ငြိမ်းချမ်းရေးဖြစ်စဉ်က အစိုးရရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာရော အားလုံးမှာ တာဝန်ရှိတယ်

ငြိမ်းချမ်းရေးဖြစ်စဉ်က အစိုးရရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာရော အားလုံးမှာ တာဝန်ရှိတယ်

 

ရန်ကုန် ဇူလိုင် ၁၀
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ်အဖွဲ့တို့သည ဇူလိုင် ၉ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။
ထိုတွေ့ဆုံပွဲအပြီးတွင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အစိုးရ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အစိုးရနှင့် NCA စာချုပ် လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လတ်တလော ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအပေါ် မေးမြန်းခဲ့သည်များကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။
မေး ။ ။ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ အလွတ်သဘော တွေ့ဆုံဖြစ်တဲ့အကြောင်းနဲ့ KNU အနေနဲ့ တရားဝင်ဆွေးနွေးပွဲမှာ ပြန်ပါဖို့ အဆင်သင့် ဖြစ်ပြီလားဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ KNU အဖွဲ့ တရားဝင်အစည်းအဝေးတွေမှာ ပြန်ပါဖို့ကတော့ ပြီးခဲ့တဲ့လက လုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများ အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ အစည်းအဝေးက အကြောင်းအရာတွေကို KNU ဗဟိုအလုပ်အမှုဆောင်က မသိဘူး။ ဒါကို ကျွန်တော်တို့ ပြန်ရှင်းပြတယ်။ ပုံမှန်အစည်းအဝေးတွေ ပြန်သွားရမယ်။ အလွတ်သဘော အစည်းအဝေးတွေလည်း သွားရမယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က အစိုးရရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာရော အားလုံးမှာ တာဝန်ရှိတယ်။ အထူးသဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ဖြစ်စဉ်က အရေးကြီးတယ်။ ဒီလိုရပ်တန့်နေတာကို လမ်းကြောင်းမှန် ပြန်ရောက်အောင် ဘယ်လို သွားမလဲ ဆိုတာကို အစိုးရက ကမ်းလှမ်းနေတာ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ စိုးရိမ်ချက်တွေ၊ ပြဿနာတွေကို အစိုးရကလက်ခံတယ်။ အသိအမှတ်ပြုတယ်။ ဒါတွေပြေလည် အောင်လုပ်ငန်းစဉ်တွေကို အပြိုင်ဆောင်ရွက်ရမယ်။ ဒါကြောင့် အစိုးရရဲ့လမ်းကြောင်း လေးကြောင်းနဲ့ သွားရမယ်ဆိုတဲ့အရာတွေ ပြန်ရှင်းပြတာပါ။
မေး ။ ။ မြောက်ပိုင်းလေးဖွဲ့ ဖြစ်တဲ့ KIO ၊ MNTJP ၊ PSLF ၊ ULA တို့နဲ့ တွေ့ဆုံဖို့နဲ့ Bilateral ထိုးဖို့ အခြေအနေကရော ဘယ်လိုရှိပါသလဲခင်ဗျာ။
ဖြေ ။ ။ KIO အပေါင်းသုံးနဲ့ တွေ့ဆုံဖို့က ကျွန်တော်တို့က အစိုးရရဲ့အဆိုပြုချက် Bilateral မူကြမ်းကိုပေးလိုက်ပြီးပြီ။ အဲဒါကို သူတို့ တစ်ဖွဲ့ချင်းမှာ ပြန်ဆွေးနွေးမယ်။ ဆွေးနွေးပြီး ဒီလ (ဇူလိုင်) ၁၄ ၊ ၁၅ လောက်မှာ အကြောင်းပြန်မယ်။ မပြီးသေးရင်တော့ ပြန်သုံးသပ်ကြမှာပေါ့။ သူတို့ရဲ့ Process ကိုတော့ ကျွန်တော်မသိဘူး။ ပြီးရင် ကျွန်တော်တို့ အမြန်ဆုံးပြန်တွေ့ဖို့ပါ။ တပ်မတော် ကနေပြီးတော့ အပစ်ရပ်သက်တမ်းနှစ်လ ထပ်တိုးထားတယ်။ အဲဒီအတွင်းမှာ ပြန်တွေ့ဖို့လိုတယ်။ ဒါမှလည်း ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Bilateral Ceasefire Agreement) မြန်မြန်လုပ်နိုင်မှာ ဖြစ်တယ်။ အဲဒီအတွက်လည်း အမြန်ဆုံးအကြောင်းပြန်ဖို့ ပြောထားတယ်။
မေး ။ ။ အစိုးရရဲ့ အဆိုပြုချက်ကို အကြမ်းလောက် သိရနိုင်မလား။
ဖြေ ။ ။ အစိုးရဘက်ရဲ့ အဆိုပြုချက်ကို မြောက်ပိုင်းလေးဖွဲ့ကို ပေးပြီးပြီ။ ပြန်တွေ့ရင်ပြန်ဆွေးနွေးမှာ။ အဲဒီမှာ NCA လမ်းကြောင်းကို သွားမယ်ဆိုတဲ့ အဆိုပြုချက်ပါမှလည်း Bilateral Ceasefire Agreement ဖြစ်မယ်လို့ ပြောထားတယ်။ ပထမစညှိတာက Bilateral ပါ။ ဇန်နဝါရီလ ၄ ရက်နေ့က ရခိုင်ပြည်နယ်မှာ AA ရဲ့ဖြစ်စဉ် ဖြစ်ပြီးနောက်မှာ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ တော်တော်လေး ဖြစ်လာတယ်။ ဖြစ်လာတဲ့အပေါ်မှာ အစိုးရဘက်က (Deep Of Commitment-DOC) အဆိုပြုတယ်။ မူဆယ်မှာ ဧပြီလ ၃၀ ရက်နေ့ကတွေ့တဲ့ပွဲမှာ ကျွန်တော်တို့ Bilateral တော့သွားမယ်။ ဒါပေမယ့် NCA ကို ထိုးပါမယ်ဆိုတဲ့ ကတိကဝတ်ပေးမှဖြစ်မယ်လို့ ပြောပြီးသားပါ။ အစိုးရလိုလားချက် အဆိုပြုပြီးသားဖြစ်တယ်။ အဲဒီအပေါ်မှာ ပြန်တွေ့တဲ့အချိန်မှာ အသေးစိတ် ထပ်ဆွေးနွေးပေါ့။ အဲဒီအပေါ်မှာ နှစ်ဦးနှစ်ဖက် သဘောတူရင် Bilateral Ceasefire Agreement လက်မှတ်ထိုးလို့ရပြီ။ လုံခြုံရေးအရ စိုးရိမ်စိတ်ရှိတဲ့အပေါ်မှာတော့ ကျွန်တော်တို့က ဆွေးနွေးပွဲတွေလာတဲ့အခါမှာ ဘာမှ မဖြစ်ဖို့ တာဝန်ယူတယ်။ လုံခြုံရေးအရလည်း မှဲ့တစ်ပေါက်မစွန်းစေဖို့ တာဝန်ယူပါတယ်။
မေး ။ ။ မြောက်ပိုင်းလေးဖွဲ့အပြင် အခြား NCA လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရရဲ့တွေ့ဆုံမှု အခြေအနေကိုသိချင်ပါတယ်။ NCA လက်မှတ် ရေးထိုးမယ့် အဖွဲ့တွေ တိုးလာနိုင်ပါသလား။
ဖြေ ။ ။ မိုင်းလား (NDAA) ကတော့ NCA ထိုးဖို့ အဆင်သင့်ရှိတယ်ဆိုတာ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်မှာပြောထားပြီးသားပါ။ ''၀'' အဖွဲ့ (UWSA) နဲ့ကတော့ အဆိုပြုချက်တစ်ခုရှိပါတယ်။ လက်ခံ ရပြီးပြီ။ ရလာတဲ့အပေါ်မှာ ကျွန်တော်တို့ဘက်ကနေပြီးတော့ လူကြီးတွေကို တင်ပြနေတယ်။ အဲဒီ အဆိုပြုချက်ကို လူကြီးတွေဆီက အတည်ပြုချက်ရရင် ကျွန်တော်တို့ ''၀'' ဘက်ကို ပြန်ပေးမယ်။ အဲဒါရရင် NCA လမ်းကြောင်းပေါ် ရောက်ပြီ။ မိုင်းလားကလည်း တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ပါလာလိမ့်မယ်လို့ မျှော်မှန်းတယ်။ အခုလာမယ့် ဇူလိုင် ၁၇ ရက်နေ့မှာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွေ့မယ်။ ၁၈ ရက်နေ့မှာ KNPP နဲ့ တပ်မတော်တွေ့မယ်။ ဧပြီလမှာ KNPP နဲ့ တွေ့တုန်းက NCA ရေးထိုးဖို့ ရက်သတ်မှတ်ချက် အကြမ်းဖျင်း ထည့်ထားတာပါပါတယ်။ အခုတစ်ခါတွေ့ရင်တော့ NCA ကို ဘယ်လိုထိုးမလဲဆိုတာ အဓိကဆွေးနွေးမှာ ဖြစ်ပါတယ်။ KNPP ကတော့ အဖြစ်နိုင်ဆုံး အနီးစပ်ဆုံး ရှိမယ်လို့ ယူဆတယ်။ ပြီးရင် ''၀'' တို့ မိုင်းလားတို့က အဆင်ပြေပြီ။ ညှိနှိုင်းလို့ ရပြီဆိုရင် NCA လမ်းကြောင်းအတိုင်းသွားဖို့ရှိပါလိမ့်မယ်။ KIO အပေါင်းသုံးကတော့ Bilateral အဆင်ပြေရင် NCA သွားဖို့ အလားအလာ ကြိုးပမ်းမှာပါ။ အပြုသဘောဆောင်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်။
မေး ။ ။ တပ်မတော်ရဲ့ စစ်တိုင်း (၅) တိုင်းမှာ အပစ်ရပ် သက်တမ်းတိုးလိုက်တာက ဘယ်လို အကျိုးတွေ ရလာသလဲ။
ဖြေ ။ ။ တပ်မတော်ရဲ့ အပစ်ရပ်သတ်မှတ်ချက်နဲ့တင် ဒေသတွေ ငြိမ်းချမ်းတဲ့ အနေအထားရှိတယ်။ ကချင်ဆို လျော့နည်းသွားတယ်။ ပဋိပက္ခဖြစ်မယ့်၊ တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားရှိမယ်ဆိုရင်တောင် ညှိနှိုင်းပြီးတော့ ရှောင်ရှားတဲ့အနေအထား ရှိတယ်။ တပ်မတော်ဘက်ကညှိတယ်။ ကျွန်တော်တို့လည်း ကြားထဲကညှိတယ်။ KIA ကလည်းလိုက်လျောပြီးတော့ ညှိတဲ့သဘောလေးတွေရှိတော့ တိုက်ပွဲဖြစ်မယ့် အနေအထားကို ရှောင်လွှဲနိုင်တယ်။ အခု IDPs Camp (စစ်ဘေးရှောင်စခန်း) တွေကနေ နေရပ်ပြန်ဖို့အတွက် ကချင်စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေးကော်မတီ (KECC) နဲ့ မဂ္ဂနစ်ဇင်တစ်ခု ဆောက်ထားပြီ။ Pilot (ရှေ့ပြေး) အနေနဲ့ ဘယ် IDPs Camp ကိုတော့ မူလနေရာကို ပြန်သွားပါ ပြန်ပြီးနေထိုင်ကြဖို့ဆိုတာ လုပ်နေပြီ။ ဒီအရာကလည်း KIA နဲ့ Bilateral ထိုးရာမှာ အထောက်အကူဖြစ်ဖို့၊ နောက်ယုံကြည်မှု တည်ဆောက်ဖို့ လုပ်နေတာဖြစ်တယ်။ KNPP နဲ့လည်း လစဉ်ပြည်နယ်အဆင့် တွေ့ဆုံဖို့ မှာထားပြီးပြီ။ အချို့ ဆွေးနွေးပွဲတွေဆို NRPC ကသွားပြီးတော့ ပါဝင် ဆွေးနွေးတယ်။ အောက်ခြေမှာ မပြေလည်တာတွေ ပြေလည်အောင် ဆွေးနွေးညှိနှိုင်းတာတွေ လုပ်တယ်။ ဗဟိုအဆင့် သဘောတူညီချက်တွေ ထားသော်ငြားလည်း အောက်ခြေမှာပြေလည်မှ ပြဿနာတွေမရှိမှ ယုံကြည်မှုရှိမှာပါ။ ဒီအတွက်လည်း အပြုသဘောမြင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ ပြည်ထောင်ငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို အခု ၂၀၁၉ ထဲမှာ စနိုင်မလားဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ၂၀၁၉ ထဲမှာ ဖြစ်ဖို့တော့ ရည်မှန်းချက်ထား ကြိုးပမ်းပါမယ်။ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ် က ဥပမာ-နိုင်ငံရေးပါတီများ အစုအဖွဲ့ဆို အချို့ ဒါကိုသိပ်မသိဘူး။ နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ရှင်းပြရတယ်။ UPDJC အစည်းအဝေးတွေ စတင်နိုင်ဖို့ ကျွန်တော်တို့ အဆိုပြုထားတယ်။ EAOs တွေဘက်ကအကြောင်း ပြန်မယ်ပြောထားတယ်။ ဒါဖြစ်ရင် UPDJC အစည်းအဝေးတွေ ပုံမှန် သွားနိုင်ပြီလို့ မျှော်လင့်ထားတယ်။ ၂၀၁၉ ထဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံလုပ်နိုင်ဖို့ မျှော်မှန်းထားတယ်။ ၂၀၂၀ ဆိုရင် ရွေးကောက်ပွဲတွေလာမယ်။ အဲဒီအခါကျရင် နိုင်ငံရေးစည်းရုံး လှုပ်ရှားမှုတွေဟာ အရှိန်ပြင်းထန်လာမယ်။ ဒါဆို ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အာရုံစိုက်မှု နည်းသွား မယ်။ ဒါကြောင့် အဲဒီကာလမတိုင်ခင်မှာ လုပ်ဆောင်မှ နောက်တစ်ဆင့်အတွက် ဘယ်လို ဆက်သွား မလဲဆိုတဲ့ ခိုင်မာတဲ့ သဘောတူညီချက်တွေကိုရမယ်။
မေး ။ ။ အစိုးရ ၊KECC နဲ့ KIA တို့ ကချင်စစ်ဘေးရှောင်ပြည်သူတွေ (IDPs) နေရပ်ပြန်နိုင်ရေး အတွက် ဆောင်ရွက်နေတဲ့ အခြေအနေကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ အစိုးရက IDPs နေရပ်ပြန်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနကတစ်ဆင့် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးပြီး ရေးဆွဲထားတာရှိတယ်။ မူကြမ်းရပြီ။ မဟာဗျူဟာပေါ်မှာ မူတည်ပြီးတော့ action plan ဆွဲမယ်။ အဲဒီအခါကျရင် ဥပမာ-ကရင်ပြည်နယ်အတွက် action plan တစ်ခု၊ ကချင်ပြည်နယ်အတွက် action plan တစ်ခု၊ ရှမ်းပြည်နယ်အတွက် action plan တစ်ခု စသည်ဖြင့် အဲဒီလိုမျိုးပါ။ ဒေသမတူညီတဲ့ အတွက် action plan ပုံစံကမတူဘူး။ action plan ရေးဆွဲနိုင်ဖို့အတွက် pilot project စလုပ်နေ တယ်။ ကချင် IDPs Camp က နေထိုင်သူတွေမှာ အချို့ရွာတွေရှိတယ်။ အချို့က ရွာတွေမရှိ တော့ဘူး။ အချို့ကျတော့ သူ့နေရပ်မပြန်တော့ဘဲ အခြားနေရာမှာ နေရာချထားတာရှိတယ်။ အဲဒီအတွက် pilot project လုပ်နေတယ်။ ပြီးရင် တပ်မတော်ရော၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရော၊ KECC အစိုးရ တွဲပြီး အကောင်အထည်ဖော်မယ်။ အဲဒီမှာ အားသာချက် အားနည်းချက်တွေကိုယူပြီး နောက်ဆုံးရေးဆွဲမယ်။ IDPs တွေပြန်ပြီး မူလအနေအထား ပြန်ရောက်ဖို့၊ စားဝတ်နေရေး အသက်မွေးဝမ်းကျောင်း ပြန်လည်တည်ဆောက်ဖို့အတွက် အများကြီးလုပ်ရမယ်။ အခုနေရာရွေးနေတယ်။ အစိုးရဘက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်တဲ့ KECC ဖွဲ့ထားတယ်။ အခုက pilot project နေရာ ဦးစားပေးရွေးချယ်တဲ့အဆင့် ရောက်နေပြီ။ ဘယ် IDPs camp ကို စရွှေ့မလဲဆိုတာ ညှိနေတယ်။ ရပြီဆိုရင် ရွှေ့မယ်။ ဒါမအောင်မြင်ရင် ပြဿနာရှိတယ်။ IDPs တွေ မူလနေရာပို့တဲ့ အခါမှာ တစ်ဖက်ကလည်း တိုက်ပွဲပြန်မဖြစ်ဖို့လိုတယ်။ တိုက်ပွဲပြန်ဖြစ်လာရင် KECC ရော၊ အစိုးရရော၊ ဒါကို ဦးဆောင်လုပ်နေတဲ့သူတွေရော လူထုရဲ့ယုံကြည်မှု ပျောက်သွားမယ်။ ဒါကြောင့် KIA နဲ့ Bilateral Ceasefire Agreement မြန်မြန်ရဖို့ လုပ်နေတာ။