အစိုးရကိုယ်စားလှယ်များနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့၏ ကိုဗစ်-၁၉ ဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အစိုးရကိုယ်စားလှယ်များနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့၏ ကိုဗစ်-၁၉ ဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Thu, 05/21/2020 - 16:34
Posted in:
0 comments

ရန်ကုန် မေ ၂၀

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီသည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) နှင့် Online Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပသည်။

ယနေ့ ဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် စောမြရာဇာလင်း ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးသည်။

အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး NCA-S EAO ၁၀ ဖွဲ့နှင့် ဆွေးနွေးခဲ့သည့် သဘောတူညီချက်(၇)ချက်ကို အခြေခံ၍ ALP နှင့် ဆက်လက် ဆွေးနွေးခဲ့ကြသည်။

ယနေ့ဆွေးနွေးမှုများနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက "ဒီနေ့ အစိုးရရဲ့ ကိုဗစ်-၁၉ ညှိနှိုင်းပူးပေါင်းရေး ကော်မတီအနေနဲ့ ALP နဲ့ ကိုဗစ်-၁၉ ကိစ္စဆိုင်ရာတွေကို ဘယ်လို ပူးပေါင်း ဆောင်ရွက်နိုင်မလဲဆိုတဲ့အရာကို ဆွေးနွေးခဲ့ပါတယ်။ ALP က မေ ၈ ရက်နေ့က NCA-S EAO ၁၀ ဖွဲ့နှင့် ဆွေးနွေးစဉ်ကလည်း ပါဝင်ခဲ့ပါတယ်။ ဒီနေ့မှာ အဲဒီအချိန်က သဘောတူဆွေးနွေးခဲ့တဲ့ အချက်တွေကို အခြေခံပြီးတော့ပဲ ဆွေးနွေးခဲ့ ပါတယ်။ နောက်ရက်တွေမှာလည်း ကိုဗစ်-၁၉ နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရော၊ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ အဖွဲ့တွေ ရော ဆက်လက် ဆွေးနွေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ကော်မတီအနေနဲ့ အခုလာမယ့် ရက်သတ္တပတ်အတွင်းမှာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနဲ့ဆိုင်တဲ့ အထောက်အကူပြုပစ္စည်း‌တွေကို NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရော၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အဖွဲ့တွေကိုပါ ပေးဖို့ ပြင်ဆင်နေပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ ALP ကိုလည်း ကော်မတီဥက္ကဋ္ဌဒေါက်တာ တင်မျိုးဝင်းနဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး တို့က ရှင်းပြခဲ့တာရှိပါတယ်"ဟု ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီသည် မေ ၂၂ ရက်တွင် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် ကရင်အမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ကော်မတီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်စာချုပ်(Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ကိုဗစ်-၁၉ ဆိုင်ရာ ကာကွယ်၊ထိန်းချုပ်ရေး၊ကုသရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေးနှင့် သက်ဆိုင်သည့် အထောက်အကူပြု ပစ္စည်းများကို လာမည့်ရက်သတ္တပတ်အတွင်း ပေးအပ်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Related Articles