အစိုးရကိုယ်စားလှယ်များနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့၏ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အစိုးရကိုယ်စားလှယ်များနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့၏ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Thu, 06/18/2020 - 09:44
Posted in:
0 comments

ရန်ကုန် ဇွန် ၁၆

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် Video Conferencing ဖြင့် ချိတ်ဆက်၍ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပသည်။

တက်ရောက်ဆွေးနွေး

ယနေ့ အစည်းအဝေးတွင် အစိုးရကိုယ်စားလှယ်များအဖြစ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေး ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးတွင် မေ ၈ ရက်က အစိုးရကိုယ်စားလှယ်များနှင့် NCA-S EAO ၁၀ ဖွဲ့တို့ ဆွေးနွေးခဲ့သည့် သဘောတူညီချက်များကို အခြေခံကာ ကိုဗစ်-၁၉ ထိန်းချုပ်ရေး၊ ကိုဗစ်-၁၉ ကုသရေး၊ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများကိစ္စ၊ နိုင်ငံတကာအကူအညီ ရယူသည့်ကိစ္စ၊ ထိတွေ့လူနာရှာဖွေရေးကိစ္စများနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင် ရွှေက “RCSS ဘက်က ဆွေးနွေးတဲ့ အထဲမှာတော့ သူတို့ အနေနဲ့ ကိုယ်အပူချိန်တိုင်းတယ်။ ကျန်တဲ့သူတွေကို စူးစမ်း စစ်ဆေးတယ်။ စုစုပေါင်းနေရာ ၃၀ ကျော်လောက်မှာ ဆောင်ရွက်ခဲ့တယ်လို့ ပြောတယ်။ ဒီဒေသအတွင်းမှာ ရှိတဲ့ ကိုယ်အပူချိန် တိုင်းတာမှုတွေ အပါအဝင် လူဦးရေ ခြောက်သောင်းလောက်ကို ဆောင်ရွက်ခဲ့တယ်လို့ ပြောတယ်။ ဒီနေ့ ဆွေးနွေးပွဲမှာတော့ အစိုးရညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အတူတူ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ လုပ်ငန်းရပ်တွေကို ဆွေးနွေးခဲ့ပါတယ်” ဟု ပြောသည်။

ညှိနှိုင်းမှုများပြုလုပ်

ဆက်လက်၍ ဦးလှမောင်ရွှေက “RCSS အနေနဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာမှာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး၊ ၂၀၁၂ ခုနှစ်မှာ ပြည်ထောင်စုအဆင့်တွေကို လုပ်ခဲ့တယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ မှာ NCA လက်မှတ်ရေးထိုး ပြီးတော့ အခုလည်း ဒီဆွေးနွေးပွဲတွေမှာ ခေါင်းဆောင်အနေနဲ့ ဆောင်ရွက် နေတာ ဖြစ်တဲ့အတွက် သူတို့နဲ့ ဆွေးနွေးရတာ အဆင်ပြေပါတယ်။ နောက်ထပ်အနေနဲ့ လည်း ကိုဗစ်-၁၉ အပေါ် ထိန်းချုပ်ကာကွယ်ဖို့လည်း ပိုပြီးတော့ ရလဒ်ကောင်းတွေရှိလာမယ့် သဘောတွေ ရှိပါတယ်” ဟု ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ ကိုဗစ်-၁၉ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကို မေ ၈ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဦးလှမောင်ရွှေထံမှ သိရသည်။

Related Articles