အစိုးရကိုယ်စားလှယ်များနှင့် ကရင်အမျိုးသားအစည်းအရုံးတို့၏ “ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး”ကျင်းပ

အစိုးရကိုယ်စားလှယ်များနှင့် ကရင်အမျိုးသားအစည်းအရုံးတို့၏ “ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး”ကျင်းပ

Tue, 05/26/2020 - 11:23
Posted in:
0 comments

ရန်ကုန် မေ ၂၅

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများ နှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီသည် ယနေ့ နံနက် ၁၁ နာရီခွဲက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် Online Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ “ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနိုင်း အစည်းအဝေး” ကို ကျင်းပသည်။

 

အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုစော ကွယ်ထူးဝင်း တို့က အဖွင့်အမှာစကား ပြောကြားသည်။

 

ယနေ့ဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် စစ်ဆေးသည့် (Screening Point) များနှင့် နိုင်ငံတကာ အကူအညီရယူမည့် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

 

ဆွေးနွေးမှုများနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ က “ ဒီနေ့ KNU နဲ့ ဒုတိယအကြိမ် online အစည်းအဝေးကျင်းပပါတယ်။ ဆွေးနွေးတဲ့ အဓိက အချက်တွေကတော့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် စစ်ဆေးတဲ့စခန်း (Screening Point) တွေမှာ တစ်ဖက်နဲ့တစ်ဖက်ကြားမှာ အထင်လွဲမှားမှုတွေ ဖြစ်ခဲ့တာ ရှိတယ်။ အဲ့ဒီအပေါ်မှာ ညှိနှိုင်းဆွေးနွေးခဲ့တယ်။ နောက်တစ်ခုက နိုင်ငံတကာ အကူအညီ ပေးရေး ကိစ္စတွေ ဆွေးနွေးတယ်။ အဲ့ဒီ ခေါင်းစဉ် (၂) ခုကို အဓိကထား ဆွေးနွေးခဲ့တာ ရှိပါတယ်။ KNU ဘက်က ရှင်းပြတာကတော့ Screening Point တွေမှာ ယူနီဖောင်း ဝတ်ပြီးတော့ မဆောင်ရွက်ဘူး။ လက်နက်ကိုင်ဆောင်ပြီးတော့လည်း မဆောင်ရွက်ဘူး။ KNU ဘက်က ကျန်းမာရေးဝန်ထမ်းနဲ့ KNU ရဲတပ်ဖွဲ့လို သူတွေက ကိုဗစ်-၁၉ ဆိုတဲ့ ကုတ်အကျီ ဝတ်ပြီးဆောင်ရွက်မယ်လို့ ရှင်းပြတာ တွေ့ရတဲ့အတွက် ကော်မတီအနေနဲ့ ပြန်လည်ညှိနှိုင်း ဆွေးနွေးတာတွေလည်း ရှိပါတယ်။

 

“နိုင်ငံတကာ အကူအညီရယူဖို့ကိစ္စမှာတော့ ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာတုန်းက Option (၃) ခုကို ဆွေးနွေးခဲ့တယ်။ အဲ့ဒီအထဲကမှ နှစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်မယ့် အရာမျိုးကို ဆွေးနွေးခဲ့ပါတယ်။ ကောင်းမွန်တဲ့ ဆွေးနွေးပွဲလို့ ပြောနိုင်ပါတယ်။ နောက် လိုအပ်ရင်တော့ KNU အပါအဝင် ကိုဗစ် ကိစ္စကို ချောချောမွေ့မွေ့ ထိန်းချုပ်ကာကွယ် ကုသနိုင်ဖို့ နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်လက်ဆောင်ရွက်ဦးမှာ ဖြစ်ပါတယ်။ အခုလ ကုန်လောက်မှာ အဝေးရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေ အနေနဲ့ ပြန်လည် ဝင်ရောက်ဖို့ အထူးသဖြင့် ထိုင်းနိုင်ငံက ပြန်လည်ဝင်ရောက်ဖို့ ရှိပါတယ်။ ဒီလိုကိစ္စ တွေမှာလည်း နယ်စပ်ဒေသတွေမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားဖို့ ရှိပါတယ် ” ဟုပြောသည်။

 

ယနေ့ကျင်းပသည့် အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ကော်မတီဝင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ကိုယ်စားလှယ်များအဖြစ် ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

Related Articles