ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၁၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၁၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

Tue, 08/18/2020 - 09:15
Posted in:
0 comments

နေပြည်တော် ဩဂုတ် ၁၇

(၁၉)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟို ဌာန-၁ (MICC-I) ပတ္တမြားခန်းမ၌ ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အစည်းအဝေးသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ UPDJC အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေးနှင့် နိုင်သက်လွင်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ ဗိုလ်ချုပ်စန်းမြင့်၊ ဗိုလ်ချုပ် စိုးနိုင်ဦးနှင့် ဗိုလ်မှူးချုပ်ရဲရင့်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်မောင်သောင်းနှင့် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း(CNF)၊ စဝ်စိုင်းငင်း(RCSS)၊ ဦးမျိုးဝင်း (ABSDF)၊ စောမြရာဇာလင်း(ALP)၊ ပဒိုစောတာဒိုမူး(KNU)၊ ခွန်မြင့်ထွန်း(PNLO)၊ စောစိန်ဝင်း(DKBA)၊ စောကျော်ညွန့်(KNU/KNLA PC)၊ နိုင်အောင်မင်း(NMSP)၊ ကျာဆော်လမွန်(LDU)၊ မိဆူးပွင့် (ABSDF)၊ ဆလိုင်းထလာဟေး (CNF)၊ ဒေါက်တာစိုင်းဦး(RCSS)၊ စောစမစ်ဒွန်း(DKBA)၊ ခိုင်လင်းခိုင် (ALP)နှင့် ပဒိုစောအယ်ကလူစေး (KNU)၊ နိုင်ငံရေး ပါတီများအစုအဖွဲ့မှ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ(မြန်မာ))၊ ဦးနိုင်ငံလင်း (NLD)၊ ဦးမြင့်စိုး(USDP)၊ စိုင်းကျော်ညွန့်(SNLD)၊ တာလှဖေ(တအာင်း(ပလောင်)၊ ဦးသိန်းထွန်း (NUP) ၊ဦးအောင်ကြည်ညွန့် (NLD)၊ ဒေါက်တာ အောင်မြတ်ဦး (USDP)၊ ဦးဦးလှစော(ANP)၊ ခွန်ထွန်းရွှေ (PNLO)၊ ဦးဇမ်ဇမုန် (ဇိုမီးဒီမိုကရေစီပါတီ)၊ ဦးရွှေမင်း (လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ))၊ ဒေါက်တာတူးဂျာ (ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ နိုင်တလညီ(မွန်ညီညွတ်ရေးပါတီ)၊ ဒေါ်ရင်ရင်မေ (ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ)နှင့် စောထွန်းအောင်မြင့် (ကရင် ပြည်သူ့ပါတီ)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားသည်။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံကို သီးခြားဖော်ပြ ထားပါသည်။)

 

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက မိမိတို့သည် ကိုဗစ်-၁၉ ကာလတွင် တွေ့ဆုံပြီး ကမ္ဘာကြီး တွင် မည်သို့ကပ်ဆိုက်မှုမျိုးကြုံတွေ့နေပါစေ မိမိတို့တိုင်းပြည်၏ ငြိမ်းချမ်းရေးသည် များစွာ အရေးကြီးသည် ဆိုသည့် ခံယူချက်ဖြင့် ယခုအစည်းအဝေးကို ကျင်းပနေရခြင်း ဖြစ်ပါကြောင်း။

 

မိမိတို့ UPDJC ၏ အဓိကတာဝန်သည် NCA စာချုပ်အရအကောင်အထည်ဖော် ဆောင်ရွက်နေသော "နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို ဦးဆောင်လမ်းညွှန်ကြီးကြပ်ရန်” ဖြစ်ပါကြောင်း၊ ယင်း နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်၏ အဓိကဦးတည်ချက်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ဆိုသည့်အချက် ဖြစ်ပါကြောင်း၊ ယင်းဦးတည်ချက်နှင့်အတူ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်နေသော ဒီမိုကရေစီအခြေခံမူများနှင့် ဖက်ဒရယ်အခြေခံမူများဖော်ထုတ်ရေးသည် မိမိတို့ UPDJC ၏ တာဝန်ဖြစ်ပါကြောင်း။

 

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကြီးကို တည်ဆောက် နိုင်ပြီဆိုပါက မိမိတို့တိုင်းပြည်ကြီး ငြိမ်းချမ်းရေးရရှိမည်ဟု ယုံကြည်ထားပါကြောင်း၊ နှစ်ပေါင်း (၇၀) ကြာပြီဖြစ်သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းစေရမည်ဟု ယုံကြည်ပါကြောင်း၊ သန္နိဋ္ဌာန်လည်းချထားပါကြောင်း၊ သို့သော် ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူများကိုဖော်ထုတ်ရန် ကြိုးပမ်းရင်း မိမိတို့နိုင်ငံရေးဆွေးနွေးပွဲများသည် တစ်ဆို့မှုများနှင့် ခဏခဏကြုံတွေ့နေရပါ ကြောင်း။

 

စိုးရိမ်မှုနှင့် ငြိမ်းချမ်းရေးဆိုသည့် စကားလုံးနှစ်လုံး၏ အားပြိုင်မှုကြားတွင် တစ်ဆို့မှုများကို မကြာခဏ ရင်ဆိုင်နေရပါကြောင်း၊ သို့သော် နောက်ဆုံးသောနေ့တွင် ငြိမ်းချမ်းရေးကသာအနိုင်ရ မည်ဟုယုံကြည်ပါကြောင်း၊ ငြိမ်းချမ်း ရေးသာအောင်ပွဲခံနိုင် မည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးဖြင့်ပင် စိုးရိမ်မှုကိုကျော်လွှားနိုင် မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံးက ငြိမ်းချမ်းရေးရစေရမည် ဟု သန္နိဋ္ဌာန်ချပြီး ဆက်လက်ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်း။

 

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဦးသုဝေက လွန်ခဲ့သည့်နှစ်ရက်က မိမိတို့နိုင်ငံရေးပါတီအစုအဖွဲ့ကိုအစိုးရနှင့် EAO မှ တာဝန်ရှိ ပုဂ္ဂိုလ် များက ထူးခြားသည့် ငြိမ်းချမ်းရေးအခြေအနေများကိုရှင်းပြကြပါကြောင်း၊ ထိုသို့ ရှင်းပြသည့် အတွက် ကျေးဇူးတင်ပါကြောင်းနှင့် အောင်မြင်မှုအတွက် ဝမ်းသာပါကြောင်း။

 

မိမိတို့အားလုံးသည် ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစွန့်ရန်သန္နိဌာန် ချထားသူများဖြစ်ပါ ကြောင်း၊ အဓိက အနေဖြင့် ငြိမ်းချမ်းရေးရလဒ်ကောင်းရန် အရေးကြီးပါကြောင်း၊ ရလဒ်ကောင်းရန် မိမိတို့ အချင်းချင်း စိတ်ဝမ်း မကွဲဘဲ ညီညွတ်ရမည်ဖြစ်ပါကြောင်း၊ ညီညွတ်မှ အောင်မြင်မည်ဖြစ်ပါ ကြောင်း၊ မိမိတို့သည် ပြည်ထောင်စုငြိမ်းချမ်းရေးရရှိရေး၊ ထာဝရတည်တံ့ခိုင်မြဲရေးနှင့် ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားရေးအတွက် အလွန်ကြီးမားသည့် မျှော်မှန်းချက်ထားရှိသူများဖြစ်သည့် အတွက် စွန့်လွှတ် စွန့်စားသည့် စိတ်ဓာတ်ကို မွေးမြူနိုင်ကြရမည်ဖြစ်ပါကြောင်း၊ စာအုပ်တွင် ရေးသားထားသည့် အစီအစဉ်များသည် ပြည့်စုံသလောက်ရှိပါကြောင်း၊ လက်တွေ့အကောင်အထည် ဖော်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးသည် ထူးခြားသည့် exceptional work ဖြစ်ပါကြောင်း၊ အားလုံးကိုလည်း ထူးချွန်သူများ (exceptional men) ဖြစ်စေလိုပါကြောင်း၊ မိမိတို့ ပြည်ထောင်စုကြီးအတွက် ဂုဏ်ယူကြရန် ပြောကြားလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အစည်းအဝေးအစီအစဉ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပမည့်နေ့ရက် နှင့် ကိုယ်စားလှယ်ဦးရေ သတ်မှတ်အတည်ပြုခြင်း၊ UPDJC အဖွဲ့ဝင် အစားထိုးပြောင်းလဲတာဝန် ပေးအပ်ခြင်း၊ ၉ ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)- ရာစုပင်လုံ စတုတ္ထအစည်းအဝေး ၌ ပြည်ထောင်စုသဘောတူစာ ချုပ်အစိတ်အပိုင်း(၃)တွင် ထည့်သွင်းချုပ်ဆိုမည့် သဘောတူညီ ချက်များဖြစ်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘော တူညီချက်များ၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၁)၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်း ညွှန်အခြေခံမူ သဘောတူညီချက်များကို အတည်ပြုခြင်း၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၃)၏ အပိုင်း(၁) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အကောင် အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက် အမှတ် ၈ ၊ အမှတ် ၁၁ နှင့် အမှတ်၁၂ (က) နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ရေးကိစ္စ တင်ပြခြင်း၊ ညီလာခံ၌ UPDJC နှင် JMC အစီရင်ခံ စာများ တင်သွင်းရေးကိစ္စဆွေးနွေးအတည်ပြုခြင်း၊ ညီလာခံရက်အလိုက်အစီအစဉ်နှင့် ကျင်းပမည့် ပုံစံ၊ ညီလာခံပထမနေ့အစီအစဉ်၊ ညီလာခံသဘာပတိများကိစ္စ၊ ညီလာခံတွင် လုပ်ငန်းတာဝန် ခွဲဝေမှုနှင့် ညီလာခံကိုယ်စားလှယ်စားများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ရှင်းလင်း တင်ပြခြင်းနှင့် အထွေထွေကိစ္စရပ်များ ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဦးသုဝေက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ UPDJC အစည်းအဝေးသည် အေးအေး ဆေးဆေး၊ ငြိမ်ငြိမ်သက်သက်ဖြင့် အားရစရာ၊ ဝမ်းသာစရာကောင်းသည်ဟု ပြောလိုပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ကြားသွားသည်များကို ခြုံပြီးကြည့်ပါက မိမိတို့ တောင့်တ မျှော်လင့်နေကြသည့် ငြိမ်းချမ်းရေးအတွက် အားတက်ရပါကြောင်း၊ မိမိတို့ တည်ထောင် မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအတွက်လည်း စိတ်ချပြီး ဝမ်းမြောက်ပါကြောင်း၊ ဒေါက်တာ လျန်းမှုန်းဆာခေါင်း ပြောကြားသည်များကို ခြုံကြည့်လိုက်မည်ဆိုပါက ပြည်ထောင်စု ကြီးအတွက်၊ တိုင်းရင်းသားပြည်သူများအတွက် အကြံဥာဏ်ကောင်းများပါသည့်အတွက် ပြည်စုံသည်ဟု ဆိုချင်ပါ ကြောင်း၊ ထို့ကြောင့် မိမိတို့ကလည်း အများပြည်သူကိုယ်စား ငြိမ်းချမ်းရေးသတင်းကောင်းများ ကြားရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း။

 

ယခုကဲ့သို့ ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပနိုင်မည်ဖြစ်သည့်တွက် များစွာ ဝမ်းမြောက် ဝမ်းသာဖြစ်မိပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများအနေဖြင့် ငြိမ်းချမ်းရေးဆု လဒ်ကို မျှော်လင့်စောင့်စားနေကြသည်မှာ ကြာမြင့်ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရက ဦးဆောင် ပြီး သက်ဆိုင်သူများအနေဖြင့် ငြိမ်းချမ်းရေးရရှိအောင် စွမ်းအားရှိသမျှ ကြိုးပမ်းအားထုတ်လျက်ရှိပါ ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးပန်းတိုင်သို့ ရည်မှန်းပြီး အရောက်လှမ်း နေကြပါကြောင်း၊ ယခုဆိုလျှင် ညီလာခံစခန်းကို ရောက်ရှိလာပြီဖြစ်၍ ပန်းတိုင်နှင့်နီးကပ်လာပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးအောင်လံကို ဆွတ်ခူးနိုင်ရန် ညီလာခံကိုယ်စားလှယ်များ လည်း ပူးပေါင်းပါဝင်အားထုတ်ကြမည်ဖြစ်ပါကြောင်း၊ ယခုကာလတွင် ငြိမ်းချမ်းရေးဖော်ဆောင် မှုလုပ်ငန်းသည် အလွန်ခက်ခဲသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်နေသူများအနေဖြင့် အမှန်တကယ် ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပါ ကြောင်း၊ စိတ်ရှည်၊ သည်းခံရမည်ဖြစ်ပါကြောင်း၊ မှန်တာလုပ်သည်၊ ကောင်းတာလုပ်သည်ဆိုယုံဖြင့် မလုံလောက်ပါကြောင်း၊ ကောင်းရန်၊ မှန်ရန်လိုအပ်သကဲ့သို့ အများကလည်း လက်ခံသဘောတူရန် လိုအပ်ပါကြောင်း၊ ရိုးသားဖြောင့်မတ်ပြီး ရှင်းရှင်းလင်းလင်း နားလည်အောင်ပြောတတ်သည့် အရည်အချင်းရှိရန်လည်း လိုအပ်ပါကြောင်း၊ အားလုံးအတွက် ငြိမ်းချမ်းရေးကို အဟန့်အတားမဖြစ် စေဘဲ ငြိမ်းချမ်းရေးအကျိုးဖြစ်ထွန်းအောင် မိမိတို့အားလုံး ညီညီညွတ်ညွတ်ဖြင့် ငြိမ်းချမ်းရေးရရှိ အောင် ဆောင်ရွက်နိုင်ကြပါစေဟု ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJCဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ယနေ့ကျင်းပသည့် အစည်းအဝေးသည် အောင်မြင်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ဆုံးဖြတ်ချက် ၉ ချက်နှင့် မှတ်တမ်းတင်ခြင်း ၁ ခုကို လုပ်နိုင်ခဲ့ပါ ကြောင်း၊ ထို့ပြင် ယခုကဲ့သို့ အောင်မြင်အောင် ဆောင်ရွက်ပေးကြသည့် JICM ခေါင်းဆောင်ကြီး များနှင့် JICM အလုပ်အဖွဲ့ကိုလည်း မှတ်တင်းတင်သည့် အကြောင်းကို ထပ်လောင်းပြောကြား လိုပါ ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က မိမိတို့ကို ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်း ခဲ့ပါကြောင်း၊ အဖွဲ့အသီးသီးမှ သီးခြားညီလာခံများ၊ ဆွေးနွေးမှုများ ပြုလုပ်ပြီးလက်ခံ သင့်သည်ဟု ဆုံးဖြတ်ချက်ချခဲ့ပါကြောင်း၊ မိမိတို့ ချင်းအမျိုးသားတပ်ဦးမှလည်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ယခုငြိမ်းချမ်းဆွေးနွေးပွဲ၌ ပါဝင်ရန် အစီအစဉ်ရှိသည့်အတွက် ယခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်လာခြင်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် တစ်ခါမျှ လက်နက်မကိုင်ခဲ့ဘူးပါ ကြောင်း၊ ပွင့်ပွင့်လင်း လင်းပြောရမည်ဆိုပါက လက်နက်ကိုင်လမ်းစဉ်ထက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ပိုမိုလိုလားပါ ကြောင်း၊ မိမိတို့နိုင်ငံ၏ ပြသနာကိုစစ်မြေပြင်တွင် မဖြေရှင်းဘဲ ယခုကဲ့သို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီးအဖြေရှာခြင်းသည် အကောင်း ဆုံး ဖြစ်ပါကြောင်း။

 

မိမိတို့ JICM အစည်းအဝေး၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် မိန့်ခွန်းတွင် စေတနာမှန်ရမည်၊ ဥာဏ်ပညာရှိမည်၊ သတ္တိလည်းရှိရမည်ဆိုသည့် စကားပါပါကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံးစေတနာမှန်မှန်ဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းရန်အတွက် ဆက်လက်ဝိုင်းဝန်းပြီး လုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ယနေ့ UPDJC အစည်းအဝေးတွင် ဆုံးဖြတ်ချက်ပေါင်း (၉)ချက်ကို တစ်ညီတစ်ညွတ်တည်း သဘောတူဆုံးဖြတ်နိုင်ခဲ့ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်များသည် လာမည့် ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေးများ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် အဓိကတာဝန် ယူရသည့် UPDJC ၏ သန္နိဋ္ဌာန်ကိုဖော်ပြ နေသည်ဟုဆိုနိုင်ပါကြောင်း။

 

ပထမဆုံးအချက်အနေဖြင့် ပြောကြားလိုသည်မှာယနေ့ ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌ အရေးတကြီးလိုအပ်နေသည့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရန်၊ ငြိမ်းချမ်းရေးရရှိရန်နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရန် UPDJC က ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေးဆွေးနွေးပွဲများသည် အထူးပင် အရေးကြီးလှပါကြောင်း၊ UPDJC သည် အစုအဖွဲ့ (၃)ဖွဲ့ အညီအမျှ ပါဝင်ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ကော်မတီ ဖြစ်ပါကြောင်း၊ အစုအဖွဲ့ တစ်ဖွဲ့ချင်း၏ အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုထွက်ပေါ်လာသည့် အစည်းအဝေးဆုံးဖြတ်ချက် ရလဒ်များကဖော်ပြနေပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိမိမိ တို့ UPDJC အဖွဲ့ဝင်များသည် ဆွေးနွေးပွဲတွင် ငြင်းခုန်သော်လည်း တစ်ဦးနှင့် တစ်ဦးအခင် အမင်မပျက်ရင်းနှီးမှုမပျက် လုပ်ဖော်ကိုင်ဖက်များ ငြိမ်းချမ်းရေးဖော်ဆောင်သူများ အနေဖြင့် နားလည်မှုရှိရှိဆောင်ရွက်နိုင်ကြသည့် အနေအထားကို ရောက်ရှိနေပြီဖြစ်ပါကြောင်း။

 

မိမိတို့နိုင်ငံ၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် UPDJC အနေဖြင့် ရှေ့ကိုဆက်ပြီး ကြိုးပမ်းဆောင်ရွက်ကြရဦးမည်ဖြစ်ပါ ကြောင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ရှည်ကြာခဲ့သည်နှင့်အမျှ သဘောထားကွဲလွဲမှုများပိုမိုမြင့်မားလာပြီး နိုင်ငံရေးအရစေ့စပ် ညှိနှိုင်းဆွေးနွေးရန် ပိုမိုခက်ခဲလာတတ်ကြပါကြောင်း၊ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေး ညှိနှိုင်းနိုင်သည့် အခွင့်အရေးများပိုမိုလမ်းပွင့်လာသည်နှင့်အမျှ ပစ်ခတ်တိုက်ခိုက်မှုများလျော့နည်းကျဆင်းသွားလေ့ ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့ UPDJC၏ ဆွေးနွေးညှိနှိုင်းမှုများတွင် ရလဒ်ကောင်းများတိုးတက် မှုရှိလာလျှင် နိုင်ငံရေးဆွေးနွေးပွဲများအပေါ် ယုံကြည်မှုများတိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံရေးစားပွဲဝိုင်းဆီသို့ ရောက်မလာနိုင်သေးသည့် ကျန်ရစ်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံရေးအရတွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးကို ပိုမိုစိတ်ဝင်စားလာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ UPDJC၏ အခန်းကဏ္ဍသည် အထူးပင် အရေးကြီးသကဲ့သို့ ထမ်းဆောင်ရမည့် တာဝန်လည်း ကြီးလေးပါ ကြောင်း။

 

ဒုတိယအချက်အနေဖြင့် ပြောကြားလိုသည်မှာယနေ့ မိမိတို့ ကြိုးပမ်းဆောင်ရွက်နေသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ မိမိတို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးတစ်ခုတည်းမဟုတ်သကဲ့သို့ ငြိမ်းချမ်း ရေးတစ်ခုတည်းအတွက်လည်း မဟုတ်ပါကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး (Peace Building) ၊ နိုင်ငံတည်ဆောက်ရေး (State Building)နှင့် ပြည်ထောင်စုတည်ဆောက်ရေး (Nation Building) လုပ်ငန်းစဉ် များပါဝင်စုစည်းနေသည့် ရေရှည်သဘောဆောင်သောလုပ်ငန်းစဉ်ဖြစ် ပါကြောင်း၊ မိမိတို့ ယနေ့ ကြိုးပမ်းဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ရလဒ်သုည လုပ်ငန်းစဉ် မဟုတ်ပါကြောင်း၊ ဆွေးနွေးပွဲစားပွဲဝိုင်းများတွင် ပါဝင်နေသောအစုအဖွဲ့များအတွက် သက်သက်မဟုတ်ပါကြောင်း၊ ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်နေ ကြသူများအတွက် လည်းမဟုတ်ပါကြောင်း။

 

ယနေ့ ကြိုးပမ်းဆောင်ရွက်နေသည့် Peace Process သည် ပါဝင်သူအားလုံးအတွက်သာမက ပြည်ထောင်စုတစ်ခုလုံးအတွက်ပါ မျှော်မှန်းဆောင်ရွက်နေကြခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံရေးအရ အဖြေရှာဖွေကြရာတွင်လည်းသက်ဆိုင်သူများအတွက် သာမက ပြည်ထောင်စုတစ်ခုလုံးနှင့် သက်ဆိုင်သည့် နိုင်ငံရေး ပြဿနာများကိုအကောင်းမွန်ဆုံးဖြေရှင်းချက်များရရှိလာအောင် ဆွေးနွေး ညှိနှိုင်းကြရခြင်း ဖြစ်ပါကြောင်း၊ ယနေ့အထိ ဖြစ်ပွားနေသည့်လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး အတွက်လည်းထည့်သွင်းစဉ်းစားပြီးဆွေးနွေး ညှိနှိုင်းမှုများဆောင်ရွက်နေ ကြရသည်မှာလည်း ထူးခြားချက်ဟုဆိုနိုင်ပါကြောင်း။

 

UPDJC ၏အလုပ်အဖွဲ့ ဖြစ်သည့် အတွင်းရေးမှူးများသည် UPDJC က ဆုံးဖြတ်နိုင်ရန် အတွက် ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ပါကြောင်း၊ UPDJC အဖွဲ့ဝင်များ အနေဖြင့် ၂၀၁၆ ခုနှစ်မှစတင်၍ UPDJC အစည်းအဝေး (၁၄ )ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံကို (၄)ကြိမ်အထိကျင်းပနိုင် တော့မည် ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁ ) နှင့်( ၂)တွင် အခြေခံမူ (၅၁)ချက် အထိချမှတ်နိုင်ခဲ့ပြီး လာမည့်စတုတ္တအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၃)ကို ချုပ်ဆိုနိုင်တော့မည် ဖြစ်ပါကြောင်း၊ ယနေ့ UPDJC အစည်းအဝေး၌ သဘော တူခဲ့ကြသည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃ )တွင် NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် (၁၅)ချက်၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ(၅)ချက်အပြင် ၂၀၂၀ အလွန်အဆင့်လိုက် လုပ်ငန်းစဉ် နှင့် အဆင့်လိုက်အကောင် အထည် ဖော်မှုဆိုင်ရာဇယားတစ်ခုတို့ ပါဝင်လာမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ရွေးကောက်ပွဲအလွန်တွင် မည်သည့်အစိုးရ တက်လာသည်ဖြစ်စေအဆင်သင့် ဖော်ဆောင် သွားနိုင်မည့် အဆင့်လိုက်လုပ်ငန်းစဉ်တစ်ရပ် ပေါ်ထွက်လာခြင်းသည်မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေး အတွက် ထူးခြားလေးနက်သည့်မှတ်တိုင်တစ်ခုအဖြစ် တည်ရှိနေတော့မည် ဖြစ်ပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုအတွက် ယခုကဲ့သို့ထူးခြားလေးနက်သည့်ရလဒ်ကောင်းများ ထွက်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ၊ အစုအဖွဲ့အသီးသီးမှခေါင်းဆောင်များ၊ UPDJC အဖွဲ့ဝင်များနှင့်အလုပ်အဖွဲ့မှအတွင်းရေးမှူးများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းကို အလေးအနက် ပြောကြားလိုပါကြောင်း၊ UPDJC အဖွဲ့ဝင်များအားလုံးကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် ရှေ့ဆက်မည့်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ခရီးတွင်တက်ညီ လက်ညီပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ကြရန် အလေးအနက်ဆန္ဒပြုလိုက်ပါကြောင်း ပြောကြားသည်။

 

ယနေ့ အစည်းအဝေးမစတင်မီတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အချိန်ကာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ- (UPDJC) တွင် ငြိမ်းချမ်းရေးဦးဆောင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေးနှင့် နိုင်သက်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ် ကြီးတင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်းနှင့် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်စန်းမြင့်၊ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ်ရဲရင့်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအစုအဖွဲ့မှ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်း၊ စဝ်စိုင်းငင်း၊ ဦးမျိုးဝင်း၊ စောမြရာဇာလင်း၊ ပဒိုစောတာဒိုမူး၊ ခွန်မြင့်ထွန်း၊ စောစိန်ဝင်း၊ စောကျော်ညွန့်၊ နိုင်အောင်မင်း၊ ကျာဆော်လမွန်၊ မိဆူးပွင့်၊ ဆလိုင်းထလာဟေး၊ ဒေါက်တာစိုင်းဦး၊ ပဒိုမန်းငြိမ်းမောင်၊ စောစမစ်ဒွန်း၊ ခိုင်လင်းခိုင်နှင့် နိုင်အောင်မငေး၊ နိုင်ငံရေးပါတီ များအစုအဖွဲ့မှ ဦးသုဝေ၊ ဦးနိုင်ငံလင်း၊ ဦးမြင့်စိုး၊ စိုင်းကျော်ညွန့်၊ တာလှဖေ၊ ဦးသိန်းထွန်း၊ ဦးအောင်ကြည်ညွန့် ဒေါက်တာအောင်မြတ်ဦး၊ ဦးဦးလှစော၊ ခွန်ထွန်းရွှေ၊ ဦးဇမ်ဇမုန်၊ ဦးရွှေမင်း၊ ဒေါက်တာတူးဂျာ၊ နိုင်တလညီ၊ ဒေါ်ရင်ရင်မေနှင့် စောထွန်းအောင်မြင့်တို့အား ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိုင်ငံရေးဆိုင်ရာစေ့စပ်ညှိနှိုင်းမှု ဆောင်ရွက်ချက်များအရ ငြိမ်းချမ်းရေး ဖော်ဆောင်သူများ ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို လက်ရောက်ပေးအပ်ကြောင်း အခမ်းအနားမှူးများက ကြေညာခဲ့သည်။

Related Articles