ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ ပထမနေ့ ကျင်းပ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ ပထမနေ့ ကျင်းပ

Thu, 08/20/2020 - 09:33
Posted in:
0 comments

နေပြည်တော် ဩဂုတ် ၁၉

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ ပထမနေ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပ သည်။

ညီလာခံ ပထမနေ့ အစည်းအဝေးတွင် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း က ဦးဆောင်သဘာပတိအဖြစ် ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် တာလှဖေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ပူးဇင်ကျုံးနှင့် ဒေါက်တာမေဝင်းမြင့် တို့က ဆောင်ရွက် ကြသည်။

အစည်းအဝေးတွင် ဦးဆောင်သဘာပတိ ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစုပင်လုံ အစည်းအဝေးများကို ကျင်းပလာခဲ့သည်မှာ ယခု စတုတ္ထအစည်းအဝေးအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် တတိယအစည်းအဝေးနှင့် ယခုစတုတ္ထအစည်းအဝေးအကြားတွင် အချိန်ကာလအားဖြင့် (၂) နှစ်ခန့် ကြန့်ကြာခဲ့ရပါကြောင်း၊ ပြီးခဲ့သည့် ညီလာခံမှ ယနေ့ညီလာခံအထိ ဖြတ်သန်းခဲ့ရသော ကြားကာလကို ပြန်ပြောင်း သုံးသပ်ကြည့်ပါက အခက်အခဲများ၊ စိန်ခေါ်မှုများ အများအပြားကို မိမိတို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါ ကြောင်း၊ တရားဝင်အစည်းအဝေးများ ခေါ်ယူနိုင်ခြင်းမရှိတော့သည့် အခြေအနေတစ်ရပ်ကို ကြုံတွေ့ခဲ့ ရပါကြောင်း၊ အစုအဖွဲ့များအကြားတွင် ကွဲလွဲနေသော သဘောထားများကို ဆုံချက်တစ်ခုစီ ရောက်ရှိ အောင် အလွတ်သဘော တွေ့ဆုံမှုများ၊ နှစ်ဖက်သီးသန့်အစည်းအဝေးများ စသည့် ချဉ်းကပ်မှုမျိုးစုံကို မိမိတို့ ကြိုးပမ်းခဲ့ရပါကြောင်း။

ညီလာခံစားပွဲဝိုင်းတွင် သဘောတူညီချက် မရရှိနိုင်သောကိစ္စရပ်များကို ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် ခေါင်းဆောင်များအဆင့်တွင် တွေ့ဆုံ ဆွေးနွေးပြီး အကျပ်အတည်းကို ဖြေရှင်းနိုင်အောင် Ten Plus Ten Meeting အပါအဝင် ဖြေရှင်းနိုင်မည့် နည်းလမ်းမှန်သမျှ ကျင့်သုံး ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံရေးစားပွဲဝိုင်း သာမက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များတွင်ပါ ရှေ့ဆက်နိုင်မည့် လမ်းကြောင်းပေါ်ကို ရောက်ရှိလာအောင် အချိန်ပေးပြီး စိတ်ရှည် လက်ရှည် ကျေကျေလည်လည် ဆွေးနွေးညှိနှိုင်းခဲ့ရခြင်းဖြစ်ပါကြောင်း။

မိမိတို့ ဆွေးနွေးဖက်များအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက် နိုင်ရန် မည်သို့ အကောင်းဆုံး ဖန်တီးကြမည်ကို ခေါင်းချင်းရိုက် ညှိနှိုင်း တိုင်ပင်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ယင်းနေရာတွင် သင်ခန်းစာတစ်ခု ရရှိလိုက်သည်မှာ အတက်-အကျ၊ အနိမ့်-အမြင့် များလှသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မည်သို့အခက်အခဲမျိုး ကြုံတွေ့လာရပါစေ၊ တွေ့ဆုံဆွေးနွေးရေးနှင့် စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းကို ပျောက်မသွား အောင် ဆောင်ရွက်ရေးပင်ဖြစ်ပါကြောင်း၊ မည်မျှသဘောထားကွဲကွဲ၊ မည်သို့သော အကျပ်အတည်းများ ကြုံကြုံ မိမိတို့အစုအဖွဲ့များအကြား တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း အမြဲရှိနေပါက အချိန်ကာလတစ်ခု အတွင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမည်ကို နားလည်ထားကြ ရန် အရေးကြီးပါကြောင်း။

အားလုံးလက်ခံနိုင်မည့် ကမ်းလှမ်းချက်တစ်ခုဖြစ်သည့် Ways Forward for Peace Process ကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၃ ရက်တွင် အစိုးရဘက် က စတင်ကမ်းလှမ်းခဲ့ပါကြောင်း၊ အစိုးရ၏ကမ်းလှမ်းချက်ကို တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ အပြုသဘောနှင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါကြောင်း၊ ယင်းနောက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်(၃)ရပ်နှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ(၅)ချက်ကို အဖွင့်မိန့်ခွန်းတွင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထုတ်ပြန်ကြေညာခဲ့သည့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ် (၃) ရပ်တွင် ပါဝင်လာသည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)၌ ပါဝင်မည့် အကြောင်းအရာများနှင့် ဖက်ဒရယ်မူ (၅)ချက်တို့သည် ကာလရှည်ကြာ ရပ်ဆိုင်းနေခဲ့ရသော ဆွေးနွေးပွဲများကို ပြန်လည် စတင်နိုင်ခဲ့ပြီး တရားဝင်အစည်းအဝေးများ ပြန်လည်ခေါ်ယူနိုင်သည့် အခြေအနေကို ရောက်ရှိလာ ခဲ့ပါကြောင်း၊ ထို့နောက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၈ ရက်တွင် (၈) ကြိမ်မြောက် JICM အစည်းအဝေးကို ခေါ်ယူနိုင်ခဲ့ပြီး ဆုံးဖြတ်ချက်(၈)ချက်ကို ချမှတ် နိုင်ခဲ့ပါကြောင်း၊ ယင်းနောက် UPDJC နှင့် JMC အစည်းအဝေးများ ပြန်လည်စတင်နိုင်ခဲ့ပြီး ယနေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစုပင်လုံ၊ စတုတ္ထအစည်းအဝေးကို ကျင်းပနိုင်သည့် အနေအထားအထိ ရောက်ရှိခဲ့ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ငြိမ်းချမ်းရေးသာမက ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအထိပါ အဓိက ကျသည့်အတွက် မိမိတို့အနေဖြင့် ရှေ့ကို အများကြီး ကြိုးပမ်းအားထုတ် ကြရဦးမည်မှာ သေချာနေပါကြောင်း၊ မိမိတို့သည် မတူညီသော အစုအဖွဲ့များ၊ မတူညီသည့် ဖြတ်သန်းမှုများ၊ မတူညီသည့် နောက်ခံများနှင့် ယခု ညီလာခံခန်းမကြီးထဲကို ရောက်ရှိလာခဲ့ကြသော်လည်း တူညီသည့်အချက်မှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မဆုတ်မနစ် ဖော်ဆောင်လိုသည့် မိမိတို့၏သန္နိဋ္ဌာန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးအပေါ်ထားရှိသော မိမိတို့၏ စိတ်ရင်းစေတနာများဟု ပြောနိုင်ပါကြောင်း၊ တိုင်းရင်းသားပြည်သူအပေါင်း မျှော်လင့်တောင့်တလျက်ရှိသည့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်အောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ လုပ်ငန်းအစီရင်ခံစာကို UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက လည်းကောင်း၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ လုပ်ငန်းအစီရင်ခံစာ ကို အရပ်သားကိုယ်စားလှယ် (JMC-U)အလှည့်ကျ ဒုတိယဥက္ကဋ္ဌ စောမက်သယူးအေး ကလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ တင်သွင်းမည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင်သဘောတူညီချက် အဆိုပြုလွှာကို ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးက လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု (ဇယား-၁) အဆိုပြုလွှာကို ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဒုတိယခေါင်းဆောင်၊ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် စောမြရာဇာလင်းက လည်းကောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူများ အဆိုပြုလွှာကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့် က လည်းကောင်း ညီလာခံပထမနေ့ အစည်းအဝေးသို့ တင်သွင်းကြသည်။

ထို့နောက် ညီလာခံရက်အလိုက် အစီအစဉ်နှင့် ကျင်းပမည့်ပုံစံကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်က လည်းကောင်း၊ ညီလာခံကိုယ်စားလှယ်များ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများကို ဗိုလ်ချုပ်စိုးနိုင်ဦးကလည်းကောင်း ဖတ်ကြား တင်သွင်းကြသည်။

ယင်းနောက် ညီလာခံ သဘာပတိအဖွဲ့ဝင် တာလှဖေက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ ပထမနေ့ အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ လုပ်ငန်း အစီရင်ခံစာနှင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ လုပ်ငန်း အစီရင်ခံစာများကို သက်ဆိုင်ရာ ကော်မတီအသီးသီးက တာဝန်ရှိစွာ ဆောင်ရွက်ချက် အပြည့်အစုံကို တင်ပြသွားကြပြီ ဖြစ်ပါကြောင်း။

ညီလာခံ၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် ပြည်ထောင်စု သဘောတူ စာချုပ် အစိတ် အပိုင်း(၃)ကို အတည်ပြုချုပ်ဆိုနိုင်ရေးအတွက် အဆိုပြုထားပြီးဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် ၁၅ ချက်၊ ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် အကောင်အထည်ဖော်မှု (၈)ရပ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံ သည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူ (၅)ရပ်တို့ကို အပိုင်း အလိုက် အဆိုပြုချက်များ တင်သွင်းသွားကြပြီဖြစ်ပါကြောင်း၊ ယင်းအဆိုပြုတင်ပြချက်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ရှင်သန်ရေး၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ထွန်းရေးအတွက် မဆုတ်မနစ် အရှိန်အဟုန်အားကောင်းစွာဖြင့် ကြိုးပမ်းဖော်ဆောင်သွား ကြရမည့် ပြည်ထောင်စုသား အားလုံး၏ ဘုံလုပ်ငန်းစဉ် တစ်ရပ် ဖြစ် သည်ဟု တင်ပြလိုပါကြောင်း။

ထို့ကြောင့် ယခုညီလာခံကြီးက အတည်ပြုချမှတ်ပြီးသည်နှင့် ပြည်ထောင်စု သဘောတူညီချက်များကို ပြည်ထောင်စုကြီးနှင့် ပြည်ထောင်စုသားများ၏အကျိုး ဦးတည်ရည်မှန်းပြီး ဖော်ဆောင်ကြရ မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေပြုပြီး ပြည်ထောင်စုသားအားလုံး၏ စည်းလုံးညီညွတ်ရေးကို ထပ်ဆင့်အခြေပြု၍ စဉ်ဆက်မပြတ် တည်ဆောက်သွားရမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးနှင့်အတူ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေးကို တစ်ပြိုင်တည်း ကြိုးပမ်းဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း၊ တာဝန်ယူဆောင်ရွက် ကြမည့် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေး၊ နည်းပညာ၊ အတွေ့အကြုံများနှင့် ညှိနှိုင်း ဆက်စပ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အချိန်ကာလအလိုက် လုပ်ငန်းစဉ်များ မပြတ်မလပ် ချိတ်ဆက်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်တပ်မက်သည့် စိတ်ထား လူတိုင်းကိုယ်စီတွင် အသွေးအသားထဲက အမှန်တကယ် ပြင်းပြခဲ့မည်ဆိုပါက ငြိမ်းချမ်းရေး နှင့် ဖက်ဒရယ်ပန်းတိုင်သည် မသွား ခင်က ရောက်နှင့်မည်ဖြစ်သည်ကို တင်ပြလိုပါကြောင်း၊ ငြိမ်းချမ်းရေးကို လိုချင်သယောင် ဟန်ဆောင်ပြောဆိုပြီး အတ္တ၊ မာန်မာနများ ရှိနေကြဦးမည် ဆိုသည့် မေးခွန်းမရှိရလေအောင် မိမိတို့အားလုံးက သတိကြီးစွာ ထားကြရမည်ဖြစ်ပါ ကြောင်း၊ ယနေ့တင်ပြသွားသည့် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း(၃)ကို ညီလာခံကြီးက အတည်ပြု ချမှတ်ပြီးသည်နှင့် ညီလာခံကြီး၏ အရှိန်အဟုန်ကို အခြေခံပြီး ပြည်ထောင်စု တစ်ဝန်းလုံး နေရာဒေသအနှံ့ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖြစ်ထွန်းမှုနှင့်အတူ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေး လုပ်ငန်းစဉ်တိုင်းတွင် အချင်းချင်းအပြန်အလှန်ယုံကြည်မှု ပြည့်ဝစွာဖြင့်အတူတကွ စွမ်းဆောင်သွား ကြစေလိုပါကြောင်း ပြောကြား ပြီး ညီလာခံ ပထမနေ့ အစည်းအဝေး အောင်မြင်စွာ ကျင်းပ ပြီးစီးသည်။

Related Articles