NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ

NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ

Fri, 06/12/2020 - 12:26
Posted in:
0 comments

ရန်ကုန် ဇွန် ၁၁

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထား သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO)၏ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ရှေ့လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီခွဲက ရန်ကုန်မြို့ ရွှေလီလမ်းရှိ (NCA-S EAO) ရုံးတွင် ကျင်းပခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် NCA-S EAO ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင် ညှိနှိုင်းရေးအဖွဲ့ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်းက EAO အဖွဲ့များဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေကို သတင်းမီဒီယာများအား ရှင်းလင်းပြောကြားသည်။

 
ဦးမျိုးဝင်းက “အခုကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ပြီး ဦးတည်ကြိုးပမ်း နေတာကတော့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပ နိုင်ဖို့အတွက် ရည်ရွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ညီလာခံ ဒုတိယအစည်းအဝေးနဲ့ တတိယအစည်းအဝေးမှာ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁ နဲ့ ၂ ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အခု စတုတ္ထ ညီလာခံမှာလည်း ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို ချုပ်ဆို နိုင်ဖို့ ကြိုးစားသွားမှာပါ။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း-၃ကို ဘယ်လိုပုံစံမျိုး ချုပ်ဆိုမလဲဆိုတာ ကိုလည်း ပြီးခဲ့တဲ့ (၈) ကြိမ်မြောက် JICM အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး အခုချုပ်ဆိုနိုင်ဖို့အတွက် ပြင်ဆင် နေတာဖြစ်ပါတယ်” ဟု ပြောသည်။

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ဇန်နဝါရီ ၈ ရက်က နေပြည်တော်တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း-၃ ကို အပိုင်း သုံးပိုင်းဖြင့် ချုပ်ဆိုသွားရန် သဘောတူညီခဲ့ကြသည်။


NCA-S EAO ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်းက “ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း-၃ကို ချုပ်ဆိုရာမှာ အပိုင်းသုံးပိုင်းနဲ့ ချုပ်ဆိုသွားဖို့ JICM မှာ သဘောတူထားပါတယ်။ အဲဒီမှာ အပိုင်း(၁)အနေနဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်၊ အပိုင်း(၂)က ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက် အဆင့်လိုက် လုပ်ငန်းစဉ်တွေကို အဆင့်လိုက် အကောင်အထည်ဖော်ဖို့နဲ့ အပိုင်း(၃)က အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ဘယ်လိုအခြေခံမူနဲ့ ပုံဖော်သွားမလဲဆိုတာကို လမ်းညွှန် ချမှတ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး နှစ်ဖက်အလုပ်အဖွဲ့တွေ ဆွေးနွေးနေပါတယ်။ ၂၀၂၀ ပထမ လေးလပတ်အတွင်းမှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအစည်းအဝေး ကျင်းပနိုင်ဖို့ သဘောတူချမှတ် ခဲ့ပေမယ့် မထင်မှတ်ဘဲ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသလို ညှိနှိုင်း ဆွေးနွေးပွဲတွေကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပနိုင်ရေး အတွက် အစိုးရနှင့် NCA-S EAO နှစ်ဖက်ကိုယ်စားလှယ်အလုပ်အဖွဲ့များသည် လာမည့် ဇွန် ၂၃ ၊ ၂၄ ၊ ၂၅ ရက်များတွင် အစည်းအဝေးများ ကျင်းပသွားမည် ဖြစ်သည်။

“အခုလာမယ့် ဇွန်လ ၂၃၊ ၂၄၊ ၂၅ ရက်တွေမှာ အစိုးရ အလုပ်အဖွဲ့နဲ့ ကျွန်တော်တို့ EAO အလုပ်အဖွဲ့အစည်းအဝေးကျင်းပဖို့ နှစ်ဖက်သဘောတူထားပါတယ်။ အရင်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီဆိုရင် နိုင်ငံရေးအရ အဆင်သင့်ဖြစ်မှုအပေါ်မှာ မူတည်ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ၊ လူထုတွေ့ဆုံပွဲ တွေရှိမယ်။ နောက် UPDJC က ဖွဲ့စည်းပေးထားတဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီရှိတယ်။ အဲဒီလို အဆင့်ဆင့် လုပ်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပ တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ကာလမှာ အဲဒီလို နိုင်ငံရေး ဆွေးနွေးပွဲ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပဖို့ဆိုတာ တော်တော်လေး အခက်အခဲရှိ ပါတယ်။ ပါဝင်မှုကို ကျယ်ကျယ်ပြန့်ပြန့်ရှိဖို့ အရင်ကလို အခြေအနေမပေးတော့ဘူး။ အစိုးရနဲ့ကျွန်တော်တို့ ညှိနှိုင်းထားတာက ညီလာခံကို ပုံသဏ္ဌာန်ပြောင်းပြီး ကျင်းပရမယ်။ အစိတ် အပိုင်းသုံးပိုင်း ပါဝင်တဲ့ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း-၃ ကိုချုပ်ဆိုနိုင်ဖို့ ပုံစံချမှတ်ပြီးပြီဆိုရင် JICM ကို ကျွန်တော်တို့ တင်ပြရမှာဖြစ်ပါတယ်။ JICM ကိုတင်ပြပြီးရင် UPDJC ဆုံးဖြတ်ချက်နဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း-၃ ကို ချုပ်ဆိုနိုင်မယ့် ညီလာခံကို ကျင်းပဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မီဒီယာကနေတစ်ဆင့် လက်ရှိလုပ်ငန်းစဉ်အခြေ အနေကို တင်ပြတာပါ” ဟု ပြောသည်။

အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဇူလိုင်လ အတွင်း ကျင်းပနိုင်ရန် အဆိုပြုထားသော်လည်း NCA-S EAO ဘက်က ဩဂုတ်လတွင် ကျင်းပရန် ပြန်လည်အဆို ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးမျိုးဝင်းက “အခုဆိုရင် အားလုံးသိတဲ့အတိုင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထ အစည်းအဝေး ကို ၂၀၂၀ နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အစိုးရဘက်က ညီလာခံကို ဇူလိုင်လမှာ ကျင်းပနိုင်ဖို့ အဆိုပြုထားတယ်။ အစိုးရရဲ့ အဆိုပြုချက်ကို EAO ဘက်က ပြန်လည်အဆိုပြုဖို့ ပြင်ဆင် နေတာကတော့ ဩဂုတ်လအတွင်း ကျင်းပနိုင်ဖို့ပါ။ နောက်ထပ် အလွတ်သဘောအနေနဲ့ နှစ်ဖက်ညှိနှိုင်း ထားတာကတော့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ညီလာခံကိုယ်စားလှယ်အချိုးအစားကို လျှော့ချဖို့ပါ။

အခုလွှတ်တော်အစည်းအဝေးကျင်းပသလို စနစ်တကျနဲ့ပါ။ အရင်က ညီလာခံကျင်းပရင် လူဦးရေထောင်ဂဏန်းအထိရှိပေမယ့် အခုတော့ တက်ရောက်မယ့် လူဦးရေရဲ့ သုံးပုံနှစ်ပုံ လောက်အထိ လျှော့ချဖို့ ပြင်ဆင်ထားတာရှိတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပါဝင်မှုနဲ့အညီ ညီလာခံကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ ဒီလိုမျိုး ရည်ရွယ်ထားပါတယ်” ဟု သတင်း မီဒီယာများအား ဖြေကြားခဲ့သည်။

Related Articles