BETA : Zawgyi | English

NCA စာချုပ်သည် NCA လက်မှတ်မရေးထိုးထားသည့်အဖွဲ့များ ပါဝင်နိုင်ရေးအတွက်လည်း လမ်းဖွင့်ထား

NCA စာချုပ်သည် NCA လက်မှတ်မရေးထိုးထားသည့်အဖွဲ့များ ပါဝင်နိုင်ရေးအတွက်လည်း လမ်းဖွင့်ထား

Sun, 05/28/2017 - 09:58
Posted in:
0 comments

နေပြည်တော် မေ ၂၇

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ စတင်တင်သွင်းခဲ့သည့် စာချုပ်မူကြမ်းကို အခြေခံထားခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် ''ဝ'' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သုံးဖွဲ့မှလွဲ၍ အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးပါဝင်ကြောင်း ဦးလှမောင်ရွှေက ပြောသည်။

ယနေ့နံနက်ပိုင်းက နေပြည်တော် MICC- II ၌ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) စတုတ္ထနေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အတွင်းရေးမှူးအဖွဲ့ဝင်များ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးလှမောင်ရွှေက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

''NCAစာချုပ်မူကြမ်းဆိုတာ တိုင်းရင်းသားတွေယူလာတာ။ အစိုးရနဲ့ တပ်မတော်ရေးဆွဲခဲ့တာ မဟုတ်ဘူး။ ''ဝ''၊ မိုင်းလားနဲ့ RCSS က လွဲရင် အကုန်ပါတယ်။ တိုင်းရင်းသားတွေ ယူလာတာကိုပဲ ဆွေးနွေးခဲ့တာ။ ''ဝ''၊ မိုင်းလားနဲ့ RCSS မပါပေမယ့် တကယ်လက်မှတ်ထိုးတော့ NCA စာချုပ်ကို RCSS က ထိုးလိုက်တယ်။ ဒါကြောင့် NCA တိုးတက်မှုမရှိဘူး၊ ရှိတယ်ဆိုတာ ပြန်စဉ်းစားရမယ်။ NCA သဘောတူစာချုပ်အတိုင်းသွားနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရော၊ ကာကွယ်ရေးဦးစီးချုပ်ရော ဒီအတိုင်းဆက်သွားတဲ့အတွက် NCA ထီးရိပ်ဟာ အားလုံးကို လွှမ်းခြုံတယ်လို့ ပြောလို့ရတယ်'' ဟု ဦးလှမောင်ရွှေက ပြောသည်။

လက်ရှိ ညီလာခံတွင်ဆွေးနွေးလျက်ရှိသည့် နိုင်ငံရေးကဏ္ဍတွင် ပါဝင်သည့် အချက်များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစုများ ၂ဝဝ၅ ခုနှစ် ကတည်းက သဘောတူညီထားသည့် အချက်များသာ ပါဝင်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

''နိုင်ငံရေးကဏ္ဍနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့တင်ပြနေတာတွေ က အသစ်တစ်ခုမှ မဟုတ်ဘူး။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ၂ဝဝ၅ ခုနှစ် သဘောတူညီခဲ့တဲ့ သဘောတူညီချက်တွေကို ဒီမှာလာပြီးတင်ပြတာ ဖြစ်ပါတယ်။ အခြေအနေပြောင်းလဲနေတဲ့အပေါ်မှာ ကျွန်တော်တို့ ၂ဝ၁၆ မိုင်ဂျာယန်ညီလာခံမှာ ပြန်ပြီးတော့ ပြင်တယ်။ ၂ဝ၁၇ ဧပြီလမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ညီလာခံတစ်ခုလုပ်တယ်။ အဲဒီထိပ်သီးညီလာခံမှာ နောက်ထပ်တစ်ခါတင်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါကြောင့် မူအားဖြင့်တော့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေကသာ လက်ခံတဲ့မူမဟုတ်ဘဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တစိုက်မတ်မတ် ကိုင်စွဲလာတဲ့မူကို တင်ပြတာဖြစ်တယ်။ ဒါကြောင့် လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေ နောက်နောင်လက်မှတ် ထိုးရင်လည်း အဆင်ပြေပါလိမ့်မယ်။ အားလုံးလက်ခံပြီးသားဖြစ်တယ်လို့ ခံယူပါတယ်''ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က NCA စာချုပ်သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ခိုင်မာသည့် မူဝါဒတစ်ခုဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့များ ပါဝင်နိုင်ရေးအတွက်လည်း လမ်းဖွင့်ထားသည့် အရာတစ်ခုဖြစ်ကြောင်း သတင်းမီဒီယာများအား ဖြေကြားသည်။

ဦးဇော်ဌေးက ''အပစ်ရပ်စာချုပ်တွေ အမျိုးမျိုးချုပ်ခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတယ်။ မပျက်စီးအောင်ဆိုတဲ့ စဉ်းစားချက်က NCA မှာပါတယ်။ NCA လက်မှတ် ထိုးထားတဲ့အဖွဲ့တွေရှိတယ်။ မထိုးရသေးတာတွေရှိတယ်။ ပြီးရင် ကျွန်တော်တို့မှာ နှစ်ပေါင်းများစွာဖြစ်လာတဲ့ နိုင်ငံရေးပြဿနာတွေရှိတယ်။ နောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ တစ်ဖွဲ့ချင်းဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်း နောက်ခံအခြေအနေက မတူညီကြဘူး။ မတူညီတဲ့ အနေအထားမှာ ညှိနှိုင်းတဲ့အခါမှာလည်း ပုံစံတွေ၊ တင်ပြပုံတွေကမတူညီဘူး။ ချဉ်းကပ်ပုံ မတူဘူး။ ဒါကြောင့် ဘုံရပ်တည်ချက် အပစ်ရပ်လုပ်ငန်းစဉ် ခိုင်မာရေး၊ အပစ်ရပ်ပြီးပစ်ခတ်မှုတွေ ဆက်မဖြစ်အောင် နောက်ထပ်ပါလာမယ့်အဖွဲ့ တွေကိုလည်း လမ်းဖွင့်ပေးထားတယ်။ ကျွန်တော်တို့ လုပ်နေတာက အားလုံးလက်ခံနိုင်မယ့် အခြေခံမူဝါဒပါ။ ကျွန်တော်တို့ လုပ်နေတာသည် မပါသေးတဲ့အဖွဲ့တွေ လက်ခံနိုင်မယ့် မူဝါဒနဲ့ စဉ်းစားပြီးလုပ်နေတာဖြစ်ပါတယ်''ဟု ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှာ KNU(ကရင် အမျိုးသားအစည်းအရုံး)၊ KNU/KNLA(P.C) ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)၊ DKBA (ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်)၊ CNF (ချင်းအမျိုးသားတပ်ဦး)၊ PNLO (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်)၊ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး)၊ RCSS (ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ)၊ ALP (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ)တို့ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ သိရှိလိုသည်များကို (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်သည့် ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် ဦးအောင်စိုးတို့က ဖြေကြားပေးခဲ့သည်။

(ရဲခေါင်ညွန့်)

Related Articles