တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည် အခမ်းအနား၏ ထုတ်ပြန်ကြေညာချက်

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည် အခမ်းအနား၏ ထုတ်ပြန်ကြေညာချက်

Sat, 10/15/2016 - 11:16
0 comments

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ငြိမ်းချမ်းရေးကြိုးပမ်းမှု၏ အဓိကသမိုင်းမှတ်တိုင် တစ်ခုဖြစ်သော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။

 

၂။ စာချုပ်မူကြမ်းကို စတင်ညှိနှိုင်းစဉ်က နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၇) ဖွဲ့မှ ကိုယ်စားလှယ်များပါဝင်ညှိနှိုင်းခဲ့ကြပြီး ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် မူကြမ်း အဆင့်အား နိုင်ငံတော်သမ္မတထံအပ်နှံခဲ့ပြီးနောက် ဩဂုတ်လ ၇ ရက်နေ့တွင် လော်ခီးလာ ညီလာခံမှ မူချောအဖြစ် ထပ်မံ အတည်ပြုနိုင်ခဲ့ကြပါသည်။ ၁၇ လအကြာ ညှိနှိုင်းဆွေးနွေးမှုများအပြီး အခန်း(၇)ခန်း နှင့် အချက်ကြီး (၃၃) ချက်ပါ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ကို နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(၈)ဖွဲ့ တို့အကြား နိုင်ငံ တကာနှင့် ပြည်တွင်း သက်သေများ ရှေ့မှောက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အားလုံးပါဝင် ညှိနှိုင်း ပြုစုထားသည့် NCA သဘောတူစာချုပ်သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ တွင် ပြည်ထောင်စုလွှတ်တော်က တရားဝင်၊ ကန့်ကွက်သူမရှိ အတည်ပြုပေးလိုက် သည့်နောက် မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေး ဖြစ်စဉ် တစ်ခုလုံးအတွက် သမိုင်းဝင် အခြေခံ အုတ်မြစ် တစ်ခု အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

 

၃။ NCA လက်မှတ်ရေးထိုးခဲ့သည့် တစ်နှစ်တာအတွင်း စာချုပ်ပါအချက်များကို အတိုင်းအတာ တစ်ခုအထိ သက်ဆိုင်သူများအားလုံးမှ ကြိုးစားအကောင်အထည်ဖော်ခဲ့ကြပါသည်။ စိတ်ရှည် သည်းခံမှု၊ အပြန်အလှန် နားလည်မှု၊ လေးစားမှုတို့ကို အခြေခံ၍ ရရှိခဲ့သည့် ယုံကြည်မှုကို အရင်း အနှီးပြုကာ NCA ကို ထိန်းသိမ်းလျက် ငြိမ်းချမ်းရေးလုပ်ငန်းများ ပူးတွဲအကောင် အထည်ဖော်မှု တို့ကို တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်း လုပ်ဆောင်လျက်ရှိပါသည်။

 

၄။ NCA ပါ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို ထိထိရောက်ရောက် လိုက်နာမှုရှိစေရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ကို ဖွဲ့စည်းပြီး စောင့်ကြည့်ကြီးကြပ်ရေးလုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်လျက်ရှိပါသည်။

 

၅။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံရေး လမ်းပြမြေပုံ တစ်ခုကိုလည်း NCA တွင် သဘောတူညီခဲ့ကြသည့်အလျောက် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်မည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ကို ဖွဲ့စည်းကာ အကောင်အထည်ဖော်လျက်ရှိပါသည်။ ရလဒ် အဖြစ် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်တစ်ခုကိုရေးဆွဲ၍ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီး ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပနိုင်ခဲ့ပါသည်။

 

၆။ နိုင်ငံတော်၏ပြောင်းလဲလာသော အခြေအနေများနှင့်အညီ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင် ရေးဆွဲရေး ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့ အထိ အောင်မြင်ခမ်းနားစွာ ကျင်းပ နိုင်ခဲ့ပါသည်။ ၎င်းညီလာခံတွင် အားလုံးပါဝင် တက်ရောက်နိုင်ခဲ့ကြပြီး လွတ်လပ်စွာ ဆွေးနွေးတင်ပြနိုင် ခဲ့ကြပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံမှတစ်ဆင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် ကျင်းပရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ပေါက်မြောက်စေရန် အတွက် နောက်ထပ် သမိုင်းစာမျက်နှာသစ် တစ်ရပ် ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်ပါသည်။

 

၇။ NCA ပြဋ္ဌာန်းချက်များကို စောင့်ထိန်းလိုက်နာခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာခြင်းအားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင် မည်ဖြစ်ပါသည်။ NCA သည် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသာမက ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး အပေါ် စောင့်ကြည့်၍ ညှိနှိုင်းဖြေရှင်းသည့် လုပ်ငန်းစဉ် များကို သဘောတူညီခြင်းဖြစ်သည့် အပြင် နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များအတွက်ပါ နှစ်ဦးနှစ်ဖက် အကြား အာမခံချက်များ ထားရှိခြင်းဖြစ်ပါသည်။ NCA ပါ အချက်များသည် အင်အားစုများ အကြား ညှိနှိုင်း သဘောတူညီ ထားသော ငြိမ်းချမ်းရေး အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် ၎င်းအချက် များကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေးသည် အနာဂတ်ပြည်ထောင်စုအတွက် အရေးပါသော ခြေလှမ်းများ ဖြစ်ပါ လိမ့်မည်။ NCAပါ လုပ်ငန်းများကို ပူးပေါင်းအကောင်အထည်ဖော်ခြင်းဖြင့် ပဋိပက္ခ ဖြေရှင်းရေးကို အခြေခံသည့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အသစ်တစ်ရပ်ကို တည်ဆောက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲများ၏ ရလဒ် များနှင့်အညီ တည်ဆောက်သွားနိုင်မည်ဖြစ်ပါသည်။

 

 

 

 

 

Related Articles