နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၁၈)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ -UPDJC အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၁၈)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ -UPDJC အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

Fri, 03/13/2020 - 09:11
Posted in:
0 comments

နေပြည်တော် မတ် ၁၂

(၁၈)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)၌ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက် မိန့်ခွန်း ပြောကြားသည်။

အစည်းအဝေးသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမ ှုပူးတွဲကော်မတီဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းသူ၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ နိုင်သက်လွင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဗိုလ်ချုပ်စန်းမြင့်၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ် ရဲရင့်ဝင်း၊ ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့မှ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်း၊ စဝ်စိုင်းငင်း၊ ဦးမျိုးဝင်း၊ ပဒိုစောတာဒိုမူး၊ စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ နိုင်အောင်မင်း၊ စောစိန်ဝင်း၊ စောကျော်ညွန့်၊ ကျာဆော်လမွန်၊ မိဆူးပွင့်၊ ဒေါက်တာစိုင်းဦး၊ စောစမစ်ဒွန်း၊ ခိုင်လင်းခိုင်၊ နိုင်အောင်မငေး၊ နိုင်ငံရေးပါတီများအစုအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီဒုတိယဥက္ကဋ္ဌ ဦးသုဝေ၊ ဦးနိုင်ငံလင်း၊ ဦးမြင့်စိုး၊ စိုင်းကျော်ညွန့်၊ တာလှဖေ၊ ဦးသိန်းထွန်း၊ ဒေါက်တာအောင်မြတ်ဦး၊ ဦးဦးလှစော၊ ခွန်ထွန်းရွှေ၊ ဦးဇမ်ဇမုန်၊ ဦးရွှေမင်း၊ ဒေါက်တာတူးဂျာ၊ နိုင်တလညီ၊ ဒေါ်ရင်ရင်မေ၊ စောထွန်းအောင်မြင့်တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမိန့်ခွန်းပြောကြားသည်။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားသည့်မိန့်ခွန်းအပြည့်အစုံကိုသီးခြားဖော်ပြထားပါသည်။)

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီသည် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကိုဦးဆောင်လမ်းညွှန်ကြီးကြပ်သည့် တာဝန်ခံသည့် ကော်မတီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့တိုင်းပြည်၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် အလွန်အရေးကြီးသည့် ကော်မတီတစ်ရပ်ဖြစ်ပါကြောင်း၊ UPDJC က ဦးဆောင် လမ်းညွှန်ကျင်းပနေသည့် နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ဆင့်၏ ဦးတည်ချက်ကို NCA စာချုပ်၏ အခြေခံမူများတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသားဖြစ်ပါကြောင်း၊ ယင်းအခြေခံမူ၏ အဓိက ဆိုလိုရင်းမှာ နှစ်ပေါင်း ၇၀ ကြာပြီဖြစ်သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးပင်ဖြစ်ပါကြောင်း။

ထို့ကြောင့် မိမိတို့ UPDJC က ဦးဆောင်ပြီးဆောင်ရွက်နေသည့် အဓိကလုပ်ငန်းစဉ် ရပ်မှာဒီမိုကရေနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး တို့ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ် နှစ်ရပ်ကိုအပြည့်အဝ အကောင် အထည်ဖော်နိုင်ရန်အတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် အခြေခံမူ များကို ဖော်ထုတ်ပြီး ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် လုံခြုံရေးဆိုင်ရာ ညှိနှိုင်း ပေါင်းစည်းခြင်းကိစ္စကိုမိမိတို့ မရမကဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းတို့သည့် ရှောင်လွှဲ၍ မရသည့် UPDJC အဓိကလုပ်ငန်းတာဝန်များဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းတာဝန်များကိုမိမိတို့ ဆောင်ရွက် သည့်အခါတွင် အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးအရ အခက်အခဲ မျိုးစုံ ရှိသကဲ့သို့ နည်းပညာ၊ လုပ်နည်းလုပ်ဟန်အရလည်း အခက်အခဲများစွာ ရှိနိုင် ပါကြောင်း။

UPDJC သည် တိုင်းပြည်တွင်ဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာ အားလုံးကိုကိုင်တွယ်ဖြေရှင်းနေသည့် အစိုးရမဟုတ်ကြောင်းကိုမိမိတို့ သတိထား ကြရန် လိုအပ်ပ zါ ကြောင်း၊ UPDJC က ဦးဆောင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံသည်လည်း တိုင်းပြည်တွင်းလိုအပ်နေသည့် ဥပဒေအားလုံးကို ပြဋ္ဌာန်းပေးသည့် လွှတ်တော်မဟုတ်ကြောင်းကိုလည်းမိမိတို့ သတိထားကြရန် လိုအပ်ပါကြောင်း၊ UPDJC ဦးဆောင် ကျင်းပခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်သည်လည်း လူထုဆန္ဒမှန်သမျှကိုဖော်ထုတ် ဆွေးနွေးရမည့် လူထုဟစ်တိုင် မဟုတ်ကြောင်းကိုမိမိတို့ သတိထားကြရန် လိုအပ်ပါကြောင်း။

UPDJC သည် ငြိမ်းချမ်းရေးကိုဖော်ဆောင်သည့် ကော်မတီတစ်ရပ်သာဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ UPDJC အနေဖြင့် မိမိတို့ကိုပေးအပ်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့် ဘောင်အတွင်း မိမိလုပ်ကိုင်ဆောင်ရွက်ရမည့် အဓိကတာဝန်များကိုဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးသည် ပိတ်ဆို့မှု အခက်အခဲအမျိုးမျိုးနှင့် ကြုံခဲ့ရပါကြောင်း၊ ထို့သို့ ပိတ်ဆို့မှုများကိုကျော်လွှားနိုင်ရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် မိမိတို့ ကြိုးစားခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှု ပုံစံကိုလည်း အသစ်ပြုပြင်နိုင်ခဲ့ပါကြောင်း။

ယနေ့အစည်းအဝေးတွင် ဆွေးနွေးရမည့် အကြောင်းအရာများကို ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ပြီး ခိုင်မာသည့် ဆုံးဖြတ်ချက်ကိုချမှတ် နိုင်မှပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း ပထမ လေးလပတ် ကာလအတွင်း ကျင်းပသွားနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုး ပေါင်းစုံက မျှော်လင့်စောင့်စားနေသည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အတွက် အဓိက လုပ်ငန်းစဉ်ကြီး ဖြစ်သည့်အတွက် အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC ဒုတိယဥက္ကဋ္ဌ ဦးသုဝေကမိမိတို့ UPDJC သည် ငြိမ်းချမ်းမှုကိုဖော်ဆောင်သည့် အစီအစဉ် တိုင်းတွင် ပါဝင်သည့်အတွက် မိမိတို့၏ တာဝန်သည် ငြိမ်းချမ်းရေးရရှိရန် အဓိကဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအရှိန်အဟုန်ကောင်းလာအောင် သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြိမ်ကြိမ် ကြိုးပမ်းညှိနှိုင်း နေကြသည့် အတွက် ဝမ်းမြောက်ပါကြောင်း၊ တိုးတက်မှုများအမှန်တကယ် ရရှိလာပြီးယခု UPDJC ပြန်လည်ကျင်းပနိုင်သည့်အတွက် ကျေနပ်မှုရှိပါကြောင်း၊ ယခုကာလအတွင်းမိမိတို့ နိုင်ငံရေးပါတီအစုအဖွဲ့အနေဖြင့် တွေဝေငေးငိုင်မနေဘဲ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးအပေါ်တွင် အခြေပြုပြီးမိမိတို့ လုပ်ဆောင်ပေးသင့်သမျှ၊ လုပ်နိုင်သမျှ ကြိုးပမ်းလုပ်ဆောင်ကြပါကြောင်း၊ မိမိတို့ နိုင်ငံရေးပါတီအချင်းချင်းလည်း ပိုမိုချစ်ခင်မှုရရှိပြီး ပြည်သူအများလိုလားသည့် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် ရည်ရွယ်ကြိုးပမ်းလျက် ရှိပါကြောင်း၊ အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတွင် ပြဋ္ဌာန်း ကျင့်သုံး နိုင်မည်ဟုယူဆရသည့် စည်းကမ်း၊ ဥပဒေများကို ညီလာခံကြီးတွင် တင်ပြနိုင်အောင် ပြုစုနေကြပါကြောင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အစည်းအဝေး အစီအစဉ် များနှင့် UPDJC အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများအစားထိုးပြောင်းလဲတာဝန် ပေးအပ်ခြင်း တို့ကို အတည်ပြုခြင်း၊ ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များကို ရှင်းလင်း တင်ပြခြင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) လုပ်ငန်းလမ်းညွှန်၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူးများ လုပ်ငန်းလမ်းညွှန်၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းကော်မတီများလုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးပွဲကြီးကြပ်မှု ကော်မတီ (တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ နေပြည်တော်ကောင်စီနယ်မြေ) လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်း လမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း၊ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကိစ္စ၊ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီအစည်းအဝေးများ ကျင်းပရေးကိစ္စစသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်နှင့် ToR SOP များပြင်ဆင်ဖြည့်စွက် ချက်များကို တင်ပြခြင်းနှင့် အတည်ပြုခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ -UPDJC ဒုတိယဥက္ကဋ္ဌ ဦးသုဝေကမိမိတို့ ပြည်ထောင်စုငြိမ်းချမ်းရေးကြိုးပမ်းမှု ဖော်ဆောင်ရာတွင် စိန်ခေါ်မှုများစွာရှိပါကြောင်း၊ ယင်းအခက်အခဲစိန်ခေါ်မှုများ ကြုံတွေ့နေရသော်လည်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုကို အားမလျှော့ဘဲ ဆက်လက်ဆောင်ရွက်နေပါကြောင်း၊ တစ်ဦးနှင့် တစ်ဦး နားလည်မှုရှိပါက ခက်ခဲနေမှုများကို ပြေလည်သွားအောင် လုပ်ဆောင်နိုင်ပါကြောင်း၊ နားလည်မှုရှိပါက ညီညွတ်မည်ဖြစ်ပြီး ညီညွတ်ရှိပါ အင်အားရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ယနေ့ကျင်းပသည့် အစည်းအဝေးသည် အင်မတန်မှ အောင်မြင်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊အနာဂတ်တွင်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး အတွက်လည်း အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုအတိုင်း ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ပါက ညီလာခံကြီးကိုလည်း ကျင်းပနိုင်မည်ဖြစ်ပြီး မိမိတို့ လိုချင်သည့် ဒီမိုကရေစီကိုအခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးကိုလည်း တည်ဆောက်နိုင်လိမ့် မည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJCဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုအစည်းအဝေးသို့ တက်ရောက်ရသည်ကိုမိမိအနေဖြင့် ဝမ်းမြောက်ပါကြောင်း၊ ဝမ်းမြောက်ရခြင်းမှာ အားလုံး ညီညီညွှတ်ညွတ်ဖြင့် လုပ်သင့်လုပ်ထိုက်သည်များ၊ သဘောတူသင့်သည့် အချက်များကို သဘောတူခဲ့ကြသည့်အတွက် ဖြစ်ပါကြောင်း၊ ထို့ပြင် UPDJC ဒုတိယဥက္ကဋ္ဌများထံမှလည်း တန်ဖိုးရှိသည့်စကားများ ကြားရပါကြောင်း။

မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေးမရရှိခဲ့သည်မှာ လွတ်လပ်ရေးစပြီးရကတည်းက ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းသည့်နိုင်ငံဖြစ်အောင် မိမိတို့ ဆောင်ရွက်ရာတွင် စေတနာ၊ ပညာ၊ သတ္တိလိုအပ်ပါကြောင်း၊ စေတနာရှိမှသာ ငြိမ်းချမ်းရေးကို စတင်လုပ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ စတင်လုပ်ဆောင်ရာတွင် ပညာဖြင့် မှန်မှန်ကန်ကန် လမ်းကိုလျှောက်ပြီး မှန်ကန်သည့်ဆုံးဖြတ်ချက်များ ချနိုင်မည် ဖြစ်ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရဲသည့် သတ္တိရှိရန် အင်မတန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ဦးသုဝေပြောသကဲ့သို့ အားလုံးသည် ငြိမ်းချမ်းရေးရယူရဲသည့် သတ္တိရှိရန် လိုအပ်ပါကြောင်း။

ထို့ပြင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းပြောသကဲ့သို့UPDJC အဖွဲ့သည် ဥပဒေပြု အဖွဲ့လည်း မဟုတ်ကြောင်း၊ လွှတ်တော်လည်းမဟုတ်ကြောင်း၊ အစိုးရအဖွဲ့လည်း မဟုတ်ပါကြောင်း၊ ပြည်သူ့ဟစ်တိုင်လည်းမဟုတ်ပါကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ထူထောင်ထားသည့်အဖွဲ့ဖြစ်ပါကြောင်း၊ ထို့ကြောင့် UPDJC သည် ငြိမ်းချမ်းရေး ရရှိအောင် ဦးတည်ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ကိစ္စများ၊ ငြိမ်းချမ်းရေးရရှိရေးနှင့် ပတ်သက်သည့်ကိစ္စများကို ဆွေးနွေးပြီး သဘောတူညီချက်ရယူရမည့် အဖွဲ့ဖြစ်သည်ဟု မြင်ပါကြောင်း။

ယခုအစည်းအဝေး အောင်အောင်မြင်မြင် ကျင်းပနိုင်ခြင်းမှာ ယင်းမူအရ ဆောင်ရွက်သွားခြင်းကြောင့် ဖြစ်ပါကြောင်း၊ UPDJC အဓိကတာဝန်သည် မတူကွဲပြားသည့် အမြင်များကိုညှိနှိုင်းပြီး ငြိမ်းချမ်းရေးဘက်ကို တွန်းပို့ရန်အတွက် ဖြစ်ပါကြောင်း၊ တင်ပြသွားသည့် ကိစ္စများထဲတွင် မိမိတို့အဖွဲ့ဝင်များအနေဖြင့်တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးနှင့် ပတ်သက်သောကိစ္စဖြစ်သည့် COVID-19 ကိုစိတ်ဝင်စားကြအလေးထားကြသည့်အတွက် အားရပါကြောင်း၊ မိမိတို့နိုင်ငံသည် အထီးကျန်နိုင်ငံမဟုတ်ပါကြောင်း၊ ကမ္ဘာကြီး၏ အစိတ်အပိုင်းဖြစ်ပါကြောင်း၊ မိမိတို့အားလုံးသည် မြန်မာနိုင်ငံ၏အစိတ်အပိုင်းဖြစ်ပါကြောင်း၊ မိမိတို့အားလုံးသည် ပြည်ထောင်စု၏အစိတ်အပိုင်းဖြစ်ပြီး ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ ငြိမ်းချမ်းသာယာရေးအတွက် လုပ်ဆောင်သွားကြသူများ ဖြစ်သည်ဆိုသည့် စိတ်ဓာတ်ဖြင့် ဆက်သွားမည်ဆိုပါက မိမိတို့ရည်ရွယ်ချက်များအားလုံး အောင်မြင်မည်ဖြစ်ပါကြောင်း၊ အောင်မြင်မည်ဆိုသည်ကိုလည်း မိမိအနေဖြင့် ယုံကြည်ချက်ထားပြီးဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် မိမိတို့ခေတ်တွင် အောင်မြင်စေချင်ပါကြောင်း၊ နှစ်(၇၀)ကျော် ငြိမ်းချမ်းရေးမရှိသည့် ပြည်ထောင်စုအဆင့်မှ ငြိမ်းချမ်းတည်ငြိမ် သာယာဝပြော တိုးတက် သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်နိုင်ခဲ့သည်ကို မိမိတို့ ခေတ်တွင် ဖြစ်စေလိုပြီး နောင်လာနောင်သားများအတွက် ကောင်းကျိုးအမွေအဖြစ် ထားခဲ့ချင် ပါကြောင်း၊ သို့ဖြစ်၍ အစည်းအဝေးကိုအောင်မြင်အောင် ဆောင်ရွက်ပေးကြသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍လည်းအောင်မြင်မှုတစ်ချင်းအပေါ် လှမ်းနိုင်ပါစေဟု ဆုတောင်းပါကြောင်းပြောကြားသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ တာဝန်ရှိသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

Related Articles