ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အား ပြည်ထောင်စု လွှတ်တော်က အတည်ပြု

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အား ပြည်ထောင်စု လွှတ်တော်က အတည်ပြု

Thu, 08/27/2020 - 09:36
Posted in:
0 comments

နေပြည်တော် ဩဂုတ် ၂၆

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၃) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုသဘာတူစာချုပ် အစိတ်အပိုင်း (၃)နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် အဆိုပါ သဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အရ ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)ကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၄၈/ ၂၀၁၆)ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့၊ နိုင်ငံရေး ပါတီများ အစုအဖွဲ့စသည်ဖြင့် အစုအဖွဲ့(၃)ဖွဲ့၊ အဖွဲ့ဝင်(၄၈)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း။

 

(၁၉)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ် ၁၇ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ဆွေးနွေး ရရှိလာသည့် သဘောတူညီချက်များကို ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၉ မှ ၂၁ ရက်အထိ ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် အပိုင်း (၃)ပိုင်း ပါဝင်သော အဆိုပြုချက်များကို တင်သွင်းခဲ့ပါကြောင်း၊ ယင်းတို့မှာ အပိုင်း(၁) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် (၁၅)ချက်၊ အပိုင်း(၂) ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများဇယား(၁)၊ အပိုင်း(၃) ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာလမ်းညွှန်အခြေခံမူသဘောတူညီချက် ငါးချက်တို့ ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီက တင်သွင်းသော အထက်ပါ အဆိုပြုချက်များအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၁ ရက်တွင်ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတတိယနေ့တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အဖြစ် ညီလာခံက အတည်ပြုခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အပိုဒ်(၂၀) အပိုဒ်ခွဲ(င)အရ အစုအဖွဲ့အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ် ရေးထိုးခဲ့ကြပါကြောင်း။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အပိုဒ်(၂၀) အပိုဒ်ခွဲ (စ)တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်းဟူ၍ လည်းကောင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အခန်း(၈) အပိုဒ်(၂၈)တွင် ပြည်ထောင်စု သဘောတူ စာချုပ်အစိတ်အပိုင်းများကိုလည်းကောင်း၊ ပြည်ထောင်စု သဘောတူစာချုပ်တစ်ရပ်လုံးကိုလည်းကောင်း အနီးဆုံးကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်း၍ အတည်ပြုချက်ရယူရမည် ဟူ၍ လည်းကောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ လုပ်ငန်းလမ်းညွှန် အပိုဒ်(၃) အပိုဒ်ခွဲ(ဌ) တွင် UPDJC သည် ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်းများကိုလည်းကောင်း၊ ပြည်ထောင်စုသဘောတူစာချုပ် တစ်ရပ်လုံးကိုလည်းကောင်း အနီးဆုံးကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ လုပ်ထုံး လုပ်နည်းများနှင့်အညီ တင်သွင်း၍ အတည်ပြုချက် ရယူနိုင်ရေးအတွက် ဆောင်ရွက်ရမည်ဟူ၍လည်းကောင်း ဖော်ပြပါရှိပါသဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သော ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၃)ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်းဖြစ်ပါကြောင်း။

 

သို့ပါ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃) ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စု သဘာတူစာချုပ် အစိတ်အပိုင်း(၃) ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

 

Related Articles