အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သည့်အဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့ခေါင်းဆောင် ခူဦးရယ် ဦးဆောင်သည့် အဖွဲ့တို့တွေ့ဆုံဆွေးနွေး

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သည့်အဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့ခေါင်းဆောင် ခူဦးရယ် ဦးဆောင်သည့် အဖွဲ့တို့တွေ့ဆုံဆွေးနွေး

Thu, 07/18/2019 - 09:00
Posted in:
0 comments

နေပြည်တော် ဇူလိုင် ၁၇

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သည့်အဖွဲ့နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီအဖွဲ့ ခေါင်းဆောင် ခူဦးရယ် ဦးဆောင်သည့်အဖွဲ့ တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့သည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး မကျင်းပမီ ကာလအတွင်း၌ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပြန် အလှန် နားလည်မှု၊ ယုံကြည်မှုများဖြင့် ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းလျက်ရှိပါကြောင်း၊ NCA အကောင်အထည်ဖော်မှု အတွက် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းမှုများရှိသကဲ့သို့ တစ်ချိန်တည်းမှာပင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်သွားရန် ညှိနှိုင်းဆွေးနွေး မှုများ ရှိပါကြောင်း။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်စပ်သည့် နေရာဒေသများရှိ ဒေသနေတိုင်းရင်းသားများအနေဖြင့် ငြိမ်းချမ်းရေး၏ အကျိုးရလဒ်များ ရရှိခံစားစေရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်း များ၏ ထောက်ပံ့မှုအပါအဝင် NRPC ငြိမ်းချမ်းရေး ရန်ပုံငွေဖြင့် IDP များ ပြန်လည် နေရာချထားရေး ကိစ္စရပ်များ၊ အခြေခံအဆောက်အဦ၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။

တစ်ချိန်တည်းမှာပင် KNPP အပါအဝင် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး NCA အောက်တွင် ငြိမ်းချမ်း ရေး ခရီးကို အတူလျှောက်လှမ်း၍ ဒေသအကျိုးစီးပွားများကိုထိထိရောက်ရောက် ဖော်ဆောင်နိုင်ရန် အားလုံးရည်မှန်းထားသည့် အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို အတူတကွ ဖော်ဆောင်နိုင်ရေးအတွက် အစိုးရအနေဖြင့် လမ်းဖွင့်ထားသကဲ့သို့ ဆွေးနွေးညှိနှိုင်းမှုများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစကပင်ပါဝင်ခဲ့သည့် အဖွဲ့ဖြစ်သည့်အတွက် NCA စာချုပ် ဖြစ်တည်မှုတွင်အဓိကနေရာကပါဝင်ခဲ့သည်ဟု ဆိုနိုင်ပါကြောင်း။

UNFC ၏ နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ဖြစ်သည့် DPN တွင် KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ကအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီးအစိုးရနှင့် NCA ရေးထိုးနိုင်ရေး အတွက် UNFC အဆိုပြုချက် ၉ ချက်ကိုညှိနှိုင်းရာတွင်လည်းအားလုံးနီးပါးသဘောတူညီနိုင်သည့် အခြေ အနေကောင်းများရခဲ့ပါကြောင်း၊ သို့သော်လည်း UNFC မှ မွန်အမျိုးသားပါတီ (NMSP) နှင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LDU) အဖွဲ့တို့သည် NCA တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ကြပြီး KNPP သည် NCA လမ်းကြောင်းမှာမပါဝင်သေးဘဲ အစိုးရနှင့် ဆက်လက်ညှိနှိုင်းနေဆဲအခြေအနေဖြစ်ပါကြောင်း။

KNPP အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် DPN ကာလအပါအဝင် တွေ့ဆုံမှုပေါင်း (၂၄)ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါကြောင်း၊ တွေ့ဆုံမှု တိုင်းတွင်လည်း ရလဒ်ကောင်းများနှင့် အပြန်အလှန်နားလည်ယုံကြည်မှုများ တိုးတက်ရရှိခဲ့ပြီးလည်းဖြစ်ပါ ကြောင်း၊ ထို့ကြောင့်KNPP အနေဖြင့် အစိုးရနှင့် ယခုထက် ပိုမိုနီးကပ်သည့် ဆက်ဆံ ရေးဖြင့် ရှေ့တစ်လှမ်းတိုး၍ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် အပြည့်အဝပါဝင်ရန် အလေး အနက်ထားတိုက်တွန်းပါကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် NCA ရေးထိုးရေးကိစ္စ၊ ဒေသတွင်းဖွံ့ဖြိုးရေးနှင့် စီးပွားရေးကိစ္စ များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်ရာတွင် မည်သို့ဆက်လက် ဆောင်ရွက်ကြမည် စသည်တို့ကို အလေးပေးဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် KNPP အနေ ဖြင့် NCA တွင်ပါဝင်လာပြီဆိုပါက ဒေသတွင်းတည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ယခင်ကထက် ပိုမို၍ နီးနီးကပ်ကပ် အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါ ကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြပြီး အခက်အခဲများရှိပါကလည်း ဝိုင်းဝန်းအဖြေရှာပေးကြရေးနှင့် အစိုးရဘက်မှ ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ ရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ခူဦးရယ် က "ကျွန်တော်တို့ နှစ်ဖက်တွေ့ဆုံမှုဟာ နှစ်ပေါင်း (၇၀) ကျော်ဖြစ်နေတဲ့ပြဿနာတွေကို အဖြေရှာဖို့အတွက် ဆုံစည်းကြခြင်းဖြစ်ပါတယ်။ အထူး သဖြင့် နှစ်ပေါင်း (၇၀)ကျော် ဖြစ်နေခဲ့တဲ့ ကျွန်တော် တို့ကြားထဲက မကြေလည်မှုတွေဟာ တကယ်တမ်းအရင်းစစ်ကြည့်လိုက်ရင်တော့ အခြေခံအားဖြင့် နိုင်ငံရေးအခြေခံ ပြဿ နာလို့ ပြောစမှတ်ရှိခဲ့ကြပါတယ်။ ကျွန်တော်တို့အချင်းချင်းအကြား မှာ ဖြစ်နေတဲ့ ပြဿနာကို ကျွန်တော်တို့ ညီရင်းအစ်ကို စိတ်ဓာတ်နဲ့ ဖြေရှင်းကြမယ်ဆိုရင် ဘာကြောင့် မကြေလည်နိုင်ကြသလဲ၊ ဘာကြောင့်အပေးအယူမတည့်နိုင်ကြသလဲ၊ မသင့်မြတ်နိုင်ကြ သလဲဆိုတဲ့မေးခွန်းကတော့ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့မေးပြီး ကျွန်တော်တို့ ဘာသာဖြေရမယ့်ကိစ္စဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ပြဿနာကို ပြဿနာလို့မြင်ပြီး ရှိရင်းပြသနာတွေကို အဖြေရှာတဲ့ နည်းလမ်းကို ဇောင်းပေးပြီး အဖြေရှာ ကြဖို့ စဉ်းစားစေချင်ပါတယ်။

"ကျွန်တော်တို့ကြားမှာ ညှိနှိုင်းဆွေးနွေးလာတာ လူပုဂ္ဂိုလ်အရရော၊ လုပ်ငန်းသဘော အရပါ ကျွန်တော်တို့ တစ်ဦးရဲ့သဘောကို တစ်ဦးက နားလည်သဘောပေါက် လောက်ပြီ လို့ မြင်ပါတယ်။ ဒီအပေါ်မှာ စိတ်သဘောထားကြီးစွာနဲ့ ပြေပြေလည်လည် အတူတကွ သွားနိုင်မယ့် လမ်းကြောင်းကိုရှာကြမယ်လို့ သဘောထား ရှိကြတယ်ဆိုရင် ပြဿနာကို ရှင်းရ တာမခက်ဘူးလို့မြင်ပါတယ်။ ဒါကြောင့် ဆုံစည်းတဲ့ဆွေးနွေးပွဲဟာ ကျွန်တော်တို့ အတူတူသွားနိုင်တဲ့ လမ်းကြောင်းတစ်ခုကိုပဲ ချဉ်းကပ်မှုအနေနဲ့ ညှိနှိုင်းဆွေးနွေး အဖြေ ရှာကြမယ် ဆိုရင် အဖြေကောင်းတစ်ခုရမယ်လို့ ထင်ပါတယ်။

"ခါတိုင်းမှာ ကျွန်တော်တို့ ဆွေးနွေးပြီးတိုင်း ယေဘုယျအားဖြင့် သဘောတူသည် Principally Agreed ဆိုတဲ့သဘောတူညီမှုမျိုးနဲ့ ရပ်တန့်မနေဖို့လိုပါတယ်၊ ယေဘူယျ အားဖြင့် သဘောတူတယ်ဆိုတဲ့စာလုံးကို သုံးခြင်းအားဖြင့် အဆုံးမှာ ဘယ်လိုမျိုး ကောက်ချက်ဆွဲလို့ရသလဲဆိုရင် ယေဘူယျဆန်ဆန် သဘောတူတဲ့ ဟာတွေဟာ သဘောမတူသလိုဘဲ ဖြစ်သွားတယ်လို့ ကျွန်တော့်စိတ်ထဲမှာ ခံစားရပါတယ်။ ဒါကြောင့် ယေဘူယျ သဘောတူတယ်ဆိုတဲ့ အဆင့်ကိုကျော်လွန်ပြီး တော့ ခိုင်မာတိကျတဲ့ အကောင်အထည် ဖော်မှုမျိုးကို ကတိပြုပြီး ကျွန်တော်တို့ တကယ်တမ်းဆောင်ရွက်ရမယ့် လုပ်ငန်းအတွက် အဖြေရှာမှုမျိုးကို တကယ် သွားသင့်တယ်လို့ မြင်ပါတယ်။ ဒီကနေ့ ဆုံစည်းမှုဟာ ဒီလမ်းကိုပဲ ရွေးချယ်ပြီး ဆက်လျှောက်ဖို့ တွေ့ဆုံခြင်းဖြစ်ပါတယ်ဆိုတဲ့ အကြောင်း ပြောကြား ရင်း နိဂုံးချုပ်ပါတယ် " ဟု ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေး နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အဖွဲ့ခေါင်းဆောင် ခူဦးရယ် တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များနှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၏ ငြိမ်းချမ်းရေး ဆိုင်ရာဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက ရှေ့ဆက်လက် ဆောင်ရွက် မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ NCA လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များ နှင့် အချိန် ဇယား သတ်မှတ်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ဆက်လက်၍ နှစ်ဖက်သဘောထားစုစည်းချက်များရယူခြင်းကို ဆောင်ရွက်ကြ သည်။

ထို့နောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အဖွဲ့ခေါင်းဆောင် ခူဦးရယ် က ယနေ့တွေ့ဆုံပွဲတွင် ကိစ္စရပ်အသီးသီးကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ပါကြောင်း၊ ပြဿနာများကို မည်သို့အဖြေရှာကြ မည် ဆိုသည်နှင့်ပတ်သက်၍ အမြင်သဘောထားများကိုဆွေးနွေး စုစည်းညှိနှိုင်းကြပါကြောင်း၊ ပြဿနာအရပ်ရပ်ကို နည်းလမ်းပေါင်းစုံဖြင့် တစ်ဖက်နှင့်တစ်ဘက် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ယုံကြည်မှုရှိရှိဖြင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာလျင် အဖြေရှာရမည်ဟု မြင်ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတစ်ခုပြီးတိုင်း အရွေ့တစ်ခု ရွေ့နေသည်ဟု သုံးသပ်ပါကြောင်း၊ အချိန် လိုအပ်သည်ကို နှစ်ဘက်စလုံးက နားလည်ထားသည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် အရွေ့ကို မြန်မြန်ဆန်ဆန်ရွေ့ချင်သော်လည်း အချိန်အရ တဖြည်းဖြည်း ရွေ့နေရဦးမည် ဖြစ်ပါကြောင်း၊ နောက်ပြန်မသွားရေးသည် အရေးကြီးပါကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေးမှုသည် အရွေ့တစ်ခုဟုပြောလိုပါကြောင်း ပြောကြား သည်။

ယင်းနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦး က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနအနေဖြင့် ၂၀၁၉ ခုနှစ် မတ် ၁၈ ရက်တွင် KNPP နှင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဧပြီ ၁၁ ရက်တွင် KNU ဖြင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဧပြီ ၂၆ ရက်တွင် KHCC နှင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် RCSS နှင့်လည်းကောင်း၊ ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် UWSA နှင့်လည်းကောင်း၊ မြောက်ပိုင်း ၄ ဖွဲ့နှင့်လည်းကောင်း တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်ပါဝင်လာနိုင်ရေး၊ NCA လက်မှတ်ရေး ထိုးနိုင်ရေး၊ NCA အရ အကောင်အထည်ဖော်ရမည့်ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ် များကို စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းလျက်ရှိပါကြောင်း။

ယနေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကိစ္စရပ်များ၊ NCA လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် KNPP အနေဖြင့် ၂၀၁၂ မတ် မှစတင်၍ ၇ နှစ်လုံးလုံး အပစ်အခတ်ရပ်စဲရေး ကို ခိုင်ခိုင်မာမာ ထိန်းသိမ်းနိုင်ခဲ့သည့်အတွက် ဒေသခံ ပြည်သူများကိုယ်စား အစိုးရအနေဖြင့် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးခရီး အခက်အခဲ အချို့ရှိသော်လည်း အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုများ ရှိသည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးပါက ပြည်ထောင်စုအစိုးရ၊ ပြည်နယ် အစိုးရများဖြင့် ပိုမိုနီးကပ်စွာ NCA ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည့် အချိန်ဇယားများအတိုင်းကြိုးပမ်းပေးကြပါရန်တိုက်တွန်းပါကြောင်း ပြောကြား သည်။

ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးဗဟိုဋ္ဌာန အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးကြီး မြင့်ဝေ နှင့် ဦးမော်မော်၊ နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ် ဦးပေါ်လွင်စိန်၊ ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဘုန်းနိုင်၊ မော်ဒေးဒေးဖော၊ ခူညေးရယ်၊ အယ်မွီး၊ ခူတော်ရယ်(အက်စ်)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Articles