တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ညီညွတ်မှု၊ သဘောထားကြီးမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ငြိမ်းချမ်းရေးရနိုင်မယ်

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ညီညွတ်မှု၊ သဘောထားကြီးမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ငြိမ်းချမ်းရေးရနိုင်မယ်

Sat, 05/27/2017 - 08:00
Posted in:
0 comments

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ညီညွတ်မှု၊ သဘောထားကြီးမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ငြိမ်းချမ်းရေးရနိုင်မယ်
==============================================
နေပြည်တော် မေ ၂၆
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် အခြေခံမူများ ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ စသည်တို့မှ ကိုယ်စားလှယ်များ က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်း အဝေး တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍများကို ဆွေးနွေးမေးမြန်းအကြံပြုမှုများ လုပ်ဆောင်လျက်ရှိရာ ယင်းသို့ကဏ္ဍအလိုက် ဆွေးနွေးမှုများနှင့် ရရှိလာမည့်ရလဒ်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသူ တချို့ကို မေးမြန်းဖြစ်ခဲ့သည်။
စိုင်းအိုက်ပေါင်း(ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ)
=========================================
ဒီကနေ့ ဆွေးနွေးတဲ့နိုင်ငံရေးကဏ္ဍမှာ ကျွန်တော်က ဦးဆောင်သဘာပတိ တာဝန်ယူ ရပါတယ်။ နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲမှာ အဓိကအချက် ၂၁ ချက်ရှိပါတယ်။ အဲဒီ ၂၁ ချက်ကို အစိုးရနဲ့ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေး ပါတီအစုအဖွဲ့ စတဲ့ အစုအဖွဲ့အသီးသီးရဲ့ အမြင်တွေ တင်ပြကြပါတယ်။ တင်ပြတဲ့အချက် တွေကို အတွင်းရေးမှူးအဖွဲ့ကနေစုစည်းပါတယ်။ ဆုံးဖြတ်ချက်ချတာ မရှိသေးပါဘူး။ အစုအဖွဲ့လိုက် ပြန်လည်ဆွေးနွေး ဦးမှာပါ။ ဘာပဲပြောပြော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ကိုသွားမယ်ဆိုတဲ့ လမ်းကြောင်း ပေါ်တော့ ရောက်နေပါပြီ။ အဲဒီမှာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ တန်းတူရည်တူအခွင့်အရေး၊ ဖက်ဒရယ်စနစ်ဆိုတာတွေတော့ ရုပ်လုံး ပေါ်လာပါပြီ။ အခုလောလောဆယ်တော့ စကားလုံးရဲ့ အဓိပ္ပာယ်သက်ရောက်မှုတွေ ကိုပဲ ဆွေးနွေးနေပါတယ်။ တပ်မတော်ဘက်က ခွဲမထွက်ရဆိုတဲ့ စကားလုံးကို ထည့်ချင်တယ်။ ကျန်တဲ့အစုအဖွဲ့တွေက ခွဲမထွက်ရဆိုတဲ့ စကားလုံးကို ပျော့ပျော့ပျောင်းပျောင်း သုံးချင် တယ်။ ဥပမာ အတူတကွငြိမ်းချမ်းစွာ ရာသက်ပန် စုပေါင်းနေထိုင်ရေးဆိုတာမျိုး သုံးချင်တယ်။ အတူတူပဲလေ ခွဲမထွက်တာပဲ။ ခွဲမထွက်တဲ့ပုံစံတင်ပြကြတာ သုံးချက်လောက် ရှိတယ်။ အခုမှစဆွေးနွေးတာဆိုတာ တချို့က အတို့အထိမခံနိုင်ဘူးဖြစ်နေတာတော့ရှိတာ ပေါ့။ နောက်ပိုင်း ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ယုံကြည်မှုရှိလာပြီး အဆင်ပြေသွားမှာပါ။ ကျွန်တော်က ၉၃ ကနေ ၉၆ အထိ အမျိုးသား ညီလာခံကို တက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက လုပ်တဲ့ညီလာခံနဲ့ ဒီညီလာခံ ပုံစံမတူပါဘူး။ အဲဒီတုန်းက လုံးဝအထိမခံဘူး။ ကျွန်တော်တို့ တင်တဲ့စာတမ်းတွေကို အရင်ဆုံး၏သည် မရွေးပါမကျန် အကုန်လုံးတည်းဖြတ်ပစ်တယ်။ အခုဒီမှာ အဲတာမျိုးတွေမရှိဘူး။ ဒီမိုကရေစီ အပြည့်အဝရှိတယ်။ အဲဒီတစ်ချက်တော့ လုံးဝကွာတယ်။ အဲဒီတုန်းက ဖက်ဒရယ်ဆိုတဲ့ စကားမပြောနဲ့ ဖက်ဒရယ်ဆို ထောင်ထဲသွားပဲ။ အဲဒီတုန်းက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ပြောလို့ မရဘူး။ အခုတော့ အားလုံးကတိုင်းရင်းသား တွေရဲ့ခံစားချက်ကို သိလာပါပြီ။ ပြည်မမှာ ရှိတဲ့ ပါတီတွေက သဘောပေါက်လာတယ်။ တပ်မတော်ဘက်ကလည်း နားလည်လာတယ်။ ဖက်ဒရယ်စနစ်ကို မသွားရင်မရဘူးဆိုတာ သိလာကြပါပြီ။
ဒေါ်နမ့်ခင်အေးဦး (ကရင်ပြည်သူ့ပါတီတွဲဖက်အတွင်းရေးမှူး)
======================================
စီးပွားရေးကဏ္ဍမှာတော့ ဒီနေ့မှာ သက်ဆိုင်ရာပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရနဲ့ ဒေသန္တရအစိုးရတွေက ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Business Plan ဆွဲဖို့၊ အဲဒီအစိုးရတွေက ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ မှာရှိတဲ့ အစိုးရတွေက ပြည်နယ်ရဲ့ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးတော့ ဆွဲဆောင်မှုရှိအောင်နဲ့ မြင့်မားလာစေဖို့ အတွက် ဆွဲဆောင်မှုရှိတဲ့ ဥပဒေတွေ၊ လုပ်ထုံး လုပ်နည်းတွေကို ရေးဆွဲဖို့ ဆိုပြီးတော့ နှစ်ချက်ကို ဆွေးနွေးပါတယ်။ ဒေသန္တရ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဗဟိုအစိုးရတွေနဲ့ ပြည်နယ် အစိုးရတွေ ဘယ်လိုရှေ့ဆက်ပြီး လုပ်ကိုင် ကြမလဲဆိုတာ Business Plan ဆွဲဖို့ အဓိက ဆွေးနွေးတာဖြစ်ပါတယ်။ မူဝါဒအပေါ်မှာပဲ ဆွေးနွေးကြတယ်၊ တင်ပြကြတယ်။ ရလဒ်ပိုင်း ကတော့ကောင်းပါတယ်။ ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရ၊ ဗဟိုအစိုးရတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာကို အဓိကဆွေးနွေးပါတယ်။ တစ်ခါတစ်ရံမှာ ပြည်ထောင်စုအစိုးရကပဲဖြစ်ဖြစ်၊ ပြည်နယ် အစိုးရကပဲဖြစ်ဖြစ် လုပ်ပိုင်ခွင့်တွေပေးလိုက် ပေမယ့် ဒေသမှာ ရှိတဲ့ ဒေသခံတွေရဲ့ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုတွေရှိတဲ့အခါ သဘောမတူတဲ့အခါမှာ လုပ်လို့မရတာလည်း ရှိတာပေါ့။ အစိုးရပိုင်းကလည်း ဒေသခံလူထုနဲ့ ဆွေးနွေးပြီး သဘောတူညီမှသာ အစိုးရက ချမှတ်ပေးတယ်။ စီးပွားရေးကဏ္ဍနဲ့ ပတ်သက်ပြီး မူဝါဒကို အရင်ချမှတ်မယ်။ ဒါပေမယ့် မူဝါဒတွေကို ဘယ်လောက်ပဲ သဘောတူတူ တကယ့်လက်တွေ့လုပ်တဲ့ အခါမှာ အငြင်းအခုံဖြစ်ရတာတွေ၊ တချို့ ကုမ္ပဏီကြီးတွေက လက်တစ်လုံးခြားလုပ်တတ် တာလေးတွေရှိတယ်။ အဲဒါဟာ လက်တွေ့ လုပ်တဲ့အခါမှာ တကယ်အရေးကြီးတယ်။ ဒီမှာ ဆွေးနွေးကြတာလည်း အမြင်မတူတာ တွေ သိပ်မရှိပါဘူး။ အများစုကတော့ သဘော တူကြပါတယ်။
ဦးဂျင်မီ(၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
=======================================
လူမှုရေးကဏ္ဍမှာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စာချုပ်အပေါ်မှာ အခြေခံ ထားတဲ့ အခြေခံမူလေးချက်ရှိပါတယ်။ အဲဒီ အခြေခံမူလေးချက်နဲ့ပဲ တက်ရောက်လာသူ တွေက ဘယ်ဟာတော့သဘောတူတယ်၊ ဘယ်ဟာတော့သဘောမတူဘူး၊ ဘယ်ဟာ တော့ပြင်သင့်တယ်၊ ဘယ်ဟာတော့မပြင်သင့် ဘူးဆိုတာတွေ ဆွေးနွေးကြပါတယ်။ အဲဒီ လေးချက်ထဲမှာ ဒုက္ခသည်တွေရဲ့အကြောင်း၊ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်တွေအကြောင်း၊ စစ်အတွင်းမှာ မသန်စွမ်းတွေ၊ သက်ကြီး ရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ အမျိုးသမီး တွေ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတွေ ပါဝင်ပါတယ်။ အားလုံးကတော့ အခြေခံ မူလေးချက်ကို မငြင်းကြဘူး။ မူအရတော့ ဒီလေးချက်လုံးကို သဘောတူတယ်။ စကားလုံး ရွေးချယ်မှုနဲ့ လူမှုရေးနဲ့ ပတ်သက်တဲ့ စိုးရိမ် သောကတွေ၊ တိုင်းရင်းသားတွေရဲ့ စိုးရိမ် ပူပန်မှုတွေရှိတယ်။ အဲဒါတွေကို ညှိနှိုင်းအဖြေ တစ်ခုထုတ်ပြီးတော့မှ ပြင်သင့်တာပြင်၊ ဖြည့်စွက် သင့်တာဖြည့်စွက်လုပ်တယ်။ ဒီညီလာခံဟာ အင်မတန်မှ အရေးပါတဲ့ညီလာခံကြီး၊ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ဒီညီလာခံ ဟာ နှစ်ပေါင်းများစွာ မျှော်လင့်ထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအစည်း အဝေးကြီးပဲ။ အဲဒီအစည်းအဝေးကြီးကနေ တစ်မျိုးသားလုံး လိုက်ပါလာလိမ့်မယ်ဖြစ်တဲ့ အတွက် ချမှတ်တဲ့အစီအစဉ်တွေ၊ ဆောင်ရွက် မယ့်ကိစ္စတွေဟာ တကယ်တမ်းလက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်တဲ့အခါ မှာလည်း အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါ တယ်။
ဒေါက်တာအေးမောင်
=============
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုတဲ့ ကဏ္ဍကြီးငါးခုမှာ နိုင်ငံရေးနဲ့ လုံခြုံရေးက အင်မတန်အရေးကြီးတယ်။ နိုင်ငံရေးအရ ပြေလည်မှုရရင် လုံခြုံရေးလည်းပြေလည်သွား နိုင်သလို လုံခြုံရေးအရ ပြေလည် သွားရင် နိုင်ငံရေးလည်းပြေလည်သွားနိုင်တယ်။ အဲဒါဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ် မှာ အဓိကလို့တောင်ပြောလို့ရတဲ့အနေအထားမှာရှိနေတယ်။ လုံခြုံ ရေးဆိုတာ အတို့အထိမခံနိုင်ဘူး။ NCA စာချုပ်ချုပ်ဖို့ ဖြစ်လာတာကိုက တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ ငြိမ်းချမ်းရေးကိုလိုချင်လို့ ချုပ်လာတဲ့ စာချုပ်ဖြစ်တယ်။ ဖြစ်စဉ်အားလုံးရဲ့အဓိက ပင်ရင်းသည် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ညီညွတ်မှု၊ သဘောထားကြီးမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ငြိမ်းချမ်းရေးရအောင်သွားလိုမှုနဲ့ တိုက်ရိုက် ပတ်သက်နေတယ်။ အဲဒီအခါမှာ(၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို လုံခြုံရေးကဏ္ဍ တင်ဖို့မတင်ဖို့တောင်မှ UPDJC အတွင်း ရေးမှူးအဖွဲ့က စဉ်းစားပေးကြတယ်လို့သိရပါ တယ်။ အခုလက်ရှိက မူကိုဆွေးနွေးဖို့ လမ်းဖွင့်ပေးနေဆဲဖြစ်တယ်။ မူဆိုတာ တစ်ခုတည်းသော တပ်မတော်ဆိုတဲ့အနေ အထားလေးကို မူအားဖြင့် သဘောတူတဲ့အနေ အထားမှာတော့ရှိတယ်။ ဘယ်လိုအတည်ပြု သတ်မှတ်မှာလဲဆိုတဲ့အပိုင်းက ဆွေးနွေးလို့ မပြီးသေးဘူး။
ဦးထွန်းထွန်းဟိန် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
==================================
ပြီးခဲ့တဲ့ကာလတွေမှာ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ ခုနစ်နေရာလုပ်ပြီးပြီပါပြီ။ အဲဒီမှာဆွေးနွေးခဲ့တဲ့ အချက်တွေကိုပဲ ဒီမှာ ဆွေးနွေးနေတာပါ။ အဲဒီမှာ အောက်ကတက် လာတဲ့ ဆွေးနွေးချက်ပေါင်း ၅၂၈ ခုရှိပါတယ်။ အဲဒီ ၅၂၈ ခုကို UPDJC ကနေဖွဲ့ထားတဲ့ လုပ်ငန်းကော်မတီတွေရှိပါတယ်။ အဲဒီ လုပ်ငန်းကော်မတီတွေထဲမှာ မြေယာနဲ့သဘာဝ ပတ်ဝန်းကျင်ကော်မတီဆိုတာပါတယ်။ အဲဒီ ကော်မတီက ဆွေးနွေးချက် ၅၂၈ ခုကို သဘောသဘာဝ တူရာတူရာတွေကို စုစည်း တယ်။ မတူတဲ့ဟာတွေကို သီးသန့်ခွဲထားတယ် ရရှိလာတဲ့အချက်တွေကို UPDJC ကို ပြန်လည်တင်ပြတယ်။ UPDJC အစည်း အဝေးကနေ သတ်မှတ်ပေးလိုက်တဲ့အချက် ခြောက်ချက်ထွက်လာတယ်။ အဲဒီအချက် ခြောက်ချက်ကိုပဲ မနေ့ကလည်းဆွေးနွေးတယ် ဒီနေ့လည်း ဆွေးနွေးတယ်။ အဓိကကတော့ ပွင့်လင်းရမယ်၊ ရှင်းလင်းတဲ့ မူဝါဒဖြစ်ရပါမယ်။ ဒေသခံတောင်သူလယ်သမားကို အကျိုးပြုနိုင် မယ့်အချက်တွေပါရမယ်။ အခုလောလော ဆယ်တော့ စကားလုံးအသုံးအနှုန်း ဝေါဟာရ အတိမ်အနက်တွေပေါ်မှာပဲ အမြင်ချင်းဖလှယ် ဆွေးနွေးနေကြပါတယ်။ ငြိမ်းချမ်းရေးဆိုတော့ တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို လိုချင်တာပါ။ လိုချင်တဲ့အချက်အလက်တွေကို စုစည်းပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မှာ တင်ပြသွားရမှာဖြစ်ပါတယ်။ အခက်ဆုံး အပိုင်းကတော့ စုစည်းပြီး ဘယ်လိုတင်ပြမလဲ ဆိုတာပါပဲ။
အေဝမ်းစိုး၊ နိုင်လင်းကြည်

Related Articles