အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်အဖွဲ့ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်အဖွဲ့ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံ

Wed, 11/20/2019 - 11:51
Posted in:
0 comments

ချင်းမိုင်၊ နိုဝင်ဘာ ၁၉

 

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ကိုယ်စား လှယ် အဖွဲ့ နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တို့သည် ယနေ့နံနက် ၁၀ နာရီကထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ကြသည်။

ယနေ့ တွေ့ဆုံမှုများနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက“ အချိန် နှစ်နာရီခွဲလောက် ကျွန်တော်တို့ ဆွေးနွေးခဲ့တယ်။ ဆွေး နွေး ခဲ့တဲ့ ခေါင်းစဉ်တွေကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားဖို့ ကိစ္စရပ်တွေ ဆွေးနွေးတယ်။ အဓိကကတော့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးခေါ်ယူရာမှာ RCSS တက်ရောက်နိုင်ရေး ကိစ္စကို ဆွေးနွေးတယ်။ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အစည်းအဝေး ခေါ်ယူနိုင်ရေးကိစ္စ၊ ဒေသ တွင်း ဖွံ့ဖြိုးရေးကိစ္စတွေနဲ့ အထွေထွေကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးတဲ့အထဲမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားပေးတဲ့ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ အချုပ်ပြောရရင် ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့တယ်” ဟုဖြေကြားသည်။

ဆွေးနွေးမှုများနှင့်ပတ်သက်၍ RCSS ကိုယ်စားလှယ် စဝ်စိုင်းငင်းက “အဓိက ဆွေးနွေးတာက JICM အစည်းအဝေး ကျင်းပမယ်ဆိုတဲ့ အနေအထားကို ဆွေးနွေး တယ်။ ဘယ်တော့ ကျင်းပမယ်။ ဘယ်အတိုင်းအတာထိ လုပ်မယ်ဆိုတာကိုပါ။ ဆွေးနွေးတဲ့အခါ ကောင်းမွန်တဲ့ရလဒ်ကို ရပါတယ်။ JICM အစည်းအဝေးကို မြန်နိုင်သမျှ မြန်အောင်သွားမှာပါ။ ကျွန်တော်တို့ PPST အစည်းအဝေး ခေါ်ဖို့ရှိတယ်။ အကြမ်းဖျင်းကတော့ ဒီဇင်ဘာ ပထမပတ်ထဲမှာ လုပ်မယ်။ အဲ့ဒါပြီးတာနဲ့ JICM အစည်းအဝေး ဆက်တိုက်လာဖို့ရှိတယ်။ နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့မှာ တစ်ဖက်က အဆိုပြုချက် ရှိတယ်။ ကျွန်တော်တို့ဘက်က ပြင်ဆင်ထားတဲ့ အဆိုပြုချက် ရှိတယ်။ တစ်ဆို့မှု ကျော်လွှားရေးဆိုတဲ့ကိစ္စပါ။ အဲ့ဒါ အဆင်ပြေပြီ ဆိုတာနဲ့ တရားဝင် အစည်းအဝေးတွေကနေ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစု ပင်လုံကို ၂၀၂၀ နှစ်ဦးပိုင်းမှာ ကျင်းပနိုင်ရေးကို ဦးတည်ပြီး ကျွန်တော်တို့ အားလုံးဆောင်ရွက်သွားမဲ့ အနေအထားရှိပါတယ်” ဟုဆွေးနွေးပွဲအပြီးတွင် သတင်း မီဒီယာများအား ဖြေကြားခဲ့သည်။

ယခုဆွေးနွေးပွဲတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိခဲ့သည့် RCSS ဥက္ကဋ္ဌ စဝ်ယွက်စစ်၏ ခရီးစဉ် ကိစ္စရပ်အပေါ်လည်း ဆွေးနွေး ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

“ခရီးစဉ်ကိစ္စက တစ်ချို့ကိစ္စတွေမှာ နားလည်မှုလွဲတဲ့ကိစ္စပါ။ အချိန်လည်း လိုအပ်တယ်။ တစ်ဖက်နဲ့ တစ်ဖက် communication ပြတ်တောက်တာတွေလည်း ရှိ တယ်။ ဒါကြောင့် NCA လက်မှတ်ထိုးထားတဲ့ ခေါင်းဆောင်တွေရဲ့ ခရီးစဉ်ဆိုရင် သေချာညှိရမယ်။ အချိန်ယူ သေချာပြင်ဆင်ပြီး ဘယ်လမ်းကြောင်း ကလာမယ်။ ဘယ်ပုံစံ ဘယ်လိုနည်းနဲ့ သွားကြမယ် ဆိုပြီး ဖြေရှင်းခဲ့နိုင်ပါတယ်” ဟုပြောသည်။

ယနေ့ NRPC ကိုယ်စားလှယ်အဖွဲ့ နှင့် RCSS ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာ တွင် RCSS ဥက္ကဋ္ဌ စဝ်ယွက်စစ်က စာတစ်စောင် ပေးပို့ခဲ့သည်။

အဆိုပါ စာနှင့်ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက “ RCSS ဥက္ကဋ္ဌရဲ့ သဘောထားကို ကျွန်တော်တို့ မြင်တာ ကတော့ NCA ကတိကဝတ်တွေအတိုင်း မပြောင်းလဲဘဲ ဒီအတိုင်းဆက်သွားမယ်။ နောက် RCSS ဥက္ကဋ္ဌ ရဲ့ NCA လေးနှစ်ပြည့် ခရီးစဉ်မှာ အကြောင်း ကြောင်း ကြောင့် မဖြစ်မြောက်ခဲ့ပေမဲ့ မူလညှိနှိုင်းချက် အပေါ်မှာပဲ ဆက်ပြီးသွားမယ်။ နောက် တိုင်းရင်းသား ပြည်သူတွေအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးနဲ့ ပတ်သက်တဲ့သဘောထားမျိုးပါတဲ့ စာတစ် စောင် ပေးတာပါ” ဟုပြောသည်။

ယနေ့တွေ့ဆုံဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်များအဖြစ် NRPC အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး၊ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးမိုးဇော်ဦး၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးတို့ တက်ရောက်ကြပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) မှ ကိုယ်စားလှယ်များအဖြစ် စဝ်စိုင်းငင်း၊ စဝ်စိုင်းလျဲန်နှင့် စဝ်စိုင်းဟန်တို့ တက်ရောက်ခဲ့ကြသည်။

NRPC ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့ သည် နိုဝင်ဘာ ၂၀ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကရင် အမျိုးသား အစည်းအရုံး-ကေအဲန်ယူနှင့်လည်း သီးခြားစီတွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

Related Articles