အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KNU ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KNU ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

Mon, 11/25/2019 - 11:38
Posted in:
0 comments

 

ချင်းမိုင် နိုဝင်ဘာ ၂၂

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KNU ကရင်အမျိုးသားအစည်းအရုံး ကိုယ်စား လှယ်အဖွဲ့တို့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ တွေ့ဆုံဆွေးနွေးကြပြီး နှစ်ဘက်ရှေ့ဆက်ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေးအတွက် KNU ကရင်အမျိုးသားအစည်းအရုံးမှ အဆိုပြုထားသည့်ကိစ္စရပ်များ၊ ၂၀၂၀တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေး ကိစ္စရပ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာအစည်းအဝေး (JICM) ခေါ်ယူနိုင်ရေးကိစ္စရပ်များနှင့် အထွေ ထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “KNU အနေနဲ့လည်း ကျွန်တော်တို့ ဒီမှာလာတွေ့တဲ့ အဖွဲ့တွေလိုပဲ JICM ကိုခေါ်ယူဖို့ သဘောတူတယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာ ညီလာခံကျင်းပဖို့ သဘောတူတယ်။ ညီလာခံကနေ ရှေ့ဆက် သွားနိုင်မယ့် လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ဖို့လည်း KNU က မျှော်လင့်တယ်။ နောက် ၂၀၂၀ အလွန်ထိ သွားရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိစ္စရပ်တွေကိုလည်း ညီလာခံ ကနေ အတည်ပြုပေးစေချင်တယ်” ဟုပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ဒီဇင်ဘာ ၂၊ ၃ ၊ ၄ ရက်နေ့များ တွင်ကျင်းပရန် သတ်မှတ်ထားပြီး အဆိုပါအစည်းအဝေးများအပြီးတွင် အစိုးရနှင့် KNU ကရင် အမျိုးသားအစည်းအရုံးတို့၏ နှစ်ဖက် အလုပ်အဖွဲ့များတွေ့ဆုံရန် စီစဉ်ထား ကြောင်းသိရသည်။

ယနေ့တွေ့ဆုံဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး၊ ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ နည်းပညာအထောက်အကူပြုအဖြစ် ဦးကျော်လင်းဦးတို့ တက်ရောက်ကြပြီး KNU ကရင်အမျိုးသားအစည်းအရုံး ကိုယ်စား လှယ်များအဖြစ် KNU ဥက္ကဋ္ဌ၏ စစ်ရေး၊ နိုင်ငံရေးအကြံပေး ပဒိုစောတူးတူးလေး၊ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ KNU ဗဟိုအမြဲတမ်းကော်မတီဝင်များ ဖြစ်ကြသည့် ပဒိုစောဆဲလ်ဂေ၊ ပဒိုစောတောနီး၊ KNU ဥက္ကဋ္ဌ၏ အတွင်းရေးမှူး ပဒို စောတာမူလာနှင့် မူဝါဒရေးရာအကြံပေး နော်မေဦးတို့ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှုများအပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးနှင့် KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး တို့အား RFA သတင်းထောက် ဦးအောင်မိုးမြင့် က တွေ့ဆုံမေးမြန်းခဲ့ရာ KNU နှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာ များနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ဒီနေ့ဆွေးနွေးဖြစ်တာက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက် NCA လေးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ KNU ခေါင်းဆောင်တွေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့အစိုးရအဖွဲ့နဲ့ တွေ့ပါတယ်။ ကြားမှာ အသေးစိတ်ညှိနှိုင်း တဲ့အချက်တွေနဲ့ပတ်သက်ပြီး သီးခြားအလုပ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးဖို့ဆိုတာ သဘောတူပါတယ်။ ဒါကြောင့် ချင်းမိုင်ရောက်တဲ့အချိန်မှာ အထူးသဖြင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ KNU ခေါင်းဆောင်တွေရဲ့ သဘောတူညီချက်ကို အမြန်ဆုံးအကောင်အထည် ဖော်ဖို့အတွက် ညှိနှိုင်းဆွေးနွေးတဲ့ အစည်းအဝေးဖြစ်ပါတယ်။ ဒီဘက်မှာ PPST အစည်း အဝေးကျင်းပဖို့ရှိတယ်။ အစည်းအဝေးကျင်းပ ပြီးရင်ကျွန်တော်တို့နှစ်ဖွဲ့ အမြန်ဆုံးတွေ့ ဆုံဖို့ သဘောတူညီခဲ့ပါတယ်"ဟု ပြောကြားသည်။

KNU အနေဖြင့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးဖြစ်သည့်ကိစ္စနှင့် ပတ်သက်၍ ပဒိုစောတာဒိုမူးက "အဓိကကတော့ ရွေးကောက်ပွဲက နောက်နှစ်ထဲမှာ လာတော့မယ်ဆိုတော့ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ဘယ်အစိုးရတက်တက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရှေ့ဆက်ပြီးသွားနိုင်ဖို့ ဘယ်လောက်ထိရောက်အောင် ပြင်ဆင်ထားသင့်တယ်ဆိုတဲ့ အလွတ်သဘောဆွေးနွေးတဲ့ အပိုင်းတစ်ခုလည်း ဖြစ်ပါ တယ်။ ကျွန်တော်တို့ အလုပ်အဖွဲ့ကြားမှာ ပိုပြီးတော့ထိစပ်မှုများများနဲ့ ကျေကျေလည် လည်ဆွေးနွေးတဲ့အပိုင်းတွေ ပိုပြီးတော့လိုအပ်လာတဲ့အတွက် ဒီလိုမျိုးပြုလုပ်ခြင်း အားဖြင့် အစည်းအဝေးတွေမှာ လွယ်လွယ်ကူကူနဲ့ ဆက်သွားနိုင်မယ့် အနေအထားမျိုး ကြုံရမယ်လို့ မျှော်လင့်ပါတယ်။ ဒီအတွက် ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတဲ့ အပိုင်းတစ်ပိုင်းဖြစ်ပါတယ်"ဟု ပြောသည်။

ဆွေးနွေးပွဲတွင် အစိုးရဘက်က အဆိုပြုချက်အပေါ် ပဒိုစောတာဒိုမူးက "အဆိုပြု ချက်လေးချက်က အများကြီးနီးစပ်မှုရှိပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုပြီးတော့ NCA မှာ အဓိကအပိုင်းနှစ်ပိုင်းရှိတယ်။ အခုကတော့ နိုင်ငံရေး ဆွေးနွေးမှုအပိုင်းက အများကြီးတိုးတက်မှုရှိတယ်။ အများကြီးနီးစပ်မှုရှိတယ်။ ပြီးတော့ အပစ်အခတ်ရပ်စဲရေးအပိုင်းလည်း ကျွန်တော်တို့က ဆက်ပြီးဆွေးနွေးမှုရှိပါတယ်" ဟု ဖြေကြားသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အပေါ် သုံးသပ်ချက်နှင့်ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက "အဓိကက NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်း အနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသွားတာရှိပါတယ်။ ရှေ့ဆက်သွားမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးရပ်ရှိပါတယ်။ ပထမလုပ်ငန်းစဉ်က ပြည်ထောင်စုသဘော တူစာချုပ်- ၃ (Union Accord) ကို အပိုင်းသုံးပိုင်းနဲ့ ချုပ်ဆိုသွားဖို့ရှိတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ကိစ္စတွေမှာ အဓိကဘာလဲဆိုတော့ RCSS ဥက္ကဋ္ဌရဲ့ခရီးစဉ်ကိစ္စပါ။ အဲဒီအတွက် ချင်းမိုင်ကိုလာတယ်။ RCSS ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံတယ်။ တပ်မတော် က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်တို့ပါတယ်။ သူတို့က NRPC အဖွဲ့ဝင်လည်းဖြစ်သလို တပ်မတော်ညှိနှိုင်းဆွေး နွေးရေးအဖွဲ့ရဲ့ ခေါင်းဆောင်နဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။ အဲဒီမှာကျေကျေလည်လည် ဆွေးနွေးနိုင်ခဲ့တယ်။ နောင်မှာ EAOs ခေါင်းဆောင်တွေရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ဒီလိုပြဿနာတွေ အဆင်မပြေမှုတွေ မကြုံအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ သဘော ထားတွေ ချမှတ်နိုင်ခဲ့တယ်။ RCSS အဖွဲ့အနေနဲ့လည်း ဒီလုပ်ငန်းစဉ်မှာ ပြန်လည် ပါဝင်ဖို့အဆင်ပြေသွားတယ်။ တစ်ဆို့မှုတွေ ကျော်လွှားနိုင်တဲ့ အနေအထားရောက် သွားတယ်။

"နောက်တစ်ချက်က NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့နဲ့ ဆွေးနွေးတဲ့အခါ ကျွန်တော်တို့ ဘယ်လိုပုံစံကို ပြန်သွားမလဲဆိုတဲ့ အပိုင်းကိုဆွေးနွေးရာမှာ သဘော တူညီမှု တော်တော်များများ ရခဲ့တယ်။ အခု KNU နဲ့လည်း အတိုင်ပင်ခံနဲ့ KNU ခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာသဘောတူညီခဲ့တဲ့ သဘောတူညီချက်တွေရှိပါတယ်။ အဲဒါတွေကိုအကောင်အထည်ဖော်ဖို့ ဘယ်လိုသွားကြမလဲဆိုတဲ့ အသေးစိတ်အပိုင်း လေးတွေဆွေးနွေးဖြစ်တယ်။ အဲဒီအပေါ်မှာလည်း အများအားဖြင့် နီးစပ်မှုရှိတယ်။ အဲဒီပေါ်မှာလည်း ကျွန်တော်တို့ အသေးစိတ် ဆက်ဆွေးနွေးဖို့ရှိပါတယ်။ ဒီဇင်ဘာလ အတွင်း အမြန်ဆုံးတွေ့ဆုံနိုင်ဖို့ရှိပါတယ်။ ပြောရရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စောင့်ကြည့်နေကြတဲ့ အဖွဲ့တွေလည်းရှိတယ်။ စိုးရိမ်ပူပန်မှုတွေလည်း ရှိကြတယ်။ အဲဒီ အတွက်တော့ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်လုံးက အကောင်းဆုံး ကြိုးစားနေတယ်။

"NCA ကို အခြေခံတဲ့လမ်းကြောင်းကနေ နောက်ပြန်မဆုတ်ဘူးဆိုတာမျိုးပါ။ နှောင့်နှေး ကြန့်ကြာ သွားတဲ့ အပိုင်းကို စိုးရိမ်ပူပန်မှုတွေလည်းရှိကြမယ်။ နှစ်ဦးနှစ်ဖက် လုံးကသွားနေတဲ့ လုပ်ငန်းစဉ် ပိုကောင်းအောင် ခိုင်မာသည်ထက် ခိုင်မာအောင် ပြန်လည်သုံးသပ်၊ ဆွေးနွေးညှိနှိုင်းနေတဲ့ အနေအထားဖြစ်တဲ့အတွက် ၂၀၂၀ အလွန် သွားမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်အစိုးရတက်လာတက်လာ ပုံမှန်ဆက်သွား နိုင်တဲ့ အနေအထားရောက်အောင် ကြိုးပမ်းနေပါတယ်။ အောင်မြင်မယ်လို့လဲမျှော်မှန်း ပါတယ်။ ဒီဇင်ဘာလထဲမှာ နှစ်ဖက်အလုပ်အဖွဲ့ တွေ့ဖို့ရှိပါတယ်" ဟု ပြောကြားသည်။

KNU အနေဖြင့် နှစ်ဖက်အလုပ်အဖွဲ့ ထပ်မံတွေ့ဆုံမည့် အကြောင်းအရာအပေါ် ပဒိုစောတာဒိုမူးက "ဒီကြားထဲမှာ ကျွန်တော်တို့ KNU အဆိုပြုချက်ထဲက ပိုပြီးရှင်းရှင်း လင်းလင်းဖြစ်အောင် နှစ်ဖက်ပြန်ပြီးအသေးစိတ်ဆွေးနွေးရမယ့် အပိုင်းတွေရှိတယ်။ သူဘက်ကိုယ့်ဘက် အသေးစိတ် စဉ်းစားနိုင်ဖို့ပါ။ အခုကတော့ အချိန်အကန့်အသတ် လည်းရှိတော့ လာမယ့်ဆွေးနွေးပွဲကို ဘယ်လိုပုံစံဆွေးနွေးမယ်ဆိုတဲ့ အခြေခံမျိုးကို ဆွေးနွေးတာပါ"ဟု ပြောကြားသည်။

 

Related Articles