”၀” ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ ( UWSA )နှင့် ပတ်သက်၍ ၁၀ ဦး ကော်မတီ အစည်းအဝေးထိုင်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြား

”၀” ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ ( UWSA )နှင့် ပတ်သက်၍ ၁၀ ဦး ကော်မတီ အစည်းအဝေးထိုင်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြား

Thu, 09/01/2016 - 11:40
Posted in:
0 comments

နေပြည်တော် စက်တင်ဘာ ၁

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ ဒုတိယနေ့အစည်းအဝေးအပြီးတွင် ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဦးဇော်ဌေးနှင့် ဦးစိုင်းကျော်ညွန့်တို့က ယနေ့ပြုလုပ်သည့် အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

 

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက” ဒီနေ့က ပါတီတွေနဲ့ အဖွဲ့အစည်းတွေရဲ့မူနဲ့ ပေါ်လစီကို တင်ပြတဲ့အပိုင်းပါ။ တင်ပြတဲ့အထဲမှာ အားလုံးကို ခြုံကြည့်ရင် တူညီတဲ့အချက်က ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတဲ့အချက်ပါ။ NCA မှာပါတဲ့အတိုင်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြမယ်ဆိုတာလည်း တူညီတဲ့အပိုင်းပါ။ အားလုံးပါဝင်ရေးမူကိုလည်း အားလုံး ထောက်ခံ ပါတယ်။ ညီလာခံမှာမပါနိုင်သေးတဲ့ ညီနောင်တိုင်းရင်းသား သုံးဖွဲ့အတွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းတာတွေ ရှိတယ်” ဟုပြောသည်။

 

”၀” ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) သည် ယနေ့ညီလာခံတွင်စာတမ်းတင်သွင်း ဖတ်ကြားခြင်းမပြုဘဲ အစည်းအဝေးမှ ပြန်သွားခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ၁၀ ဦး ကော်မတီ အစည်းအဝေးထိုင်မည်ဖြစ်ကြောင်းနှင့် အဖွဲ့အစည်းအသီးသီးမှ တင်သွင်းလာသည့် စာတမ်းများကို စုစည်း၍ ပြန်ကြားရေးဝန်ကြီးဌာနက စာအုပ်ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးထံမှ သိရသည်။

 

UWSA ကိစ္စနှင့် ပတ်သက်၍သတင်းမီဒီယာများ၏ မေးမြန်းချက်ကိုဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ဒီကနေ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဖြစ်စဉ်အစ အဆုံး သတင်းပို့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတာက ဒါကိုဖြစ်စဉ်အမှန်အတိုင်း ရှင်းပြပေးပါ။ ဖြစ်တတ်တဲ့အရာတွေပါ။ နည်းပညာလွဲမှားမှုတွေတော့ရှိတတ်ပါတယ်။ အဲ့ဒီအတွက်နဲ့ တော့ သွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မထိခိုက်အောင် ဆောင်ရွက်သွားဖို့ ပြောပါတယ်။ အလားတူမျိုး မိုင်းလားလည်းဖြစ်ပါတယ်”ဟု ပြောသည်။

 

UWSA သည် နည်းပညာပိုင်းတွင် ချွတ်ယွင်းချက်ရှိသည်ကို တန်းတူရည်တူ ဆက်ဆံမှုမရှိဆိုသည့် ခံစားချက်ကြောင့် တရားဝင်ဖိတ်ကြားခြင်းဖြစ်သော်လည်း လေ့လာသူအဖြစ်နှင့်သာ ထားသည် ဆိုသည့် နားလည်မှုလွဲမှားသည့် အချက်ကြောင့် ပြန်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

“သူတို့ကို ကျွန်တော်တို့ တရားဝင်ဖိတ်တာပါ။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အားလုံးအားကစားရွာမှာ တည်းဖို့သဘောတူထားပါတယ်။ သူတို့အဖွဲ့က အားကစားရွာမှာ မတည်းဘဲ ဟိုတယ်မှာတည်းတော့ ဝင်ခွင့်လည်ဆွဲတွေကို ဝန်ထမ်းတွေက ဘယ်မှာပေးရမလဲ မသိဖြစ်နေတယ်။ မနက်ပိုင်း သူတို့လာတော့ ဒီမှာရှိတဲ့သူတွေက ညနေအစားထိုးလဲပေးပါမယ်ဆိုပြီး လေ့လာသူကတ်တွေ ယာယီထုတ်ပေးပါတယ်။ ဝန်ထမ်းတွေက ဘယ်သူက ဘာလည်ဆွဲ ဆွဲတယ်ဆိုတာ သာကြည့်ပြီးတော့ ဆောင်ရွက်တော့ “၀”ညီနောင်တွေက ခွဲခြားဆက်ဆံခြင်း ဆိုတဲ့ ခံစားချက်မျိုးထားပြီး ပြန်သွား တာပါ။ ကျွန်တော်တို့ ကျင်းပရေးကော်မတီက သိတဲ့အခါအတတ်နိုင်ဆုံး လိုက်ပြီး ဆောင်ရွက်ပါတယ်။ နိုင်ငံရေးအရ၊လူမျိုးရေးအရ၊ အဖွဲ့အစည်းအရခွဲခြားခြင်း လုံးဝမရှိပါဘူး။ စေတနာ့ဝန်ထမ်းတွေ ဆောင်ရွက်တာ နည်းပညာကြောင့်သာဖြစ်ပါတယ်။ မိုင်းလားအဖွဲ့ကိုလည်း ညနေမှာ လည်ဆွဲတွေ သွားရောက်ပေးခဲ့ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

 

“၀”အဖွဲ့မှ တင်သွင်းလာသည့် မူနှင့် မူဝါဒဆိုင်ရာစာအုပ်အား လက်ခံရရှိထားပြီးဖြစ်ပြီး ညီလာခံနှင့် သက်ဆိုင်သည့် ကော်မတီကိုအပ်နှံပြီးပါက ညီလာခံသို့ ဆွေးနွေးတင်သွင်းလာသည့် အခြားစာတမ်းများကဲ့သို့ပင် မှတ်တမ်းထားရှိ၍ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“၀”အဖွဲ့ UWSA ကို မေတ္တာရပ်ခံချင်တာက နောက်နောင် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဖြစ်နိုင်ရင် တာဝန်ရှိတဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ အနည်းဆုံး ဗဟိုကော်မတီအဆင့်လောက် လွှတ်ပေးရင် ဆက်ဆံတဲ့နေရာမှာ ပိုပြီးချောမွေ့လွယ်ကူမယ်လို့ ကျွန်တော်တစ်ဦးတည်းအနေနဲ့ စဉ်းစားမိပါတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေသာဆို ဒီလိုကိစ္စမျိုး ချက်ချင်းဖြေရှင်းနိုင်မှာပါ။ လာတဲ့ ခေါင်းဆောင်တွေက ဆက်ဆံရေးရုံး တာဝန်ခံအဆင့်လောက်ဆိုတော့ အဝေးကနေရုံးချုပ်ကို သူတို့ ပြန်လည်ဆက်သွယ်တဲ့အခါ အခက်အခဲရှိပါတယ်”ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယနေ့ အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းအသီးသီး၏ မူနှင့်မူဝါဒဆိုင်ရာများ ကို ဆက်လက်တင်သွင်းသွားမည်ဖြစ်သည်။

 

 

 

 

 

 

 

Related Articles