ဘောကထ ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖေါ်နိုင်ရေး KNU ၏ အဆိုပြုမှုနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘောကထ ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖေါ်နိုင်ရေး KNU ၏ အဆိုပြုမှုနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ

Fri, 12/18/2020 - 15:49
Posted in:
0 comments
 
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
 
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်း ဘောကထ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေး အစိုးရနှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(KNU) ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
 
ညှိနှိုင်းအစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များ ဖြစ်ကြသည့် ဦးဟိန်းထက်၊ ဒေါ်မိမိခိုင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
ရှေးဦးစွာ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဘောကထ ရေအားလျှပ်စစ် စီမံကိန်းနှင့်စပ်လျဉ်း၍ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အဆိုပြုချက် များနှင့် လက်ရှိအခြေအနေများအား ရှင်းလင်း ဆွေးနွေးတင်ပြသည်။
 
ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးဟိန်းထက်၊ ဒေါ်မိမိခိုင် တို့က ဘောကထရေအား လျှပ်စစ်စီမံကိန်း အကောင်အထည်ဖေါ်ဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေများ၊ နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ မူဝါဒများ၊ ငြိမ်းချမ်းရေးကို အထောက်အကူ ဖြစ်စေမည့် Hydropower projects for Peace လျာထားချက်များကို ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။
 
ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦးတို့က ငြိမ်းချမ်းရေးနှင့် ဆက်စပ်၍ ရှင်းလင်းဆွေးနွေးကြသည်။
 
ဆက်လက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ တင်ပြချက်အပေါ် ဆောင်ရွက်နိုင်မည့် အစီအစဉ်များအား ဆွေးနွေးကြပြီး နှစ်ဖက် တွေ့ဆုံဆွေးနွေးမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Related Articles