အစိုးရကိုယ်စားလှယ်များနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်တို့၏ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

အစိုးရကိုယ်စားလှယ်များနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်တို့၏ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

Fri, 05/15/2020 - 11:46
Posted in:
0 comments

ရန်ကုန်  မေ  ၁၄

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီသည် ယနေ့နံနက် ၁၀နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် Online Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပသည်။

ယနေ့ဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ ပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်း ဦးဆောင်သည့်ကိုယ်စား လှယ်များ တက်ရောက် ဆွေးနွေးသည်။

အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြား ပြီး NCA-S EAO (၁၀) ဖွဲ့နှင့် ဆွေးနွေးခဲ့သည့် သဘောတူညီချက် (၇) ချက်ကို အခြေခံ၍ PNLO နှင့် ဆက်လက်ဆွေးနွေးခဲ့ကြသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “ ဆွေးနွေးတဲ့ အချက် ကတော့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကို ကျွန်တော်တို့ ဒေသအလိုက် ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အဓိကက နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့တွေကို အပြန်အလှန် ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားမယ်။ အချို့သော အချက်တွေက Quarantine စင်တာလို ထားရှိရေး ကိစ္စတွေ၊ ကျွန်တော်တို့ဒေသထဲမှာရှိတဲ့ ကိုဗစ်-၁၉ သံသယရှိသူတွေကို ရှာဖွေဖော်ထုတ်ရာမှာ ပူးပေါင်း ဆောင်ရွက်သွားကြဖို့ပါ” ဟု ပြောသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်ပတ်သက်၍ မေ ၁၁ ရက်က ရှမ်းပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးနှင့် သွားရောက် တွေ့ဆုံ၍ အသေးစိတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “ ဒီနေ့ အစိုးရဘက်က ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးတို့ တက်ရောက်တယ်။ ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးလှမော်ဦးလည်း နေပြည်တော်ကနေ တက်ရောက်ပါတယ်။ ဆွေးနွေးချက်ထဲမှာ တွေ့ရတာတော့ PNLO ဒေသရဲ့ အနေအထားအရ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် စစ်ဆေးတဲ့စခန်း သီးခြားထားတာ မရှိဘူး။ ဇုန် (၃) ဇုန် ခွဲပြီး အတတ်နိုင်ဆုံး ဆောင်ရွက်နေတယ်။ နောက်တစ်ခု ယူနီဖောင်းဝတ် လက်နက်ကိုင်ပြီး ဆောင်ရွက်နေတာ မရှိဘူးလို့ ကျွန်တော်တို့ သိရပါတယ်။ PNLO အနေနဲ့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာန နဲ့လည်း သွားရောက်တွေ့ဆုံပြီး အတူတူပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သူတို့ဆီက သိရပါတယ်။ သူတို့ရဲ့ ပူးပေါင်းပြင်ဆင်မှုက အားရစရာ ကောင်းပါတယ်” ဟု ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့သည် ဒေသခံ တိုင်းရင်းသားများ၏ အခြေခံစားဝတ်နေရေး အခြေအနေနှင့် ကိုဗစ်-၁၉ အလွန်ကာလ ပြန်လည်ထူထောင်ရေး အစီအစဉ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဦးလှမောင်ရွှေက “ဒီနေ့ ဆွေးနွေးပွဲမှာ နှစ်ဖက်ယုံကြည်မှုတွေ ပိုရှိလာတယ်။ သူတို့ဒေသတွေမှာ ပြင်ဆင် နေတဲ့ လုပ်ငန်းတွေအနေနဲ့ အစိုးရရဲ့ ညှိနှိုင်းရေးကော်မတီ ဘက်ကနေ ဆောင်ရွက်ပေးနိုင်တဲ့ အရာတွေကို ဆွေးနွေး ခဲ့တာရှိတဲ့အတွက် ကျွန်တော်တို့ကြားထဲမှာ ကိုဗစ်-၁၉ ပူးပေါင်းဆောင်ရွက်မှု တွေအပြင် ရှေ့လာမယ့် လုပ်ငန်းစဉ် တွေအတွက်လည်း ကောင်းမွန်တဲ့ အနေအထားတစ်ခုလို့ ပြောနိုင်ပါတယ်” ဟု ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် ပြည်ပမှပြန်လည်ရောက်ရှိလာသည့် ဒေသခံပြည်သူ များတွင် ကိုဗစ်-၁၉ လူနာတွေ့ရှိခဲ့ပါက လူနာထားရှိရေးကို ရှမ်းပြည်နယ် ကျန်းမာရေး ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

PNLO ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “ပြည်ပကနေ ပြန်ရောက်လာမယ့် ဒေသခံပြည်သူတွေ အတွက်တော့ ကိုဗစ်-၁၉ သံသယလူနာရှိခဲ့ရင် ဒေသနဲ့ နီးတဲ့နေရာတွေ ပေါ့။ ဥပမာ-ဆီဆိုင်မြို့နယ်နဲ့ နီးရင် ဆီဆိုင်၊ မောက်မယ် မြို့နယ်နဲ့နီးရင် မောက်မယ်မြို့နယ်မှာထားဖို့ ဆွေးနွေးထားပါတယ်။ နောက် ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန နဲ့ ပူးပေါင်းဆောင်ရွက် သွားဖို့ရှိပါတယ်။ ကိုဗစ်-၁၉ လူနာထားရှိရေး ကိစ္စအသေးစိတ်ကို ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်မှုရှိပါတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ရင် အစိုးရ အနေနဲ့ အခုလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ ကော်မတီဖွဲ့ပေးတာ ကျွန်တော်တို့အနေနဲ့ ကျေးဇူးတင်ပါတယ်။ ဒီလိုပူးပေါင်း ဆောင်ရွက်မှုတွေက နေပြီးတော့မှ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုပြီးအထောက်အကူ တွေ ရလာအောင်၊ နှစ်ဖက်နားလည်မှုတွေ၊ ယုံကြည်မှုတွေ ရလာအောင် ကျွန်တော်တို့အားလုံးက ကြိုးစားရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မေ ၁၅ ရက်တွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီနှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့၏ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Related Articles