ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအတွက် အစိုးရကိုယ်စားလှယ်အစုအဖွဲ့နှင့် NCA-S EAO ကိုယ်စားလှယ်တို့၏ ဆွေးနွေးမှုရလဒ်များ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအတွက် အစိုးရကိုယ်စားလှယ်အစုအဖွဲ့နှင့် NCA-S EAO ကိုယ်စားလှယ်တို့၏ ဆွေးနွေးမှုရလဒ်များ

Fri, 06/26/2020 - 14:55
Posted in:
0 comments

ရန်ကုန် ဇွန် ၂၅

အစိုးရကိုယ်စားလှယ်အဖွဲ့ (အစိုးရ၊ တပ်မတော်၊ လွှတ်တော်)နှင့် NCA စာချုပ် လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ကိုယ်စားလှယ်အဖွဲ့တို့သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပနိုင်ရေး၊ ညီလာခံတွင် အပိုင်းသုံးပိုင်းပါဝင်သည့် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၃) ချုပ်ဆိုနိုင်ရေး တို့အတွက် ဇွန်လ ၂၂ ရက်မှ ၂၅ ရက်နေ့ အထိ ရန်ကုန်မြို့ ရွှေလီလမ်းရှိ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဇွန် ၂၂ မှ ၂၅ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးမှုများ နှင့် ပတ်သက်၍ အစိုးရကိုယ်စားလှယ် ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင်၊ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် NCA-S EAO ကိုယ်စားလှယ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်းတို့အား တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

ဦးလှမောင်ရွှေ
ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်

ဇွန်လ ၂၂ ရက်နေ့မှာ အစိုးရကိုယ်စားလှယ်တွေနဲ့ NCA-S EAO ကိုယ်စားလှယ်တို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရေးဆိုင်ရာ အလုပ်အဖွဲ့အစည်းအဝေးကို ရန်ကုန် NRPC မှာ စတင်ကျင်းပပါတယ်။ အဲဒီအစည်း အဝေးရဲ့ရလဒ်ကတော့ တစ်နှစ်နဲ့ဆယ်လကြာရပ်ဆိုင်းခဲ့ရတဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေး ကို ဇူလိုင်လ ၇ ရက်နေ့နဲ့ ၈ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ သဘောတူညီချက်ရခဲ့တယ်။

ဇွန်လ ၂၃ ရက်နေ့မှာတော့ အစိုးရကိုယ်စားလှယ် တွေနဲ့ NCA-S EAO ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၀ ဇန်နဝါရီလ ၈ ရက်နေ့က တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး အကောင်အထည် ဖော်မှုဆိုင်ရာ အစည်း အဝေး(JICM)မှာ ဆုံးဖြတ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပဖို့ ကိစ္စရပ်တွေကို စတင်ဆွေးနွေးတယ်။ ဇွန်လ ၂၄ ရက် နေ့မှာတော့ သက်ဆိုင်ရာ အစုအဖွဲ့တွေ သီးခြားစီ ပြန်ဆွေးနွေးတယ်။

ဒီနေ့ ၂၅ ရက်နေ့မှာတော့ ကျွန်တော်တို့အားလုံးစုံညီ ပြန်ပြီးဆွေးနွေးပါတယ်။ ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးတဲ့နေရာမှာ ညီလာခံမှာ စာချုပ်ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) အတွက် အပိုင်း(၃)ပိုင်းလုံးကို အစအဆုံး ဆွေးနွေးခဲ့ပါတယ်။ အစအဆုံးမှာတော့ ကျွန်တော်တို့ သဘောထားထပ်တူညီတဲ့ အချက်တွေလည်း ရှိတယ်။ ပြန်လည်ဆွေးနွေးရမယ့် အချို့အချက်တွေလည်း ရှိပါတယ်။ ဆွေးနွေးပွဲ သဘောသဘာဝအရ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးရတာ ဖြစ်ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ ထူးခြားချက် (၃) ခုရှိပါတယ်။ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို ရန်ကုန်မြို့ NRPC ရုံးမှာပဲ ဇူလိုင်လ ၂၊ ၃၊ ၄ ရက်တွေမှာ ဆွေးနွေးဖို့ရှိပါမယ်။ EAO ခေါင်းဆောင် တွေ ဘက်က ဒီလို ဆွေးနွေးပွဲ နှစ်ကြိမ် လောက် ပြုလုပ်သင့်တယ်လို့ အဆိုပြုထားတယ်။ ဒါပြီးရင် တော့ ဆွေးနွေးပွဲက ရလာတဲ့ ရလဒ်တွေကို JICM မှာ အစိုးရ၊ တပ်မတော်၊ EAO ခေါင်းဆောင်တွေ ပြန်လည် တင်ပြပြီးတော့ အတည်ပြုချက်တွေ ရယူဖို့ရှိတယ်။ အဲဒီ နောက်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူး အစည်းအဝေးတွေ ကျင်းပပြီးတော့ UPDJC မှာ ဆက်လက်တင်ပြမယ်။ ဒါပြီးရင် ညီလာခံကို ကျင်းပဖို့ ဖြစ်ပါတယ်။ ဒုတိယထူးခြားချက်က ဒီနေ့ညနေမှာ UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ဝင်ကို ဖိတ်ကြားပြီး ရှင်းလင်းတာ ဖြစ်ပါတယ်။ ရွေးကောက်ခံရတဲ့ နိုင်ငံရေးပါတီ (၂၄) ပါတီနဲ့ စုဖွဲ့ထား ပြီး UPDJC အစုအဖွဲ့ဝင် (၁၆) ဦး ရှိပါတယ်။ (၁၁)ဦး တက်ရောက်တယ်။ ကျန်တဲ့ (၃) ဦးက Online ကနေ တက်ရောက်ပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်နေတာတွေရှင်းပြပြီး သူတို့ဘက်ကလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပါတယ်။ လာမယ့် ဇူလိုင်လ ၂၊ ၃၊ ၄ ရက် အစည်းအဝေးတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် ဆွေးနွေးဖို့ ကျွန်တော်တို့ ပြောခဲ့ပါ တယ်။

အခုဆွေးနွေးတာ ကျွန်တော်တို့ လေးပိုင်းရှိပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆိုမယ့် အပိုင်းသုံးပိုင်း နဲ့ ညီလာခံကျင်းပဖို့ တစ်ပိုင်းဆိုပြီး လေးပိုင်း ရှိပါတယ်။ အားလုံးနီးပါး လောက် သဘောထားစုစည်းမှု ရပါတယ်။ စာချုပ်ချုပ်ဆိုမယ့် အပိုင်းသုံးပိုင်းမှာ တစ်ပိုင်းကတော့ အားလုံးလိုလို ဆွေးနွေးမှု ပြီးပြတ်သလောက် ရှိပါတယ်။ ကျန်တဲ့ နှစ်ပိုင်းကို ဆက်လက်ညှိနှိုင်း ဆွေးနွေးရပါမယ်။

ဦးမျိုးဝင်း
NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး

ဇွန်လ ၂၃ ရက်ကနေ ဒီနေ့အထိ ဆွေးနွေးရာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင် ရေးအတွက် ကျွန်တော်တို့ လျာထားချက်တွေ ရခဲ့တာပေါ့။ တစ်ပိုင်းကတော့ ညီလာခံ ကျင်းပနိုင်ရေး အတွက် ပြင်ဆင်တာပေါ့။ အခုဆိုရင် ညီလာခံကျင်းပမယ့်ရက်ကိုလည်း လျာထားသတ်မှတ်နိုင်ခဲ့တာပေါ့။ နောက်ထပ် ဩဂုတ်လ ဒုတိယပတ်ထဲမှာပဲ ညီလာခံကျင်းပဖို့ ဦးတည်ပြင်ဆင်ဖို့ ညှိနှိုင်းထားတဲ့ သဘောထား ရရှိပါတယ်။ ညီလာခံကျင်းပ နိုင်ရေးအတွက် ပြင်ဆင်မယ့် အစည်းအဝေးအဆင့်ဆင့် တွေနဲ့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးပွဲတွေ ဆက်ရှိမယ်။ JICM အစည်းအဝေးတွေ ဆက်ရှိမယ်။ UPDJC အစည်းအဝေးရှိမယ်။ ပြီးရင် ညီလာခံ ဆက်ရှိမယ်ပေါ့။

နိုင်ငံရေးဆွေးနွေးမယ့် အချိန်ဇယားကိုလည်း ကျွန်တော်တို့ သတ်မှတ်နိုင်ခဲ့တယ်။ ညီလာခံ ကျင်းပပုံ ကျင်းပနည်းပေါ့။ လာမယ့်ညီလာခံ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ဘယ်လိုပုံစံ ကျင်းပမလဲ။ ကျန်းမာရေးအခြေအနေနဲ့အညီ ကိုယ်စားလှယ်တွေ ဘယ်လိုလာရောက်ရမလဲ ဆိုတာ သတ်မှတ်နိုင်ခဲ့ တယ်။ နောက်တစ်ပိုင်းကတော့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း(၃)ကို ချုပ်ဆိုနိုင်ရေး အတွက် အစိတ်အပိုင်း(၃)ရဲ့ အပိုင်း(၁)ဖြစ်တဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်ဆိုရင် အချို့သဘောတူညီချက်တွေရရှိခဲ့တယ်။ နောက် ၂၀၂၀ အလွန်မှာ ဆက်လက် ဆွေးနွေးမယ့် အဆင့်လိုက်လုပ်ငန်းစဉ် အကောင်အထည်ဖော်မှု ဇယား (၁) ကိုလည်း ကျွန်တော်တို့ ရရှိဆွေးနွေးခဲ့တာပေါ့။ ကျန်တာတွေကတော့ နှစ်ဖက်သဘောထားတွေကို အဆိုပြုခဲ့တယ်။ လာမယ့် ဆွေးနွေးပွဲမှာ နှစ်ဖက်သဘောထားအဆိုပြုချက်နဲ့ ကျန်ရှိနေတဲ့ အပိုင်းတွေကို ကျွန်တော်တို့ ဆက်လက်ဆွေးနွေးသွားမှာပါ။

Related Articles