ငြိမ်းချမ်းရေးဆိုတာ အစိုးရတစ်ဖွဲ့တည်းရဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး နိုင်ငံတော်ရဲ့လုပ်ငန်းစဉ်ပါ

ငြိမ်းချမ်းရေးဆိုတာ အစိုးရတစ်ဖွဲ့တည်းရဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး နိုင်ငံတော်ရဲ့လုပ်ငန်းစဉ်ပါ

Wed, 04/27/2016 - 12:19
Posted in:
0 comments

နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ခိုင်မာအားကောင်းစေရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) တို့သည် ဧပြီ ၂၇ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် (JMC-U) အဖွဲ့ဝင်များ၏ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် စပ်လျဉ်းသည့် သဘောထားအမြင်များကို ဖော်ပြအပ်ပါသည် -

(JMC-U) ဒုတိယဥက္ကဋ္ဌ (၁) စောအိုင်းဇက်ဖိုး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်

လောလောဆယ်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသွားခဲ့ သလို တိုင်းပြည်မှာ ငြိမ်းချမ်းရေး အမှန်တကယ် လိုအပ်ပါတယ်။ ငြိမ်းချမ်းရေး အမှန်တကယ် ရရှိလာဖို့ အတွက်လည်း အကောင်အထည်ဖော်သွားပါမယ်။

 

အခုလောလောဆယ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့ ရှစ်ဖွဲ့ရှိပါတယ်။ ဒီအဖွဲ့ရှစ်ဖွဲ့နဲ့လည်း မပြီးသေးပါဘူး။ ဒါပေမယ့် အခုရှိပြီးသားနဲ့ ဆက်လုပ်သွားမယ်။ အဲဒီကနေပြီး အောင်မြင်မှုတွေ ရလာရင် အခြားအဖွဲ့အစည်း တွေအနေနဲ့လည်း သူတို့အတွက် အာမခံချက်တွေရှိတယ်။ ဒါတွေကို မြင်လာမယ် ဆိုရင် အခြားအဖွဲ့အစည်းတွေလည်း ပါဝင်လာနိုင်မှာပါ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တစ်နေရာတည်း၊ တစ်ထောင့်တည်းမှာ ငြိမ်းချမ်းရေး ရလို့လည်းမပြီးပါဘူး။ နေရာတစ်နေရာမှာ အပစ်အခတ်တွေ ရှိနေသေးမယ် ဆိုရင် ဒါငြိမ်းချမ်းရေး တစ်ပြည်လုံးမှာရတယ်လို့ မပြောနိုင်ပါဘူး။

 

အခုပဲလက်မှတ်ထိုး၊ အခုပဲပျက်သွားတာမျိုး မဖြစ်ဖို့၊ အဲဒါကိုခိုင်မာအောင် ဆက်လက်ပြီး တည်ဆောက် သွားဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထပ်လောင်းပြောကြားသွားပါတယ်။ ကျွန်တော်တို့ အချင်းချင်း အောက်ခြေမှာပဲ ဖြစ်ဖြစ်၊ အပေါ်မှာပဲဖြစ်ဖြစ် အချင်းချင်းရဲ့ ဆက်ဆံမှုများလာမယ်။ နားလည်မှုတွေ တည်ဆောက်မှုများလာမယ်။ နောက်ပြီး ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာကလည်း အဲဒီကနေပဲ လာမှာပါ။ အဲဒီကနေတစ်ဆင့် ခိုင်မာသထက် ခိုင်မာအောင် လုပ်ဆောင်နိုင်မှာပါ။ အဓိကကတော့ ယုံကြည်မှုပါပဲ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုကအဓိကပါ။

 

(JMC-U) အတွင်းရေးမှူး ဒေါက်တာရွှေခါး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်

မကြာမီမှာ ငြိမ်းချမ်းရေးညီလာခံလုပ်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ချင်တယ်ဆိုပြီး ပြောပါတယ်။ ပြောတာက ၂၁ ရာစုပင်လုံညီလာခံဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ချင်တယ်။ အရင်တုန်းကအစိုးရကို နည်းပညာ ဆိုင်ရာအရ အထောက်အကူပေးနေတာက MPC ဖြစ်တယ်။ ဒါကိုသူက ငြိမ်းချမ်းရေး တစ်ခုတည်း အတွက် မဟုတ်ဘဲနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကိုလည်း ဖြစ်စေချင်တယ်။ အဲဒါကြောင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးစင်တာဆိုတဲ့ ပုံစံလုပ်ချင်တယ်လို့ ဆိုပါတယ်။

 

MPC ကိုနာမည်ကအစ ဘယ်လိုပေးရမလဲဆိုတာပါ တယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံပဲ ခေါ်ခေါ်၊ ၂၁ ရာစုပင်လုံညီလာခံပဲခေါ်ခေါ် ဒါတွေကျင်းပဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မေ ၁ဝ ရက် လောက်မှာ အစိုးရဘက်ရော၊ JMC ဘက်ရော၊ UPDJC အပါအဝင် အစည်းအဝေးထိုင်ဖို့ အကြမ်းဖျင်းက လူ ၁ဝ ယောက်၊ ၁၅ ယောက်လောက်နဲ့ သဘောတူခဲ့ပါတယ်။

 

တစ်ဖက်ကလည်း အားလုံးပါဝင်နိုင်ရေးကို အာရုံစိုက် ပြီးပြောပါတယ်။ ဒါပေမယ့် ပါဝင်သင့် ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ် တွေပါဖို့က အရေးကြီးသလို သူတို့မပါတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေး မလုပ်ရဘူး ဆိုတာလည်း မဖြစ်သင့်ပါဘူး။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သူကိုယ်တိုင်ဦးဆောင်ဖို့ ပြောပါတယ်။ ဆက်သွယ်ရေး၊ ဆက်ဆံရေးဆိုတာလည်း လုပ်ဖို့လိုပါတယ်။

 

(JMC-U) အဖွဲ့ဝင် ဦးကိုကိုကြီး

အရပ်သားကိုယ်စားလှယ်

ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံရဲ့ အခြေခံကျတဲ့ ပြဿနာအကြောင်းအရင်းတစ်ခု ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တာဝန်ယူပြီးဆောင်ရွက်တဲ့အခါမှာ ဒေါက်တာတင်မျိုးဝင်းကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေမှာ ဆက်သွယ်ရေးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အဓိကက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်တဲ့ တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်လာတဲ့ကိစ္စတွေကို သူကနေတစ်ဆင့် ဆောင်ရွက်သွားဖို့ ဆက်သွယ်ရမယ့် ပုဂ္ဂိုလ်အဖြစ် ကျွန်တော်တို့ကို မိတ်ဆက်ပေးသွားပါတယ်။

 

ကျန်တာက ငြိမ်းချမ်းရေးစင်တာကို ပြန်လည်ဖွဲ့စည်း ဖို့နဲ့ ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ ကိစ္စတွေကို ဆက်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်။ ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ ကျွန်တော်တို့ အချိန်ကာလ မသတ်မှတ်ရသေးပါဘူး။ အဲဒီအတွက် လိုအပ်တဲ့ ပြင်ဆင်ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။

JMC ရဲ့ သဘာဝက အထူးသဖြင့် စစ်ဘက်ဆိုင်ရာ ကိစ္စတွေကို ပိုပြီးအာရုံစိုက်ပါတယ်။ အပစ်အခတ် ရပ်စဲရေး ကို စောင့်ကြည့်ဖို့ဖြစ်တဲ့အတွက် နှစ်ဖက်တပ်တွေရဲ့ တည်နေရာတွေ ချိုးဖောက်မှုရှိ၊ မရှိကို စစ်ဆေးဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးတွဲကော်မတီ (UPDJC) ရှိပါတယ်။ UPDJC က နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်တဲ့အခါမှာ JMC က လက်မှတ်မထိုးနိုင်သေးတဲ့ အဖွဲ့တွေပါဝင်လာဖို့အတွက်ကို ကျွန်တော်တို့တတ်နိုင်တဲ့နည်းနဲ့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ကျွန်တော်တို့အားလုံးက ဆန္ဒပြုပါတယ်။

 

ငြိမ်းချမ်းရေးဆိုတာ အစိုးရတစ်ဖွဲ့တည်းရဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး နိုင်ငံတော်ရဲ့လုပ်ငန်းစဉ်ပါ။ ဆိုလိုတာက အစိုးရပြောင်းသွားလဲ ငြိမ်းချမ်းရေး အောင်မြင်ဖြစ်ထွန်းသည်အထိ ဆက်ပြီး သယ်ဆောင် သွားရမှာ ဖြစ်ပါတယ်။ အရင်အစိုးရလက်ထက်က အစပျိုးနိုင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ယခုအစိုးရက ဆက်လက်သယ်ဆောင်သွားဖို့ ဖြစ်ပါတယ်။

 

 

 

 

 

 

 

Related Articles