ငြိမ်းချမ်းရေးအတွက် အားလုံးကြိုးပမ်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင် တစ်ရက်ရက်တော့ ငြိမ်းချမ်းလာမှာပါ 

ငြိမ်းချမ်းရေးအတွက် အားလုံးကြိုးပမ်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင် တစ်ရက်ရက်တော့ ငြိမ်းချမ်းလာမှာပါ 

Sat, 05/27/2017 - 07:55
Posted in:
0 comments

မြောက်ပိုင်းအဖွဲ့များ အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံသို့ တက်ရောက်ခြင်း သည် တိုက်ပွဲများ ရပ်စဲရန်အတွက် ယုံကြည်မှုဖြင့် စတင်၍ ခြေလှမ်းခြင်းဖြစ် ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် သွားရောက်တွေ့ဆုံခဲ့သည့် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အတွင်းရေးမှူး တာပန်လှက မီဒီယာများအား ပြောကြားသည်။
ထိုးစစ်တွေရုပ်သိမ်းဖို့လို
တာပန်လှက “အခု ဒီကိုရောက်ရှိ လာတာကဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်စဲ နိုင်ဖို့ ကျွန်တော်တို့ဘက်ကယုံယုံကြည် ကြည်နဲ့ စတင်ပြီးတော့ ခြေလှမ်း လှမ်း တယ်လို့ ပြောရမှာဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲလုပ်နေတဲ့ တစ်ပြိုင်တည်းမှာ မြေပြင်မှာလည်း ထိုးစစ်တွေရုပ်သိမ်းဖို့ လိုတယ်”ဟု ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) သို့ တက်ရောက်လာသည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ/ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/ UWSA)၊ အမျိုးသားဒီမိုက ရေစီမဟာမိတ်တပ်မတော် (NDAA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင် လွတ်မြောက်ရေးတပ်မတော် (KIO/ KIA) ၊ ရှမ်းပြည်တိုး တက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/ SSA) အဖွဲ့များနှင့် ယနေ့မွန်းလွဲပိုင်းတွင် လည်းကောင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာ မိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော်(AA)တို့ကို ယနေ့ မွန်းလွဲ ပိုင်းတွင် နေအိမ်၌ သီးခြားစီဖိတ်ခေါ် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲအပြီးတွင် “ဝ” ပြည်နယ်ပြင်ပဆက်ဆံရေးဌာန အကြီး အကဲ ကျောက်ကော့အန်းက သတင်း မီဒီယာများနှင့် တွေ့ဆုံခဲ့သည်။
ရင်းနှီးအောင် တွေ့ဆုံ
ကျောက်ကော့အန်းက”ကျွန်တော် တို့ဘာမှ မဆွေးနွေးဘူး။ အဓိက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင် တွေ့ဆုံတာပါ။ ဒါပေမယ့် သူပြောတဲ့ NCA နဲ့ ကျွန်တော်တို့ ပြန်ပြင်ထားတဲ့ ဟာနဲ့ မတူဘူးပေါ့။ ကျွန်တော်တို့က အရင် NCA နဲ့တော့ထိုးမှာမဟုတ်ဘူး။
ကျွန်တော်တို့ ပြန်ပြင်ဆင်မှပဲထိုးမယ်။ ဒီတစ်ခေါက် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ကို သွားတဲ့အချိန်က One Belt, One Road ပေါ်လစီကို တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးဖြစ်တယ်။
ကြားထဲမှာ သူတို့ သဘောတူညီထားတာ လည်းရှိရင်ရှိမယ်။ အဲ့ဒါကြောင့် တရုတ် ပြည်က ကျွန်တော်တို့ကို တိုက်တွန်းပြီးတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ် ရောက်အောင် သူတို့ရဲ့အကျိုး၊ မြန်မာ ပြည်ရဲ့အကျိုး၊ နှစ်ဖက်အကျိုးအတွက်သူတို့က အားသွန်ခွန်စိုက်နဲ့ ပြောပြီးမှ မြန်မာနိ်ုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ထဲကို ပါဝင်နိုင်အောင်ပါ။
တပ်ဘက်နဲ့ ကျွန်တော်တို့ UWSA နဲ့ကအဆင်ပြေပါတယ်။ ကျွန်တော်ထင် တာကတော့ တွေ့မယ်လို့ မထင်တော့ပါ ဘူး၊ သိပ်မထူးဆန်းပါဘူး။ သူ့ဘက် သူ့ရပ်တည်ချက်နဲ့ ကိုယ့်ရပ်တည်ချက် ရှိမှာပါ။ ဒါညှိယူရမှာပေါ့နော်။ အားလုံး တကယ်ပဲ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ချင် တယ်။ ငြိမ်းချမ်းရေးအတွက် အားလုံး ကြိုးပမ်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင် တစ်ရက်ရက်တော့ ငြိမ်းချမ်းလာမှာပါလို့ ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်” ဟု ပြောကြားသည်။
ရှေ့ဆက်လှမ်းနိုင်ရန် ဆွေးနွေးခဲ့
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြား မှုကြောင့် သွားရောက်တွေ့ဆုံခဲ့ရာတွင် ယခုရှိနေသည့် အနေအထားမှ နေ၍ ရှေ့ဆက်လှမ်းနိုင်ရန် ဆွေးနွေးခဲ့ပြီး (၂၁) ရာစုပင်လုံညီလာခံဖွင့်ပွဲသို့ တက်ရောက်ခဲ့သည့်အတွက် ကြိုဆိုဧည့်ခံခြင်း ဖြစ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အတွင်းရေးမှူး တာပန်လှက ပြောကြား သည်။
TNLAအတွင်းရေးမှူး တာပန်လှ က““အကျိုးရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အထူးသဖြင့် ကျွန်တော်တို့ PSLF/ TNLA နဲ့ပဲဖြစ်ဖြစ်၊ မြောက်ပိုင်း က အဖွဲ့တွေနဲ့ပဲဖြစ်ဖြစ် လအတန်ကြာ ပိတ်ဆို့နေတဲ့ တွေ့ဆုံဆွေး နွေးမှုက တာဝန်ရှိတဲ့သူအချင်းချင်း တွေ့ဆုံနိုင်ဖို့ အထူးသဖြင့် အစိုးရဘက်ကတွေ့ဆုံနိုင်ဖို့ က လမ်းကြောင်း မဖြစ်ပေါ်ခဲ့ဘူး။ အခု ဒါလမ်းကြောင်း စတင်ဖြစ်ပေါ်လာခဲ့ပြီး ဆက်သွားနိုင်ဖို့ကို ကျွန်တော်တို့ဘက် က မျှော်မှန်းပါတယ်။ နောက်ပိုင်းတွေ့ဆုံ ဖို့ အများကြီးဆက်လက်ဆွေးနွေးရဦးမယ်”ဟု ပြောသည်။
သတင်း-ရဲခေါင်ညွန့်
ဓာတ်ပုံ-မိုင်းအနိုင်
 

Related Articles