ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ၊ UPDJC ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ အကြိမ်(၂၀) မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ပြောကြားသည့် နိဂုံးချုပ် အမှာစကား

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ၊ UPDJC ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ အကြိမ်(၂၀) မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ပြောကြားသည့် နိဂုံးချုပ် အမှာစကား

Thu, 08/20/2020 - 16:49
0 comments

(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက်)

ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ရဲ့ အကြိမ်(၂၀)မြောက် အစည်းအဝေးကို တက်ရောက်လာကြတဲ့ အစိုးရအစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့က ကိုယ်စားလှယ်များ အားလုံးခင်ဗျာ၊ ကျွန်တော်အနေနဲ့ နိဂုံးချုပ်အမှာစကားပြောကြားခွင့်ရတဲ့အတွက် များစွာ ဂုဏ်ယူမိ ပါတယ်။ ဒီနိဂုံးချုပ်အမှာစကားမှာ ကျွန်တော်အချက် (၃) ချက် ကို မီးမောင်းထိုးပြီးတော့ ပြောကြားချင် ပါတယ်။

ပထမဆုံးအချက်ကတော့ UPDJC စိတ်ဓါတ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ဖက်ဒရယ် ကူးပြောင်းရေးဖြစ်စဉ်တွေနဲ့ ခေါင်းနဲ့ပန်းလို့ ဆိုနိုင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ အလားအလာပဲ ဖြစ်ပါတယ်။ မနက်ဖြန် ညီလာခံမှာ တင်သွင်းပြီး တော့ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ်၊ အပိုင်း (၃) ဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရည်မှန်းပြောကြား ခဲ့သလိုပါပဲ ၂၀၂၀ အလွန် ကာလတွေအတွက် လမ်းသစ်ဖော်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ ထိရောက်ရဲ့လား၊ အလုပ်ဖြစ်မှာ လား မေးကြပါတယ်။ တကယ့်ကို ထိရောက်မှုရှိပြီးတော့ တကယ်လည်း အလုပ်ဖြစ်ပါတယ်။ အရင်တုန်း က စဉ်းစားတောင် မစဉ်းစားခဲ့ဘူးတဲ့ အကြောင်းအရာတွေကို ဒီကနေ့ ကျွန်တော်တို့ ဆွေးနွေးနေ ကြပါပြီ။ သဘောတူညီချက်တွေရအောင် ဆွေးနွေးနိုင်တဲ့အဆင့်ကို ရောက်ရှိလာတဲ့အပြင် လက်တွေ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်သည်အထိ ကျွန်တော်တို့ သဘောတူညီချက်တွေ ရရှိခဲ့ပြီဖြစ်ပါတယ်။ “ငြိမ်းချမ်းရေးအတွက် ဘာမှမလိုဘူး၊ စိတ်ရင်းစေတနာ မှန်ဖို့ပဲလိုတယ်” ဆိုတဲ့ စကားဟာ သိပ်မှန်ပါတယ်။ ကျွန်တော်တို့ UPDJC အဖွဲ့ဝင်အားလုံးရဲ့ မှန်ကန်တဲ့ စိတ်ရင်း စေတနာကြောင့် ကျွန်တော်တို့ရဲ့ ဆွေးနွေးညှိနှိုင်းမှု တွေ အဆင်ပြေ အောင်မြင်လာတယ်လို့ ကျွန်တော့်အနေနဲ့ အခိုင်အမာ ယုံကြည်ပါတယ်။ ဒါဟာ ပြည်ထောင်စုအကျိုးကို ဦးထိပ်ထားတဲ့ “UPDJC စိတ်ဓါတ်” လို့ ကျွန်တော့်အနေနဲ့ မှတ်သားပြီးတော့ ဒီစိတ်ဓါတ်အတွက်ကိုလည်း အထူးပဲ အလေးထား ဂုဏ်ပြုအပ်ပါတယ်။

ဒုတိယအချက်အနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့ UPDJC ရဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီးတော့ အလေးထား ပြောချင်တာကတော့ ကျွန်တော်တို့ UPDJC ရဲ့ ရည်မှန်းချက်က ဘာလဲ၊ NCA ရဲ့ အခြေခံမူမှာ ဒါအတိအလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။

ဘယ်လိုဖော်ပြထားလဲဆိုတော့ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓါတ်နဲ့အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူအရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်များ အပြည့်အဝရှိသော၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုတို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနဲ့အညီ တည်ဆောက်သွားရန်” ဆိုတာဟာ ကျွန်တော်တို့ UPDJC ရဲ့ ရည်မှန်းချက်တာဝန် ဖြစ်ပါတယ်။ ဒီရည်မှန်းချက် ပြည့်ဝဖို့ သမိုင်းနဲ့ ချီပြီး တည်ရှိခဲ့တဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းကြ ရမှာပါ။ တစ်ချိန်တည်းမှာပဲ သမိုင်းနဲ့ချီပြီး တည်ရှိနေတဲ့ သံသယတွေ၊ မယုံကြည်နိုင်မှုတွေကို ဖယ်ရှား ပေးဖို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်မှု တည်ဆောက်ရေးကို အလေးအနက် ထားပြီးတော့ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

တတိယအချက်အနေနဲ့ ကျွန်တော့်အနေနဲ့ ပြောကြားချင်တာကတော့ ၂၀၂၀ အလွန် နိုင်ငံရေး ဆွေးနွေးပွဲများ အရှိန်အဟုန်မြှင့်တင်နိုင်ရေးပဲ ဖြစ်ပါတယ်။ ၂၀၂၀ အလွန် နိုင်ငံရေး ဆွေးနွေးပွဲတွေ အရှိန်အဟုန်မြှင့်တင်ရေး ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်တော်တို့ UPDJC ရဲ့ မျှော်မှန်းချက်၊ UPDJC ရဲ့ တာဝန်ဟာ ဒီအတွက်အထူးပဲ အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းနိုင်ရေးကလည်း UPDJC ရဲ့ ကြိုးပမ်းအားထုတ်မှု တွေမှာ တည်မှီနေတာ ဖြစ်ပါ တယ်။ ၂၀၂၀ အလွန်ကာလမှာလည်း UPDJC ကတော့ ဆက်ပြီး ရှိနေဦးမှာပဲဖြစ်သလို နိုင်ငံရေးပြဿနာတွေကို အဖြေထုတ်ပေးနိုင်ဖို့အတွက် ဆက်လက် ကြိုးပမ်း နေရဦးမှာ ဖြစ်ပါတယ်။ UPDJC မှာ ပါဝင်တဲ့ အစုအဖွဲ့ကိုယ်စားလှယ် တစ်ချို့ကတော့ ပြောင်းလဲကောင်း ပြောင်းလဲပါမယ်။ ဒါပေမယ့် အဖွဲ့ဝင်တွေ ဘယ်လိုပဲပြောင်းပြောင်း ဒီကနေ့ ကျွန်တော်တို့ တည်ဆောက်ထားတဲ့ UPDJC စိတ်ဓါတ်နဲ့ မပြောင်းပဲ ဆက်လက်တည်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒီစိတ်ဓာတ်နဲ့ ဆောင်ရွက်မယ်ဆိုရင်လည်း အောင်မြင်မှု ကျိန်းသေရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ မတူညီတဲ့ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့အစည်းတွေကို ကိုယ်စား ပြုပြီးတော့ UPDJC မှာ လာရောက်တွေ့ဆုံ၊ အတူတူလက်တွဲပြီး ပူးပေါင်းဆောင်ရွက် ခဲ့တာပါ။ အမြင်မတူတာတွေ ရှိသလို ငြင်းခုန်ရတာတွေ လည်းရှိပါတယ်။ ငြင်းခုန်တဲ့နေရာမှာ ပြင်းပြင်းထန်ထန် ငြင်းခုန်ရတာတွေ လည်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အပြုံး မပျက်၊ နှုတ်ဆက်မပျက်ဘဲ အစည်းအဝေး တစ်ကြိမ် ရောက်လာတိုင်း တက်တက်ကြွကြွနဲ့ အဆင်သင့်ရှိနေခဲ့တာ အစဉ်အမြဲ တွေ့ရှိခဲ့ရပါတယ်။ ဒီ(၄)နှစ်ကျော်ကာလအတွင်းမှာ UPDJC မှာ အတူတူလက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့ အတွက် UPDJC အဖွဲ့ဝင်တွေ၊ အတွင်းရေးမှူးတွေ၊ အကျိုးဆောင်တွေနဲ့ အလုပ်အဖွဲ့ဝင်တွေ အားလုံးကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနကိုယ်စား ဂုဏ်ယူလေးစားစွာနဲ့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

၂၀၂၀ အလွန် ကာလမှာလည်း UPDJC ရဲ့ ညီညွတ်တဲ့ စိတ်ဓါတ်ကို ဆက်လက် ထိန်းသိမ်းပြီးတော့ UPDJC ရဲ့ ရည်မှန်းချက်၊ ကျွန်တော်တို့ ပြည်ထောင်စုကြီးရဲ့ မျှော်လင့်ချက်ကို ဆတက်ထမ်းပိုး ဆက်လက် ကြိုးပမ်း ထမ်းဆောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ကျွန်တော် နိဂုံးချုပ် လိုက်ပါတယ်။

အားလုံးကို ကျေးဇူးလည်းတင်ပါတယ်။ အားလုံးကျန်းမာရွှင်လန်းပါစေ။ ကိုဗစ်အန္တရာယ်ကလည်း ကင်းဝေးပါစေလို့ ကျွန်တော် ဆုမွန်ကောင်း ပို့သအပ်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Related Articles