ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ( ၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေး နှင့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း-၃ ချုပ်ဆိုနိုင်ရေးအတွက် နှစ်ဖက်ကိုယ်စားလှယ်များ ဆောင်ရွက်လျက်ရှိ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ( ၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေး နှင့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း-၃ ချုပ်ဆိုနိုင်ရေးအတွက် နှစ်ဖက်ကိုယ်စားလှယ်များ ဆောင်ရွက်လျက်ရှိ

Thu, 07/30/2020 - 10:50
Posted in:
0 comments
 
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S EAOs ကိုယ်စားလှယ် နိုင်အောင်မငေး တို့က မီဒီယာများနှင့်တွေ့ဆုံဖြေကြား
 
ရန်ကုန် ဇူလိုင် ၂၉
 
(၈) ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက်များအတိုင်း ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေး၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း-၃ ချုပ်ဆိုနိုင်ရေးအတွက် အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ ( NCA-S EAOs) ၏ ဆဋ္ဌမအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး ယနေ့ မွန်း လွဲပိုင်းက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ဆက်လက် ကျင်းပခဲ့သည်။
 
အစည်းအဝေးအပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S EAOs ကိုယ်စားလှယ် နိုင်အောင်မငေးတို့က အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာ များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။
 
နှစ်ဖက်ကိုယ်စားလှယ်များ၏ ဆဋ္ဌမအကြိမ် အလုပ်အဖွဲ့အစည်းအဝေးနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အခုက အစိုးရနဲ့NCA လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများက ကိုယ်စားလှယ်တွေရဲ့ (၆) ကြိမ်မြောက် အစည်းအဝေး ကျင်းပတာဖြစ်ပါတယ်။ (၆) ကြိမ်မြောက် အစည်းအဝေးကို မူလက ၃ ရက်ကျင်းပဖို့ မှန်းထားပေမဲ့ ၄ ရက်လောက်ကျင်းပခဲ့ရပါတယ်။ နောက်ထပ် ထပ်တိုးပြီး အချိန်ယူ ဆွေးနွေးခဲ့ရတဲ့ အပိုင်းတွေ လည်းရှိပါတယ်။ ကိုယ့်ရဲ့ အစုအဖွဲ့ အတွင်းမှာလည်း ပြန်ပြီး ဆွေးနွေးရတဲ့ အပိုင်းရှိပါတယ်။ ဒီနေ့လို ရက်ထပ်တိုးဆွေးနွေးရ ပေမယ့် သဘောတူညီချက်တွေလည်း တော်တော်လေးရရှိပါတယ်” ဟုပြောသည်။
 
ဆွေးနွေးညှိနှိုင်းမှုများနှင့်စပ်လျဉ်း၍ ဦးဇော်ဌေးက “အပိုင်း သုံးပိုင်းပါဝင်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း-၃ ချုပ်ဆိုမယ့် အပိုင်းပေါ့။ အပိုင်းတစ်မှာဆိုရင် NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်ပါ။ အဲ့ဒီမှာဆိုရင် ကျွန်တော်တို့ ၁၃ ချက်ရပါတယ်။ ဆွေးနွေးဖို့ ကျန်တာ ၃ ချက်ပါ။ ဒီ ၃ ချက်ကလည်း အများကြီး ကွဲလွဲမှုမရှိဘူး။ အချို့အပိုင်းလေးတွေ ကြေကြေလည်လည် ဖြစ်အောင် လုပ်နေရတဲ့ အတွက် အဆင်ပြေသွားမယ့် သဘောရှိပါတယ်။
 
အပိုင်းနှစ်ကတော့ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှု ဖြစ်ပါတယ်။ အဲ့ဒီမှာတော့ ဇယား(၁) နဲ့ ဇယား(၂) ဆိုပြီးရှိပါ တယ်။ ဇယား(၁) မှာ ခေါင်းစဉ်ကြီး ရှစ်ခုရှိပါတယ်။ အဲ့ဒီအပေါ်မှာ သဘောတူညီမှု ရရှိပြီး ဖြစ်ပါတယ်။ အသေးစိတ် ဆက်သွားလို့ ခေါင်းစဉ်ခွဲတွေ သက်မှတ်တဲ့ အဆင့် ဇယား(၂) အပိုင်းမှာတော့ ကျွန်တော်တို့နဲ့ EAOs ကြားမှာ ဆွေးနွေးနေတဲ့အပိုင်းမှာ အဓိက အချက်ဖြစ်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကဏ္ဍနဲ့ ပတ်သက်လို့ အဆင့် ၃ ဆင့် ခွဲခြားထားတာရှိပါတယ်။ အဲ့ဒီအဆင့်တွေ ခွဲတဲ့အပေါ်မှာ နှစ်ဖက် ဆက်ပြီးညှိနှိုင်း ရမယ်။ အဲ့ဒီအချက်ရရင် ဇယား (၂) ကိုရသွားတဲ့ အပိုင်းရှိပါမယ်။ ဒါကြောင့် တော်တော် လေး သဘောတူညီချက်ရနေတဲ့ အနေအထား ရှိပါတယ်။
 
အပိုင်းသုံးကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူများဖြစ်ပါတယ်။ အဲ့ဒီမှာဆွေးနွေးနေတာ ၈ ချက်ရှိပါတယ်။ နှစ်ဦး နှစ်ဖက် သဘော တူထားတာ ၂ ချက်ရှိတယ်။ ဆက်ဆွေးနွေးဖို့ကျန်တာ ၆ ချက်ရှိပါ တယ်။ ဒါကလည်း မပြီးပြတ်သေးတာမဟုတ်ပါဘူး။ အချို့အချက်တွေ သဘောတူတယ်။ သို့သော် သဘောတူပြီးတဲ့ အချက်တွေသည် အခြားအချက်တွေနဲ့ ချိတ်ဆက်နေတဲ့အတွက် ဆက်ဆွေးနွေးနေရတဲ့ အနေအထားရှိပါတယ်။ နောက်အစည်းအဝေး တစ်ကြိမ်ဆို ပြီးပြတ်သွားမယ့်အနေအထားရှိတယ်လို့ မျှော်မှန်းပါတယ်။
 
ဒါကြောင့် အခု (၆) ကြိမ်မြောက်အစည်းအဝေးအပြီး လာမယ့် ဩဂုတ်လ ၁ ရက်နေ့ ဆို နေပြည်တော်မှာ တွေ့မယ်။ ဒါတွေပြီးရင် JICM အကြိုအစည်းအဝေး၊ JICM အစည်းအဝေးတွေ လုပ်မယ်။ နောက် UPDJC အစည်းအဝေး ပြီးတာနဲ့ ညီလာခံ ကို ကျင်းပဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟုဖြေကြားသည်။
 
NCA-S EAOs ကိုယ်စားလှယ် နိုင်အောင်မငေးက “အခုက ကျွန်တော်တို့ (၆) ကြိမ် မြောက် အလုပ်အဖွဲ့ညှိနှိုင်းအစည်းအဝေး ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာလကို ကျော်ဖြတ် ရင်းနဲ့ အွန်လိုင်းကနေပဲ ဆွေးနွေးရင်းကနေ ဒါဟာ ပထမဆုံး မျက်နှာစုံညီ အစည်းအဝေး ဖြစ်ပါတယ်။ အပိုင်း တစ် မှာ ဦးဇော်ဌေးပြောခဲ့သလို မူဘောင်မှာ ဆက်လက်ဆွေးနွေးဖို့ ၃ ချက်ပဲကျန်ပါတယ်။ အပိုင်း နှစ် မှာ ဇယား( ၂ )ကိုပဲ ဆက်လက်ဆွေးနွေးဖို့ကျန် ပါတယ်။ အဲ့ဒီမှာလည်း လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းပဲ ဆက်လက်ဆွေးနွေး သဘောတူဖို့ကျန်ရှိပါတယ်။ အပိုင်း သုံး မှာ ၈ ချက်ရှိပါတယ်။ အဲ့ဒီမှာ ၂ ချက်ရရှိပြီး ၆ ချက် ဆွေးနွေးဖို့ကျန်ပါတယ်။ အဲ့ဒီမှာလည်း တစ်ချက်နဲ့ တစ်ချက်၊ တစ်ပိုင်းနဲ့တစ်ပိုင်း ချိတ်ဆက်မှု ရှိတဲ့အတွက်ကြောင့် ဆွေးနွေးပွဲ မပြီးပြတ်သေးတာပါ။ ဩဂုတ် (၁) ရက်နေ့ကျရင် နေပြည်တော်မှာ ဆက်လက်ဆွေးနွေးဖို့ သက်မှတ်ထားပါတယ်။ ဒါတွေပြီး ရင် အကျိုးရလဒ် ကောင်းတစ်ခု ရမယ်လို့ မျှော်လင့်ပါတယ်” ဟု ဖြေကြား သည်။
 
ထို့နောက် တက်ရောက်လာသည့် သတင်းမီဒီယာများက ဩဂုတ်လ ဒုတိယပတ် တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထ အစည်း အဝေးနှင့် ဆောင်ရွက်သွားမည့် အခြေအနေများကို မေးမြန်းကြသည်။
 
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် အပစ်ရပ် NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ဖိတ်ကြားရေးနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ညွန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက “ ကျွန်တော်တို့ ဘယ်သူမှ မဖိတ်ရသေးပါဘူး။ အခု အစည်းအဝေးတွေ ပြီးရင်တော့ ဖိတ်ကြားသွားဖို့ ရှိပါတယ်။ NCA မထိုးရသေးတဲ့ အဖွဲ့ တော်တော်များများကို ဖိတ်ကြားဖို့ ရှိပါတယ်။ ဖိတ်မှာပါ။ နိုင်ငံရေးပါတီတွေလည်း ဖိတ်ရမယ်။ သံတမန်တွေ ကိုလည်း ဖိတ်ရပါမယ်။ မီဒီယာနဲ့ ပတ်သက်ရင်တော့ ပြန်ကြားရေးဝန်ကြီး ဌာနက စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားတာရှိပါတယ်။ အလားတူ ကိုဗစ်-၁၉ ကာလမှာ ကျင်းပရတဲ့ ညီလာခံဖြစ်တာကြောင့် ယခင်ညီလာခံတွေမှာ လေ့လာသူတွေ ခွင့်ပြုတာရှိပေမယ့် အခုတော့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ညီလာခံ ကျင်းပတဲ့ အခင်းအကျင်း ကလည်း ယခင်ကလိုမဟုတ်ဘဲ MICC-1 နဲ့ MICC-2 နှစ်နေရာ ခွဲကျင်းပပါမယ်။ အရင်က MICC-2 မှာသာ ကျင်းပပေမယ့် social distancing အရ အဆင်မပြေတာကြောင့် တကယ့်ကို အရေးပါတဲ့ JICM အစည်းအဝေးတွေ၊ UPDJC အစည်းအဝေးတွေကို MICC-1 မှာ ကျင်းပပါမယ်။ MICC-2 မှာ တော့ ဖွင့်ပွဲကျင်းပမယ်။ ခေါင်းဆောင်တွေ တက်ရောက်ပြီး မူဝါဒ မိန့်ခွန်းတွေ ပြောကြားပါမယ်။ ကိုဗစ်-၁၉ ကာလမှာ လုပ်ရတာကြောင့် ကိုယ်စားလှယ်အရေအတွက် သုံးပုံတစ်ပုံ လျော့ချရပေမယ့် ညီလာခံရလဒ်နဲ့ အနှစ်သာရကောင်းတွေရရှိအောင် နှစ်ဖက် ကြိုးစားနေပါတယ်။ နိုင်ငံရေးပါတီ အစုအဖွဲ့တွေကိုလည်း ကျွန်တော်တို့ ရှင်းပြနေပါတယ်” ဟုဖြေကြားသည်။
 
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ နိုင်ငံတ ကာ အဖွဲ့အစည်းများ တက်ရောက်ရေးနှင့်ပတ်သက်၍ “ အခုက နိုင်ငံတကာ လေ ကြောင်းလိုင်းတွေကို ကျွန်တော်တို့ ခွင့်ပြုထားခြင်း မရှိဘူး။ ဒါကြောင့် နိုင်ငံပြင်ပက လာမယ့်သူတွေ အခက်အခဲရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဖိတ်ကြားတဲ့သူက ကိုယ်တိုင် တက်ရပါမယ်။ ကိုယ်စားတက်ရောက်ခွင့် မပြုပါဘူး။ ယခင်က ညီလာခံလာရင် သံတမန်တွေဆို + ၁ ခေါ်လာပါတယ်။ မရှိမဖြစ်မှအပ လူပို ခေါ်ခွင့်မရှိပါဘူး။ တက်ရောက် မယ့် သူတွေကလည်း Swab နမူနာယူရပါမယ်။ သက်မှတ်တဲ့ ဟိုတယ်မှာပဲ နေရပါမယ်” ဟု ဦးဇော်ဌေးက ပြောသည်။
 
အပစ်ရပ် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံတက်ရောက်ရေးနှင့် ပတ်သက်၍ နိုင်အောင်မငေးက “ ကျွန်တော်တို့ NCA-S EAOs တွေရဲ့ ဆန္ဒက သူတို့ကိုလည်း ဖိတ်ကြားစေချင်ပါတယ်။ အစိုးရကိုလည်း ပြောပြထားပါတယ်။ ဖိတ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။ တက်ရောက်ခြင်း ရှိ/မရှိ ကတော့ သူတို့အပိုင်းပါ။ ကျွန်တော်တို့ကတော့ အစိုးရကို ဖိတ်ပေးဖို့ ပြောထားပါတယ်” ဟုဖြေကြားသည်။
 
 

Related Articles