အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်အဖွဲ့ နှင့် ကေအဲန်ယူတို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကျင်းပ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်အဖွဲ့ နှင့် ကေအဲန်ယူတို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကျင်းပ

Wed, 07/10/2019 - 09:51
Posted in:
0 comments

ရန်ကုန် ဇူလိုင် ၉

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့ နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(KNU)တို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

အလွတ်သဘောတွေ့ဆုံဆွေးနွေးရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင်ပါရှိသည့် ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ၊ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ပြိုင်တည်းဆောင်ရွက်သွားမည့် လမ်းကြောင်းလေးခု အဆိုပြုချက်၊ ဒေသခံတိုင်းရင်းသားပြည်သူများ ဖွံ့ဖြိုး ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး လာမည့် ဩဂုတ်လတွင် နှစ်ဖက်ပြန်လည်တွေ့ဆုံရန် လျာထားသတ်မှတ် ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အစိုးရဘက်ကတော့ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးများ အစည်းအဝေးမှာ လမ်းကြောင်းလေးခု တစ်ပြိုင်တည်းသွားဖို့ အဆိုပြုထားတာရှိတယ်။ ဒါကို ပြန်ရှင်းပြတယ်။ KNUဘက်ကတော့ NCAအရ ဖြစ်ပေါ်လာတဲ့ ကြားကာလနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမယ့်အပိုင်းတွေကိုဆွေးနွေးတယ်။ KNU ရဲ့ သဘောထားရော ကျွန်တော်တို့ အစိုးရဘက်က သဘောထားရော ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်။ အချက် (၅) ချက်လောက်ရပါတယ်။ နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့ လာမယ့်ဩဂုတ်လအတွင်းမှာ ပြန်တွေ့ဖို့ပါ။ အစိုးရဘက်က ကမ်းလှမ်းချက်တွေကို ကျွန်တော်တို့ပေးလိုက်တယ်။ အဲ့ဒီကမ်းလှမ်းချက်တွေကို  KNU အလုပ်အဖွဲ့မှာ ဆွေးနွေးမယ်။ ပြီးရင် ဗဟိုအလုပ်အမှုဆောင်ကော်မတီကိုပြန်တင်ပြပြီး ဩဂုတ်လအတွင်းမှာ ပြန်တွေ့ဖို့ နှစ်ဖက်လုံးကြိုးစားမယ်ဆိုပြီး လုပ်ထားတယ်။ အထူးသဖြင့်ကတော့ NCA လက်မှတ်ရေးထိုးပြီးတဲ့ နောက်မှာ ယုံကြည်မှုတည်ဆောက်ရေးက အလွန်အရေးကြီးတယ်။ အဲ့ဒီဒေသမှာရှိတဲ့ ဒေသခံတိုင်းရင်းသား ပြည်သူတွေရဲ့ ဖွံ့ဖြိုးရေးကိစ္စတွေပေါ်မှာ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ခြုံငုံပြီး ဆွေးနွေးတာ ဖြစ်ပါတယ်ဟု ပြောသည်။

အစိုးရ၏ တစ်ပြိုင်တည်းဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအနေ ဖြင့် NCA အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကြားကာလဆိုင်ရာ ကိစ္စရပ်များ၊ လုခြုံရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ အဆိုပြုဆွေးနွေးရန်၊ NCA လမ်းကြောင်းဖြစ်စဉ်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဖက်ဒရယ်အခြေခံမူများရရှိအောင် ဆောင်ရွက်ရန်၊ ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀အလွန်ကာလများတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs)ဆွေးနွေးဖက်များအကြား အဆင့်လိုက်ဆောင်ရွက်သွားရမည့် အရာများဆောင်ရွက်ရန်နှင့် NCA  လက်မှတ်ရေးထိုးထားခြင်း မပြုရသေးသည့်အဖွဲ့များပါဝင်ရေး ဆောင်ရွက်ရန်၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေး၏အကျိုးတရားများ လက်တွေ့ခံစား နိုင်ရန်အတွက် စီမံကိန်များ အကောင်အထည်ဖော်ဆောင်ရွက်ရန်စသည့် အဆိုပြုချက်များပါဝင်ကြောင်း သိရသည်။

 “NCA အကောင်အထည်ဖော်မှုနဲ့ ပတ်သက်တာတွေ လက်ခံနိုင်အောင်လုပ်မယ်။ ငြိမ်းချမ်းရေးညီလာခံမှာ ဖက်ဒရယ်အခြေခံမူတွေ ရနိုင်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံးလုပ်မယ်။ နောက် ၂၀၂၀ မတိုင်ခင် ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်အောင်လုပ်ဆောင်ပြီး ဘာတွေရအောင် လုပ်မလဲ။ ၂၀၂၀ ကျော်ရင် အဆင့်လိုက် ဘယ်လိုသွားကြမလဲ။ နောက်ထပ်အရာတွေကတော့ ငြိမ်းချမ်းရေးရဲ့ အကျိုးတရားကို ဒေသခံပြည်သူတွေ ခံစားနိုင်ဖို့ပါ။ ဒါဟာ တစ်ချိန်တည်း တစ်ပြိုင်တည်းသွားဖို့ အစိုးရကအဆိုပြုထားတာဖြစ်ပါတယ်ဟု ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ယနေ့တွေ့ဆုံပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် များဖြစ်ကြသည့်ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦးနှင့် ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့ကြပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ တွဲဖက်အထွေထွေအတွင်းရေးမှူးပဒိုစောဆဲပွယ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုနော်ဒါးဒါး၊ ပဒိုမန်းဘထွန်း၊ ပဒိုစောနေသဘလေး၊ ပဒိုစောအယ်ကလူရွှေဦးနှင့် နော်မေဦးတို့ တက်ရောက်ခဲ့ကြသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှုအားယာယီရပ်ဆိုင်းထားပြီး အလွတ်သဘောဆွေးနွေးမှု လမ်းကြောင်းမှတစ်ဆင့် ဆွေးနွေးအဖြေရှာသွားမည်ဟု ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့အထိအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အလွတ်သဘော (၈) ကြိမ် တွေ့ဆုံခဲ့ကြောင်း သိရသည်။

Related Articles