထင်ပါတယ်။ လေ့လာသူတွေအဖြစ် SSPP နဲ့ NDAA (မိုင်းလား) ကတွဲဖက်အတွင်းရေးမှူးတွေ တက်ရောက်ပါတယ် ဟုပြောသည်။

ယနေ့ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ် များ အဖြစ် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)နှင့် ငြိမ်းချမ်းရေးကော်မရှင် အကြံပေးများဖြစ်ကြသည့်ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးမိုးဇော်ဦးနှင့် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးသက်နိုင်တို့ တက်ရောက်ကြပြီး KIO (ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့) ၊MNTJP (မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ) ၊ ULA (ရခိုင်အမျိုးသားအဖွဲ့ချုပ်) နှင့် PSLF (ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး) တို့မှ တာဝန်ရှိသူ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး လေ့လာသူများအဖြစ် SSPP (ရှမ်းပြည်တိုးတက်ရေးပါတီ) နှင့် PSC (ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ-မိုင်းလား) တို့မှ တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း လေးဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီ၃၀ ရက်ကလည်း မူဆယ်မြို့ရှိ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Bilateral Ceasefire Agreement)တွင်ပါဝင်သည့် NCA စာချုပ်လက်မှတ် ရေးထိုးရန် ကတိကဝတ်၊ တပ်ပိုင်းဆိုင်ရာနေရာချထားရေးကိစ္စရပ်များ၊ တိုက်ပွဲများမဖြစ်ပွား စေရန် ဆောင်ရွက်မည့်နည်းလမ်းများ အပါအဝင်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အဆိုပြု မူကြမ်းတွင် တိတိကျကျ ထည့်သွင်းရန် လိုအပ်သည့်အချက်များ စသည့်ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ် ကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။

Related Articles