အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကိုယ်စားလှယ်အဖွဲ့ နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ အလွတ်သဘောညှိနှိုင်းဆွေးနွေးပွဲကျင်းပ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကိုယ်စားလှယ်အဖွဲ့ နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ အလွတ်သဘောညှိနှိုင်းဆွေးနွေးပွဲကျင်းပ

Sat, 09/07/2019 - 16:12
Posted in:
0 comments

ရန်ကုန် စက်တင်ဘာ ၇


အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် ကေအဲန်ယူ -ကရင်အမျိုးသား အစည်းအရုံး(KNU) ကိုယ်စားလှယ်အဖွဲ့ တို့သည် ယနေ့နံနက် ၁၀ နာရီကရန်ကုန်မြို့ ရွှေလီလမ်းရှိအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စရပ်များနှင့်ပတ်သက်၍ အလွတ်သဘောညှိ နှိုင်းဆွေးနွေးခဲ့ကြသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးကနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ကျွန်တော်တို့နိုင်ငံတော် အစိုးရအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးနောက်ပိုင်းမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စဉ်ဆက်မပြတ် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ပြီးရေရှည်တည်တံ့ ခိုင်မြဲတဲ့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ရှေ့ဆက်လက်အကောင် အထည်ဖော်မဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေး ညှိနှိုင်းလျှက်ရှိပါတယ်။ ကေအဲန်ယူ-ကရင် အမျိုးအသားအစည်းအရုံးနဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အခုဆိုရင် (၁၁) ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်များ အပြည်အဝရှိပြီးဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု ဖြစ်ပေါ်လာဖို့ အတွက် (၂၁)ရာစုပင်လုံညီလာခံရဲ့ နိုင်ငံရေးစားပွဲဝိုင်းတွေပေါ်မှာ နိုင်ငံရေးသဘောတူညီချက်တွေ ချမှတ်နိုင် အောင် ကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ကျွန်တော်တို့အကြားမှာဘုံသဘောတူညီချက် အဖြစ် ပဋိဉာဉ် ချမှတ်ထားတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို မဏ္ဍိုင်ပြုပြီး တော့ ကျွန်တော် တို့ ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ အနာဂတ်မှာဖြစ်ထွန်းပေါ်ပေါက်လာမဲ့ ဒီမိုကရေစီဖက်ဒ ရယ် ပြည်ထောင်စုတည်ဆောက်ဖို့အတွက် လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော်တို့ အားလုံးမျှော်လင့်ထားပြီး ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာလက်နက်ကိုင်ပဋိပက္ခနဲ့ ဖြေရှင်းလို့မရနိုင်ခဲ့တဲ့ အခြေအနေတစ်ခုကို နိုင်ငံရေးဆွေးနွေးပွဲ တွေကနေတစ်ဆင့်သာဖြေရှင်းနိုင်မယ် ဆိုတာ ကျွန်တော်တို့ အားလုံးလက်ခံထားကြပြီး ဖြစ်ပါတယ်။ ဘယ်လိုပဲမတူညီကွဲပြားခြားနားမှုတွေ ရှိပါစေ။ မတူညီမှုတွေကနေတူညီမှု၊ ကွဲပြားခြားနား မှုတွေကနေတူညီမှုတွေကို ကျွန်တော်တို့ကိုယ်တိုင် ညှိနှိုင်းအဖြေရှာနိုင်ခဲ့ကြလို့လည်း NCA စာချုပ်၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)၊ အစိတ်အပိုင်း(၂) တွေ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာတွေ၊ ခက်ခဲပါတယ်ဆိုတဲ့ အရာတွေကို ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပစ်ခတ်တိုက်မှု ရပ်စဲရေးဆိုင်ရာ လက်တွေ့ အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွေဟာ ကျွန်တော်တို့ နှစ်ဖက်သဘောတူညီချက်နဲ့ ဖော်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

မမျှော်လင့်ဘဲ ဖြစ်ပေါ်လာတဲ့ မပြေလည်မှုတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်ခဲ့တဲ့ မပြေလည် မှုတွေကို ခြုံငုံသုံးသပ်ပြီးတော့ အစိုးရအနေနဲ့ တပြိုင်တည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားမဲ့ လမ်းစဉ်လေးရပ်ကိုဖော်ထုတ်ပြီးတော့ ကမ်းလှမ်းခဲ့တာရှိပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက် သွားမဲ့ လုပ်ငန်းစဉ်တွေအနေနဲ့ NCA အရဆောင်ရွက်ရမဲ့ လုပ်ငန်း တွေ ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဖက်ဒရယ်အခြေခံမူတွေ ရယူနိုင်ဖို့ကိစ္စ၊ ၂၀၂၀ အလွန်နဲ့ ၂၀၂၀ မတိုင်ခင်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အဆင့်လိုက်ဆောင်ရွက်ရမဲ့ လုပ်ငန်းတွေ၊ တိုင်းရင်းသား ဒေသတွေမှာငြိမ်းချမ်းရေးရလဒ်တွေ ရရှိခံစားနိုင်ဖို့အတွက် စီမံကိန်းတွေ ချမှတ်ဆောင် ရွက်ဖို့ ဖြစ်ပါ တယ်။

ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ NCA ကိုမဏ္ဍိုင်ပြုပြီးပေါ်ပေါက်ခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ရှေ့ဆက်သွားမဲ့ လုပ်ငန်းစဉ်တွေဟာလည်း NCA ကနေသွေဖီလွဲချော်လို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံတော်အစိုးရအနေနဲ့ NCA ကိုဗဟိုပြုတဲ့ လုပ်ငန်းစဉ်လေးရပ်ကိုဖော်ထုတ်ကမ်းလှမ်းခဲ့တာ ဖြစ် ကြောင်း လည်းသတိပြုစေလိုပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲကနေပိုမို ကောင်းမွန် တဲ့ရလဒ်တွေ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေ ပေါ်ထွက်လာမယ်လို့လဲ ကျွန်တော်တို့ အနေနဲ့ ယုံကြည်ပါတယ်။ ဒီကနေ ဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြဖို့ အခက်အခဲတွေရှိရင်လည်း ဝိုင်းဝန်း အဖြေရှာ ကြဖို့နဲ့ နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်ဖို့ သဘောတူညီချက်တွေ ရယူဆောင်ရွက်ပေးနိုင်ဖို့ ပြော ကြား လိုပါတယ်ဟုပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်တွင် ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ နှင့် ကေအဲန်ယူဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ကြပြီး တစ်နှစ် ကျော်ကြာမကျင်းပနိုင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အစည်းအဝေး ပြန်လည်ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးနှင့် နှစ်ဖက်ကွဲပြားမှုများကို ရှာဖွေနိုင် မည့် နည်းလမ်းများအားညှိနှိုင်းဆွေးနွေးနိုင်ခဲ့သည်။ ယနေ့ဆွေးနွေးပွဲသည် အဆိုပါဆွေးနွေးမှု ရလဒ် အနေဖြင့် အပြုသဘောဆောင်နိုင်မည့် သဘောထား စုစည်းချက်များရရှိစေရန်အတွက် ညှိနှိုင်းဆွေးနွေး ကြခြင်း ဖြစ်ကြောင်းသိရသည်။


ဆက်လက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အမှာ စကား ပြောကြား ရာတွင် ဒီကနေ့ဆွေးနွေးပွဲက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ တတိယအကြိမ် ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲရှေ့ဆက်သွားနိုင်ဖို့အတွက် ကျွန်တော်တို့ ကေအဲန်ယူအဖွဲ့ အစည်းနဲ့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကကိုယ်စားလှယ်များနဲ့ ညှိနှိုင်းပြီးဆောင်ရွက်လာခဲ့တဲ့ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းအကြောင်းရင်းကလည်း ကျွန်တော်တို့ရဲ့ NCA အကောင်အထည်ဖော်တဲ့နေရာမှာ ပိုမိုပြီးတော့ အားကောင်းဖို့အတွက် သဘောတူညီခဲ့တဲ့အတိုင်း လက် တွေ့ကျကျ အောင်အောင်မြင်မြင်နဲ့ သဘောတူညီပြီး ချုပ်ထားတဲ့ ပဋိဉာဉ်အတိုင်း အကောင်အထည် ဖော်ဖို့ပါ။ တွေ့ဆုံမှုတွေက တစ်ဆင့်ပြီးတစ်ဆင့် နားလည်မှုနဲ့ တူညီမှုတွေ နီးစပ်လာတယ်။ ဒီအစည်း အဝေးက ကျွန်တော်တို့ NCA အကောင်အထည်ဖော်တဲ့ နေရာမှာပိုမိုအောင်မြင်နိုင်ဖို့အတွက် ပိုမို တိုးတက်အောင်မြင်ပြီး ကျွန်တော်တို့ သဘောတူအကောင်အထည်ဖော်နိုင်ဖို့အတွက်ဖြစ်ပါတယ်။

NCA ကိုအကောင်အထည်ဖော်တဲ့ နေရာမှာသဘောတူညီချက်ကအဓိက (၂) ချက်ရှိပါတယ်။ တစ် အချက် က သဘောတူထားတဲ့ အတိုင်းအပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်ပြုလုပ် ရမှာဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးခိုင်မာအောင် ဆောင်ရွက်မယ်ဆိုရင် စာချုပ်မှာပါတဲ့ အချက်တွေကိုပိုမိုအခြေခံပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒုတိယအချက်တွေကတော့ နိုင်ငံရေး ဆိုင်ရာ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရခြင်းအကြောင်းရင်းက ကျွန်တော်တို့နိုင်ငံ လွတ်လပ် ရေး ရပြီးကတည်း ကိုကရင်ဆိုင်နေရတယ်။ ဒါကြောင့်မို့ NCA ကိုအကောင်အထည်ဖော်ကြတယ်။ NCA ကို ကျွန်တော်တို့ မဏ္ဍိုင်ထားပြီး ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက်၊ ကျွန်တော်တို့ နိုင်ငံရဲ့ တိုင်းရင်းသား ပြန်လည်သင့်မြတ်ရေးအတွက်၊ ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးရေးအတွက် အကောင်အထည် ဖော် ရမယ့် စာချုပ်ဖြစ်တယ်လို့ ကျွန်တော်တို့ လက်ခံပါတယ်။

ဒီနေ့ ဆွေးနွေးပွဲက NCA အကောင်အထည်ဖော်မှုကိုလက်တွေ့ကျကျနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိရှိ နေတဲ့ အနေအထားနဲ့ ကိုက်ညီတဲ့အကောင်အထည်ဖော်မှု၊ ဆိုလိုတာက နိုင်ငံရေးအရစစ်ရေးအရ ဆောင်ရွက်ရမဲ့ ကိစ္စတွေဖြစ်ပါတယ်။ ဒီကနေ့ဆွေးနွေးပွဲမှာတက်ရောက်နေတဲ့ နှစ်ဖက်စလုံးခေါင်း ဆောင်တွေက ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ တစ်ချို့ခေါင်းဆောင်တွေက မူလအစကတည်းက ပါလာခဲ့တဲ့ ခေါင်းဆောင်တွေရှိပါတယ်။ အခက်အခဲတွေ ရှိပါတယ်။ သို့သော်လည်းတစ်ဖက်နဲ့ တစ်ဖက် ယုံယုံကြည်ကြည်နဲ့ ကျွန်တော်တို့ ကြိုးစားပြီး ဆောင်ရွက်ခဲ့လို့ အခက်အခဲစိန်ခေါ်မှုတွေကို ကျော်လွှား ခဲ့နိုင်လို့လည်း ဒီအဆင့်ရောက်ခဲ့ပါတယ်။ ဒီအဆင့်ထက် တစ်ဆင့်တက်ပြီးအကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်တို့ဆီမှာ အားလုံး တာဝန်ရှိကြပါတယ်။ ကျွန်တော်တို့ အမြင်တွေကတစ်ထပ်တည်း တူမှာ မဟုတ်ဘူး။ ဒါပေမဲ့ အမြင်ကွဲပြားတဲ့အနေနဲ့ ကျွန်တော်တို့ နှစ်ဖက်စလုံးကလက်ခံနိုင်တဲ့ အဖြေတစ်ခု ကိုရှာနိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးယူဆမှု သုံးသပ်မှုတွေဟာကွာရင် ကွာနိုင်ပေမဲ့ ဒီသုံးသပ်မှု ကွာဟမှုတွေကိုဘယ်လိုညှိနှိုင်းပြီးတော့ ကျွန်တော်တို့ သဘောတူညီမှု ရနိုင်မလဲဆိုတာ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီအစည်းအဝေးကနေတစ်ဆင့် ကျွန်တော်တို့ ဖော်ဆောင် နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်အောင်မြင်ဖို့အတွက် ကျွန်တော်မျှော်လင့် ပါတယ်ဟုပြော ကြားသည်။

ယနေ့ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ် များ အဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်ချုပ် နေလင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို၊ နိုင်ငံတော်သမ္မတရုံး အကြံပေး ပုဂ္ဂိုလ် ဦးပေါ်လွင်စိန်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုး ဇော်ဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြ သည်။


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(KNU) ကိုယ်စားလှယ်များအဖြစ် ကေအဲန်ယူ-ကရင် အမျိုး သား အစည်းအရုံးဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ ဗဟို အမြဲတမ်းကော်မတီဝင်များဖြစ်ကြသည့် ပဒိုစောဆဲလ်ဂေ၊ ပဒိုစောအယ်ကလူစေး၊ ပဒိုစောနေသဘလေး၊ စောပိုပိုထူးအောင် ၊ စစ်ဦးစီးမှူး ၊ ပထမတန်းစောတာမလာဘောတို့ တက်ရောက်ကြသည်။

ယနေ့ကျင်းပသည့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယနေ့ကျင်းပသော NRPC နှင့် KNU တို့၏ အလွတ် သဘောညှိနှိုင်းအစည်းအဝေးသည်အဓိကအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက် ရှင်သန်ရန် တိုးတက်အောင်မြင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုနှင့် အကြောင်းအရာများကို ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ကြောင်း၊ ညှိနှိုင်းရာတွင် မူလကမိမိတို့၏ ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှု၊ NCA အကောင် အထည်ဖော်မှုများတွင်မတူညီမှု၊ ကွာဟနေမှု များကိုညှိနှိုင်းခြင်းအားဖြင့် ရှေ့လျောက်မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည် ဆိုသည့် အဖြေများရရှိသည်ဟုပြော၍ရပါကြောင်း၊ အထူးသဖြင့် တပ်ပိုင်းဆိုင်ရာ ကိစ္စများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်နည်းလမ်းများကိုရရှိခဲ့ကြောင်း၊ နိုင်ငံရေးအပိုင်း တွင် လည်း ပိုမိုလက်တွေ့ကြပြီး NCA လမ်းကြောင်းအတိုင်းဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်သည့် သဘောထားစုစည်းမှုများရရှိကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော် ရန်သွားသင့်၊ ဆောင်ရွက်သင့်သည်များကိုဆွေးနွေးခဲ့ကြောင်း၊ ဒီကနေ့ ဆွေးနွေးမှုသည် တိုးတက်မှု များရှိကြောင်း၊ ရှေ့ဆက်သွားနိုင်မည့် လမ်းကြောင်းရှိပြီဖြစ်၍ အဆိုပါလမ်းကြောင်းပေါ်တွင် သက်ဆိုင် ရာ အစုအဖွဲ့များကညှိနှိုင်းဆွေးနွေး၍ပိုမိုကောင်းမွန် ပြည့်စုံသည့်လမ်းကြောင်းကို ဆက်လက်ကြိုးပမ်း သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ NRPC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့၏ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုဆိုသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်တွေ၊ တရား ဝင်အစည်းအဝေးများ ပြည်လည်ပြုလုပ်နိုင်ဖို့ဆိုတာကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ ယနေ့ကျင်းပသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့၏ တွေ့ဆုံဆွေးနွေးမှုများ သည်အန်မတန် ခရီးရောက်ခဲ့ကြောင်း ပြောချင်ပါတယ်။ ထပ်မံဆွေးနွေးမဲ့ ညှိနှိုင်းအစည်းအဝေးများကို နှစ်ဖက်စလုံးက အမြန်ဆုံးဆက်လက်ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြား လိုပါတယ်ဟုနိဂုံးချုပ် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးအပြီးတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမူး နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က သတင်း မီဒီယာများနှင့် တွေ့ဆုံ၍ ယနေ့ ကျင်းပသည့်ဆွေးနွေးပွဲနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည် ဖြေ ကြားခဲ့သည်။

 

Related Articles