တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အနှစ်ချုပ်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အနှစ်ချုပ်

Sun, 10/16/2016 - 11:16
0 comments

၁။ ဤသဘောတူစာချုပ်သည် တစ်နိုင်ငံလုံး အတိုင်းအတာဆောင်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အကောင်အထည်ဖော်မှုကို ဦးတည်၍ သဘောတူစာချုပ်ချုပ်ဆိုသော စာချုပ်ဖြစ်သည်နှင့်အညီ ပြည်ထောင်စု တစ်ဝန်းလုံးတွင် အကျိုးသက်ရောက်မှုရှိသည်။

 

၂။ ဤသဘောတူစာချုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ယခင်က ချုပ်ဆိုခဲ့သော သဘောတူညီချက်များအား ထပ်လောင်း အသိအမှတ်ပြုခြင်း၊ ပိုမိုခိုင်မာစေခြင်း ထပ်ဆင့်အတည်ပြုခြင်းဖြစ်ပြီး အခန်း(၇)ခန်းနှင့် အပိုဒ်ပေါင်း (၃၃) ပိုဒ်ပါရှိပါသည်။

 

၃။ ဤသဘောတူစာချုပ်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက် သွားရန် ရည်ရွယ်ပါသည်။

 

၄။ ထို့အပြင် နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေး ယဉ်ကျေးမှုအသစ်တစ်ရပ်ထူထောင်ပြီး တန်းတူရည်တူ အခွင့်အရေး ရရှိမည့် ရေရှည် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရန် သဘောတူကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားများ၏ လိုလားချက်များနှင့် သဘောထား ဆန္ဒများကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲ များတွင် ပါဝင်သင့်သူ အားလုံး ပါဝင်သွားရန် သဘောတူကြသည်။

 

၅။ အပစ်အခတ်ရပ်စဲရေးကို ခိုင်ခိုင်မာမာ အကောင်အထည်ဖော်နိုင်ရန် နှစ်ဖက်လိုက်နာရမည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်သူလူထုကို အကာအကွယ်ပေးရေးအတွက် လိုအပ်သည့် အချက် များကိုလည်း စာချုပ်တွင် အသေးစိတ်ဖော်ပြထားသည်။ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPs) နှင့် ပဋိပက္ခဒဏ်ခံစားရသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနိုင်ရေး ကို နှစ်ဖက် ညှိနှိုင်း ဆောင်ရွက်ရန် သဘောတူကြပါသည်။

 

၆။ သဘောတူညီထားသော စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို ထိထိရောက်ရောက် လိုက်နာမှုရှိစေရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို ဖွဲ့စည်းပြီး စောင့်ကြည့်ကြီးကြပ်ရေး လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် အကောင် အထည်ဖော် သွားမည်ဖြစ်ပါသည်။

 

၇။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို အကောင်အထည်ဖော်နိုင်ရေး အတွက် နိုင်ငံရေး လမ်းပြမြေပုံတစ်ခု ကိုလည်း သဘောတူညီခဲ့ကြပါသည်။ ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံး ပါဝင်မည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ကို ဖွဲ့စည်း၍ အကောင် အထည်ဖော်မည် ဖြစ်ပါသည်။ ထိုပူးတွဲကော်မတီ က နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲ၍ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကို အကောင် အထည်ဖော်သွားမည်ဖြစ်ပါသည်။

 

၈။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ယုံကြည်မှုတည်ဆောက်နိုင်စေရန်အလို့ငှာ မတရား အသင်းအဖြစ် ကြေညာထားသော အဖွဲ့အစည်းများကို မတရားအသင်း စာရင်းမှ ပယ်ဖျက်ရန် သဘော တူညီခဲ့သည့် အလျောက် ဤစာချုပ်ကို လက်မှတ်ရေးထိုးသော အဖွဲ့အစည်းများကို အစိုးရက မတရား အသင်း အဖြစ်မှ ပယ်ဖျက်ခဲ့ပါသည်။

 

၉။ ထို့အပြင် လက်မှတ်ရေးထိုးကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိတို့နှင့် သက်ဆိုင်သည့် အပစ်ရပ်နယ်မြေများအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် မိမိတို့ အဖွဲ့အစည်း၏အတိုင်းအတာအရ တာဝန်ယူနေကြသော အဖွဲ့အစည်းများ ဖြစ်ကြသည့် အားလျော်စွာ အပစ်အခတ်ရပ်စဲထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပ အကောင် အထည် ဖော်နေသည့် ကာလအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်း မြှင့်တင်ရေး၊ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဒေသ ဖွံ့ဖြိုးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများအတွက် နှစ်ဖက်မှ ပူးပေါင်းဆောင်ရွက်ရန် သဘော တူညီခဲ့ကြပါသည်။

 

၁၀။ ဤစာချုပ်သည် နိုင်ငံတော်အကြီးအကဲများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များက လက်မှတ်ရေးထိုးပြီးသည့် အချိန်မှစတင်၍ အသက်ဝင်မည်ဖြစ်ပြီး ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကိုဖော်ဆောင်မည့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ သမိုင်းဝင် သဘောတူ စာချုပ်ဖြစ်ပါသည်။

 

 

 

 

 

Related Articles