ရှမ်းပြည်နယ် မိုင်းလားမြို့၌ ကျင်းပသည့် အထူးဒေသ-၄ နှစ် (၃၀) ပြည့် အထိမ်းအမှတ်ပွဲတော်သို့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ရှမ်းပြည်နယ် မိုင်းလားမြို့၌ ကျင်းပသည့် အထူးဒေသ-၄ နှစ် (၃၀) ပြည့် အထိမ်းအမှတ်ပွဲတော်သို့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

Tue, 07/02/2019 - 10:41
Posted in:
0 comments

နေပြည်တော် ဇူလိုင် ၁

ရှမ်းပြည်နယ် မိုင်းလားမြို့ ငြိမ်းချမ်းရေးရင်ပြင်၌ အထူးဒေသ-၄ နှစ်(၃၀)ပြည့် အထိမ်းအမှတ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။

အထိမ်းအမှတ်ပွဲတော်သို့ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်အဖွဲ့များနှင့် တိုင်းရင်းသား ပြည်သူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကျင်းပရာ ငြိမ်းချမ်းရေးရင်ပြင်သို့ ပရိသတ်များနေရာ ယူကြပြီး နံနက် ၆ နာရီခွဲတွင် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဒေသ္တရအဖွဲ့ များ၊ အခြေခံပညာကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာများနှင့် အလှပြယာဉ်များချီတက်၍ ဧည့်သည်တော်များကို ဂုဏ်ပြုနှုတ်ဆက်သည်။

ဆက်လက်၍ အလံတင်အခမ်းအနား ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ ရှမ်းပြည်နယ်အလံ နှင့် အထူးဒေသ-၄ အလံတို့ကို အလံတင်အဖွဲ့က လွှင့်တင်၍ ဘင်ခရာအဖွဲ့က နိုင်ငံတော်သီချင်းတီးမှုတ်ပြီး တက်ရောက်လာကြသူများက အလေးပြုကြသည်။

ထို့နောက် အထူးဒေသ-၄ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဥက္ကဋ္ဌဦးစိုင်းလင်းက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံမှ အထူးဒေသ-၄ မိုင်းလားတွင် ကျင်းပသောအထိမ်းအမှတ်ပွဲတော်သို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။ ဆက်လက်၍လူပုဂ္ဂိုလ်များနှင့် အဖွဲ့ အစည်းတို့က ပေးပို့သောသဝဏ်လွှာများကို ဖတ်ကြားမှတ်တမ်းတင်သည်။

ယင်းနောက် တက်ရောက်လာသည့် ဧည့်သည်တော်များက ငြိမ်းချမ်းရေးအထိမ်းအမှတ်ချိုးငှက်များ လွှတ်ပေးကြပြီး အထူးဒေသ-၄ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီဝင်များက ဧည့်သည်တော်များနှင့် ပရိသတ်များကို ကျေးဇူးတင်ဂါရဝပြုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အထိမ်းအမှတ်ပွဲတော်ညပိုင်းတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကပဒေသာများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြောင်း သိရသည်။

 

Related Articles