အစိုးရနှင့် NCA-S EAO ကိုယ်စားလှယ်များ၏ ပဉ္စမအကြိမ် အလုပ်အဖွဲ့အစည်းအဝေး ဆက်လက်ကျင်းပ

အစိုးရနှင့် NCA-S EAO ကိုယ်စားလှယ်များ၏ ပဉ္စမအကြိမ် အလုပ်အဖွဲ့အစည်းအဝေး ဆက်လက်ကျင်းပ

Sun, 07/05/2020 - 09:20
Posted in:
0 comments

ရန်ကုန် ဇူလိုင် ၄

အစိုးရ ကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များ (NCA-S EAO)၏ ပဉ္စမအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင်ဆက်လက်ကျင်းပခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးနှင့် ပတ်သက်၍ ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးနိုင်ခဲ့သည်။

အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ် ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှ မောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်း၊ NCA အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန် ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ် ကလူစေး၊ ဆော်လမွန်၊ စောကျော်ညွန့်၊ နိုင်အောင် မငေး၊ ဒေါက်တာစိုင်းဦးနှင့် ခွန်မြင့်ထွန်းတို့ တက်ရောက် ကြသည်။ ကိုဗစ်-၁၉ ကြောင့် အစည်းအဝေးသို့ မတက်ရောက်နိုင်သည့် အဝေးရောက် ကိုယ်စားလှယ်များသည် Online Video Conferencing ဖြင့် တက်ရောက်ကြသည်။

နှစ်ဖက် ညှိနှိုင်းအစည်းအဝေး၌ ဇူလိုင် ၂ ရက်တွင် ဆွေးနွေးခဲ့ကြ သည့် (၈) ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ အခြေခံမူ သဘော တူညီချက်များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်း အဝေးနှင့် ညီလာခံမတိုင်မီ ကျင်းပမည့် အစည်းအဝေးအချိန်ဇယား၊ အခင်းအကျင်းတို့ကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးအပြီးတွင် NCA-S EAO ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်စဝ်စိုင်းငင်းက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် “ပြီးခဲ့တဲ့ မိမိတို့နှစ်ဖက်ညှိနှိုင်း အစည်းအဝေးမှာ ပြည်ထောင်စု သဘောတူစာချုပ် အစိတ် အပိုင်း(၃)ရဲ့ အကြောင်းအရာတွေထဲက ချန်ထားခဲ့တဲ့ ဆက်လက်ညှိနှိုင်းဖို့ အချက်တွေကို ယခုကျင်းပတဲ့ ပဉ္စမအကြိမ် အစည်းအဝေးမှာ ဆက်လက်ညှိနှိုင်းနိုင် ခဲ့တယ်။ သဘော တူညီချက်များလည်း ထပ်မံရရှိခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလ အခြေအနေ အောက်မှာ ကျင်းပရနိုင်ဖွယ်ရှိတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာ အခင်းအကျင်းကို အသေးစိတ် ဆွေးနွေးပြီး ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ ညှိနှိုင်းနိုင် ခဲ့ပါတယ်။

“ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ပုံသဏ္ဌာန် (Format) ကို ရေးဆွဲဖို့ စာချုပ်မူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းပြီး ကြိုတင်ပြင်ဆင် ရေးဆွဲသွားနိုင်ရေး ဆွေးနွေးနိုင်ခဲ့တယ်။ တစ်ဖက်မှာလည်း မိမိတို့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တွေရဲ့ ဆွေးနွေးညှိနှိုင်း အစည်းအဝေးကနေ ရရှိလာတဲ့ ရလဒ်တွေကို UPDJC နိုင်ငံရေးအစုအဖွဲ့ ထံ ရှင်းလင်းတင်ပြ နိုင်ရေးအတွက် သဘောထားချမှတ် နိုင်ခဲ့တယ်။ ဆဌမအကြိမ် မြောက် နှစ်ဖက်ညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ နောက်ဆုံးပတ်မှာ ကျင်းပမှာဖြစ်လို့ အဲဒီအစည်းအဝေး မတိုင်မီ ဆက်လက်ညှိနှိုင်းရမယ့် အချက်တွေ၊ ဆက်လက်ဆောင်ရွက် ရမယ့် လုပ်ငန်းတွေကို နှစ်ဖက် ညှိနှိုင်းပြီး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် အွန်လိုင်းမှာ ဆွေးနွေးရတာ အကန့်အသတ်ရှိတဲ့အတွက် လူချင်းမျက်နှာစုံညီ ထိုင်ပြီး ဆွေးနွေးညှိနှိုင်းမယ့် အခင်းအကျင်း မျိုးဖြစ်ဖို့ ကျန်းမာရေး ညွှန်ကြားချက် များနဲ့အညီ မိမိအနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြော ကြားခဲ့သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေ ချုပ် ဦးထွန်းထွန်းဦးက နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် “ကျွန်တော် တို့ အစိုးရနဲ့ NCA-S EAO တို့ရဲ့ပဉ္စမ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂ ရက်နဲ့ ၄ ရက်နေ့ နှစ်ရက်အစည်းအဝေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါတယ်။ NCA အကောင်အထည်ဖော်မှု သဘောတူညီချက်၊ ၂၀၂၀ နဲ့ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်တွေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေးဆိုင်ရာ အခြေခံ လမ်း ညွှန်တွေကို ကျွန်တော်တို့ ဆက်လက် ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ယခင် အစည်းအဝေး က်ပိုတဲ့ သဘောတူညီချက်တွေ ထပ်မံရရှိပါတယ်။ ဆက်လက်ပြီး ဆွေးနွေးရန် ကျန်တဲ့ ကိစ္စတွေကို လာမယ့်အစည်းအဝေးမှာ သဘောတူညီမှု ရရှိနိုင်ဖို့အတွက် ကြိုးစားပေးကြ ပါ လို့ ပြောကြားလိုပါတယ်။

“ကျွန်တော်တို့ (၂၁) ရာစုပင်လုံ ညီလာခံ ကျင်းပနိုင်ရေးအတွက်လည်း အဆိုပြုအချိန် ဇယား အစီအစဉ်များကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ မကြာမီ အချိန်အတောအတွင်းမှာ နှစ်ဖက် အဆိုပြုချက် အချိန်ဇယားကို အတည်ပြုပေးနိုင်တော့မှာ ဖြစ်ပါတယ်။ နောက် တစ်ကြိမ် အစည်းအဝေးမှာ ယခုကျွန်တော်တို့ သဘောတူညီခဲ့ပြီး ဖြစ်သည့်အတိုင်း မျက်နှာစုံညီ တွေ့ဆုံဆွေးနွေး ညှိနှိုင်းရမှာဖြစ်ပြီး ပိုမိုပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့ အသေး စိတ် တွေ့ဆုံဆွေးနွေးညှိနှိုင်းရမှာ ဖြစ်တဲ့အတွက် နောက်တစ်ကြိမ် အစည်းအဝေး မှာ သဘောတူညီချက်တွေ ပိုမိုရရှိနိုင်မယ်” ဟု ပြောကြားခဲ့သည်။

 

အစိုးရ ကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များ (NCA-S EAO) ၏ ဆဌမအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်း အစည်းအဝေးကို လာမည့်ဇူလိုင်လနောက်ဆုံးပတ်တွင် ရန်ကုန်၊ NRPC ရုံး၌ ဆက်လက် ကျင်းပ သွားမည်ဖြစ်သည်။

ပဉ္စမအကြိမ် နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး ရလဒ်များနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “ဇူလိုင်လ ၂ ရက်နေ့တုန်းက ကျွန်တော်တို့ နှစ်ဖက် ဆွေးနွေးခဲ့တာရှိတယ်။ ဇူလိုင်လ ၃ ရက်နေ့မှာတော့ သက်ဆိုင်ရာ အစုအဖွဲ့မှာ ပြန်လည် ညှိနှိုင်းပြီး ဒီနေ့မှာပြန်ပြီး ဆွေးနွေးပါတယ်။ ဩဂုတ်လ ဒုတိယ ပတ်မှာ လုပ်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစု ပင်လုံအတွက် အဓိက ရည်မှန်းပြီး ညှိနှိုင်းနေကြတာပါ။ ညှိနှိုင်းတဲ့နေရာမှာ ဒီနေ့ ခေါင်းစဉ် လေးခုကို ဆွေးနွေးခဲ့တာ ရှိတယ်။ ပထမသုံးခုက ညီလာခံမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူ စာချုပ်ရဲ့ အစိတ်အပိုင်းမှာ ပါဝင်တဲ့ ခေါင်းစဉ် သုံးခုကို ညှိနှိုင်းပါတယ်။ နောက်ဆုံး ခေါင်းစဉ်က ညီလာခံ ကျင်းပဖို့ လိုအပ်တဲ့ အခြေခံအချက်တွေပါ။ နောက်တစ်ကြိမ် ဆွေးနွေးပွဲတွေ၊ လုပ်ငန်းနဲ့ပတ်သက်တဲ့ JICM အကြိုညှိနှိုင်း အစည်းအဝေးတွေ၊ JICM အစည်းအဝေး၊ UPDJC အတွင်း ရေးမှူး အစည်းအဝေး၊ UPDJC ခေါ်မယ့်ရက်တွေနဲ့ ညီလာခံ ကျင်းပ နိုင်မယ့်ရက်တွေကို ကျွန်တော်တို့ ညှိနှိုင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဘက်က တာဝန်ရှိသူတွေကို တင်ပြဖို့လိုသလို EAO ဘက်ကလည်း PPST ခေါင်းဆောင် တွေကို ပြန်တင်ပြဖို့ လိုပါတယ်။ ညှိနှိုင်းဖို့ အနည်းငယ် ကျန်နေတဲ့အချက်တွေကို ရန်ကုန်မှာ ပြန်ပြီး ဆွေးနွေးဖို့ နှစ်ဖက်ညှိနှိုင်းထား ပါတယ်။ အဲဒါပြီးရင်တော့ ဩဂုတ် လဆန်းကနေစပြီး ညီလာခံ ပြီးတဲ့အထိ ကျွန်တော်တို့ လုပ်ဆောင်ရမယ့် အဆင့်တွေကို လုပ်ဖို့ရှိပါမယ်” ဟု ပြောသည်။

အစည်းအဝေးအပြီး ညနေပိုင်းတွင် အစိုးရနှင့် NCA-S EAO နှစ်ဖက်ကိုယ်စားလှယ် များ သည် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ နိုင်ငံရေး ပါတီအစုအဖွဲ့မှ UPDJC အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ယနေ့အစည်းအဝေး ဆွေးနွေးချက် များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြကာ အပြန်အလှန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Related Articles