အစိုးရကိုယ်စားလှယ်များနှင့် ကရင်အမျိုးသားအစည်းအရုံးတို့၏ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

အစိုးရကိုယ်စားလှယ်များနှင့် ကရင်အမျိုးသားအစည်းအရုံးတို့၏ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

Tue, 05/12/2020 - 10:44
Posted in:
0 comments

ရန်ကုန် မေ ၁၁

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကော်မတီနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို မေလ တတိယပတ်တွင် ဆွေးနွေးမည်

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီသည် ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် Online Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။ အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး တို့က အဖွင့်အမှာစကား ပြောကြားသည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးက “အဓိကဆွေးနွေးတာတော့ မေ ၈ ရက်က NCA-S EAO (၁၀) ဖွဲ့နဲ့ ကျွန်တော်တို့ ဆွေးနွေး ခဲ့တဲ့ အဓိကအချက် (၇) ချက်အပေါ်မှာ အသေးစိတ် ပြန်ဆွေးနွေးကြပါတယ်။ အသေးစိတ်ဆွေးနွေးတဲ့ အပိုင်း မှာတော့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ဒါတွေကို ဘယ်လို ဖြေရှင်းကြမလဲ။ ဘယ်လိုညှိနှိုင်း ထားကြမလဲ။ မလိုလားအပ်တဲ့ ပဋိပက္ခအသွင်ဆောင်တဲ့ သဘောမျိုးလေးတွေ ထပ်မံမဖြစ်ပွားရအောင် တစ်ဖက်နဲ့တစ်ဖက် လိုက်နာရ မယ့် စည်းကမ်းချက်လေးတွေ ညှိနှိုင်းနိုင်ခဲ့ကြတယ်။

“နောက်တစ်ချက်ကတော့ နိုင်ငံတကာ အကူအညီ၊ ကမ္ဘာ့ဘဏ်ကပေးမယ့် အကူအညီနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းကော်မတီ ဖွဲ့စည်းရေး၊ Joint ကော်မတီ ဖွဲ့စည်းရေး စသည်ဖြင့် ကျွန်တော်တို့ အစိုးရဘက်က စဉ်းစားထားတဲ့ option တွေ၊ KNU ဘက်က စဉ်းစားထားတဲ့ option တွေကို ကျွန်တော်တို့ အကြမ်းဖျင်း ညှိနှိုင်းကြပါတယ်” ဟု ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီသည် မေ ၁၂ ရက်တွင် မွန်ပြည်သစ် ပါတီ (NMSP) နှင့် “ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး မေလ တတိယပတ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြန်လည်တွေ့ဆုံ၍ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် အသေးစိတ်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆက်လက်ဆွေးနွေး သွားမည်ဖြစ်သည်။

ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးက “နောက်တစ်ကြိမ် ရှေ့တစ်ပတ်မှာ ထပ်မံ တွေ့ဆုံပြီး ကမ္ဘာဘဏ်အကူအညီနဲ့ ပတ်သက်ပြီး ကိုဗစ်- ၁၉ ကာကွယ်တားဆီးရေးမှာ EAO တွေအပိုင်းကို ဘယ်လို ပူးပေါင်းကူညီနိုင်မလဲဆိုတဲ့ အပိုင်းကို အသေးစိတ် ထပ်မံ ပြီး ကျွန်တော်တို့ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေး ချက်တွေနဲ့ ပတ်သက်ရင် အလွန်ပဲ ကောင်းမွန်ပါတယ်။ ဆွေးနွေးချက်တွေဟာ ပိုပြီး action plan ဆန်လာပြီး တစ်ဖွဲ့ချင်းစီနဲ့ ဆွေးနွေးချက်မှာ နားလည်မှုတွေ ပိုမိုရရှိ လာပါတယ်။ ဒီအရာတွေဟာ ကျွန်တော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အထောက်အကူအများကြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု ဖြေကြားသည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက် ၍ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးက “ပူးပေါင်း ဆောင်ရွက်မယ့် ကိစ္စကတော့ စပ်ကြားနယ်မြေတွေမှာ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် စခန်းလေးတွေ ဖွင့်မယ်ဆိုတဲ့ကိစ္စမှာ ကျွန်တော်တို့ ပူးပေါင်းကော်မတီနဲ့ ညှိနှိုင်းပါမယ်။ ကျွန်တော်တို့ သူတို့ကို အဆိုပြုတာက ဖြစ်နိုင်မယ်ဆိုရင်တော့ ကျန်းမာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်ပေးစေ လိုပါတယ်။ ယူနီဖောင်းတွေ၊ လက်နက်ခဲယမ်းတွေ မပါဘဲနဲ့ ဘယ်လို ဝတ်စားမလဲ။ ဘယ်လိုပုံစံမျိုး ဆောင်ရွက်မလဲ။ ဥပမာ- ကြက်ခြေနီလက်ပတ်တွေ ပတ်တာ စသည်မျိုးပေါ့။ ကိုဗစ်- ၁၉ ကာကွယ်တားဆီးရေးကိုပဲ ဦးတည်ပြီး လုပ်နေတယ်။ လုပ်နေတဲ့နေရာမှာလည်း လုပ်သင့်လုပ်ထိုက်တဲ့ နေရာ တွေမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမလွဲရ အောင်၊ ပဋိပက္ခအသွင် မဆောင်ရအောင် ဆက်လက် ဆောင်ရွက်ကြဖို့ ညှိနှိုင်းဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ သူတို့လုပ်နိုင်မယ့်နေရာနဲ့ လုပ်ချင်တဲ့နေရာတွေကို ကျွန်တော်တို့ဆီ ပို့ပေးပါမယ်။ ကျွန်တော်တို့ သက်ဆိုင်ရာ ဌာနတွေနဲ့ ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးသို့ အစိုးရကိုယ်စား လှယ်များအဖြစ် ကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကိုယ်စားလှယ်များအဖြစ် KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ KNU ၏ ကိုဗစ်-၁၉ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ပဒို စောဆဲပွယ် (စောစတိဗ်) တို့ ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

Related Articles