BETA : Zawgyi | English

(၁၁)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကျင်းပ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

(၁၁)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကျင်းပ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

Sun, 05/28/2017 - 09:58
Posted in:
0 comments

နေပြည်တော် မေ ၂၈

(၁၁)ကြိမ်မြောက်ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ၁၅မိနစ် တွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌပဒို စောကွယ်ထူးဝင်းက နိုင်ငံရေးဆွေးနွေးပွဲ များအောင်မြင်မှ မိမိတို့မျှော်မှန်းသည့် ငြိမ်းချမ်းရေး ရရှိမည်ဖြစ် ပါကြောင်း၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမူဘောင်၏ သတ်မှတ်ချက် အတိုင်း နိုင်ငံရေးဆွေးနွေးပွဲများကို အဆင့်ဆင့်ကျင်းပပြီး တိုင်းရင်းသားလူမျိုးများ၏ ဒေသအလိုက်၊ ကဏ္ဍ အလိုက် ဆွေးနွေး မှုများကိုစုစည်းကာ UPDJC သို့တင်ပြခြင်းဖြစ်ပါကြောင်း၊ အဆိုပါ စုစည်းမှု၊ အဆိုပြုမှုများကို UPDJC တွင် အကြေအလည်ညှိနှိုင်း အတည်ပြုပြီး ဆက်လက် အကောင်အထည်ဖော် သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲ တွင် ကဏ္ဍအသီးသီးမှ UPDJC အတွင်းရေးမှူးများအဖွဲ့သို့ တင်ပြလာသော အဆိုပြုချက်များကို အကြေအလည် ဆွေးနွေးပြီး သဘောတူညီနိုင်သည့် အချက်များရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဆွေး နွေးသည့် အခါအတွင်လည်း မူလရည်ရွယ်ချက်အတိုင်း အားလုံးလက်ခံနိုင်သည့် အဆိုပြုမှု များရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသုဝေက အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေး ကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍနှင့် လုံခြုံရေး ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည့် အကြောင်းအရာများ ကိုလည်းကောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) နောက်ဆုံးနေ့ အစီအစဉ်များကို လည်းကောင်း ဆွေးနွေးကြသည်။
ထို့နောက် UPDJC ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပဒိုစောကွယ်ထူးဝင်း၊ ဦးသုဝေ တို့က နိဂုံးချုပ်အမှာစကားပြောကြား ကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အဖွဲ့ဝင် များဖြစ်ကြသည့် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် အစုအဖွဲ့မှကိုယ်စားလှယ်(၁၆)ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အစုအဖွဲ့မှ ကိုယ်စားလှယ် (၁၆)ဦး၊ နိုင်ငံရေး ပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ်(၁၅)ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယနေ့အစည်းအဝေးနှင့်စပ်လျဉ်း၍ UPDJC အတွင်းရေးမှူးများအဖွဲ့ အဖွဲ့ဝင် ဦးဇော်ဌေးက“ဒီနေ့မနက် ကျွန်တော်တို့ စုစုပေါင်း ၄၁ ချက်ကို ဆွေးနွေးတယ်။ နိုင်ငံရေး ကဏ္ဍ ၂၁ ချက်မှာ သဘောတူညီချက်၊ ဆုံးဖြတ်ချက်ချနိုင်တာ ၁၂ ချက်ရပါတယ်။

တစ်ခုရှိတာက ပြည်သူတွေ မျှော်လင့်နေတဲ့ ရလဒ်ကောင်းကတော့ နည်းပါးပါလိမ့်မယ်။ သဘောတူညီချက်မရတာက ပြည်နယ်တွေရဲ့ ခွဲထွက်ခွင့်ကိစ္စဖြစ်ပါတယ်။ ခွဲထွက်ခွင့် ကိစ္စနဲ့ပတ်သက်လို့ နှစ်ဖက် အပြန်အလှန် ဆွေးနွေးကြပါတယ်။

"ဆွေးနွေးကြတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဘက်က ခွဲထွက်ခွင့် ကတိကဝတ်နဲ့ပတ် သက်လို့ သူတို့က ဒီအချိန်မှာ မထည့်စေချင်ပါဘူး။ ဖက်ဒရယ်မူကို စပြီးဆွေးနွေး ကတည်းက ဒီဟာက Package ဖြစ်ပါတယ်။ ခွဲမထွက်ဘူး ဆိုတဲ့ဟာကို ကျွန်တော်တို့က ယူပါတယ်။ ယူပြီးတော့ တစ်ဖက်ကလည်း ပြည်နယ် တွေရဲ့ ကိုယ်ပိုင်အခြေခံ ဥပဒေ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒါကို ကျွန်တော်တို့က ချိတ်ထားတာပါ။
ချိတ်ထားတာဖြစ်တဲ့အတွက် ဆွေးနွေးတဲ့အခါမှာ ခွဲမထွက်ရဆိုတဲ့ အချက်ကို သဘောတူမှ ကျန်အချက်တွေကို သွားရမှာဖြစ်ပါတယ်။ အဲဒီအချက်မှာတင် သဘောတူညီမှုမရပါဘူး။ မရတဲ့အတွက် ကျန်တဲ့အချက်တွေလည်း ဒီညီလာခံ မှာ စိတ်မကောင်းစွာပဲချန်ခဲ့ရပါတယ်။ ဒီနေ့နိုင်ငံရေးဆွေးနွေးပွဲမှာ ကျန်တဲ့ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ ၁၂ ချက်တော့ ရပါတယ်။"

"ပြည်ထောင်စုက ခွဲမထွက်ပါဘူးဆိုတာကို ကတိမပြုနိုင်ဘူး။ အဲဒါဆို မေးစရာ ရှိတာက ခွဲထွက်ချင်လို့လားဆိုတဲ့ ဟာတွေဖြစ်လာ ပါတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအချို့ဘက်က ဒါကို ကတိကဝတ် မပြုနိုင်ဘူး။ မပြုနိုင်တဲ့အတွက် ကျန်တဲ့ ကိုယ်ပိုင်အခြေခံ ဥပဒေတို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ဒါတွေဆက်သွားလို့ မရ တော့ပါဘူး။ ဒီဟာကို ကတိကဝတ်ပေးမှ ကျန်အခွင့်အရေးတွေရမှာဖြစ်ပါတယ်။ ဒါမျိုး ချိတ်ထားတာဖြစ်ပါတယ်။ အခုတစ်ခေါက် ညီလာခံမှာတော့ ဒါတွေသဘောတူညီချက် မရတဲ့အတွက် ဆက်လက် မဆွေးနွေးတော့ ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။
ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ပတ်သက်တဲ့အချက်တွေ၊ ခွဲထွက်ခွင့်ကိစ္စတွေ ကိုတော့ နောင်မှာ ဆက်ဆွေး နွေးဖို့ သဘောတူညီပါတယ်။"

"နောင်လာမယ့် ညီလာခံမှာဖြစ်မလားဆိုတာ သက်ဆိုင်ရာအစုအဖွဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီနေ့ပွဲမှာတော့ အစိုးရဖက်က၊ တပ်မတော်ဖက်က ဒါကို အထူးပြု အလေးထားပြီး ဆွေးနွေးပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် အားလုံးက သဘောတစ်ခု တည်းဖြစ်ပါတယ်။ ကျွန်တော်တို့က ခွဲထွက်ခွင့်နဲ့ပတ်သက်ပြီး ကတိ ကဝတ်ပေးရင် ကိုင်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အခြေခံဥပဒေ၊ တန်းတူရေး ဒါတွေအကုန် လုံးရဖို့ ဆွေးနွေးသော်လည်း နောက်ဆုံးတော့ မအောင်မြင်ဘူး။ မအောင်မြင်တော့ စိတ်မကောင်းစွာနဲ့ဘဲ ဒီတစ်ပတ် ညီလာခံမှာ ချန်ထားခဲ့ပါတယ်။"

"အရင်တုန်းက အားလုံးရဲ့စိတ်ထဲမှာ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး ဆိုတဲ့ အမြင် တွေရှိတယ်။ အခုနောက်ပိုင်းမှာမှ ဖက်ဒရယ်ဆိုတာ ခွဲမထွက်ဘူး၊ ပေါင်းစည်းရေး ဆိုတာ လူတွေကလက်ခံလာတယ်။ ဒါကလည်း တကယ်ကို လေ့လာတော့မှ သိလာတာ။ သို့သော် ပြည်သူ့တွေ စိတ်ထဲမှာရော၊ အစိုးရရော၊ တပ်မတော်ရော အားလုံးမှာ စိုးရိမ်ပူပန်မှုတွေ ရှိတယ်။ အကယ်၍ ဒီဟာကြောင့် ပြည်ထောင်စုအစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားမလားပေါ့။
ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ပထမအကြိမ်အစည်းအဝေး)မှာဆိုရင် စာတမ်းတွေ ဖတ်ကြတယ်။ ဖတ်တဲ့ အခါမှာ အမျိုးမျိုးသော သဘောထားတွေရှိတယ်။ အဲဒီမှာလည်း အများကြီးပါတယ်။ အဲဒီအပေါ်မှာ ရော ပြည်သူကစိုးရိမ်မှုတွေရှိပါတယ်။ (၂၁) ရာစုပင်လုံရဲ့ အဓိကရည်ရွယ် ချက်က ပြည်ထောင်စုကြီးကို မကွဲမပျက်ဘဲနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ဖို့ဖြစ်ပါတယ်။ အဲဒီမှာ အဓိကလိုချင်တာက ခွဲမထွက်ဘူးဆိုတဲ့ ဟာပါ။ ဒီအာမခံချက်က သမိုင်းရဲ့ သင်ခန်းစာအရ ထည့်တာဖြစ်ပါတယ်။ နောက်အများရဲ့ စိုးရိမ်ပူပန်မှုကို ဖြေဖျောက်နိုင်အောင် ထည့်တာဖြစ်ပါတယ်။

ဒီဟာကို ပေးနိုင်တယ်ဆိုရင် တစ်ဖက်မှာရှိတဲ့ ကိုယ်ပိုင်အခြေခံ ဖွဲ့စည်းပုံ၊ ကိုယ်ပိုင်ပြဋ္ဌာန်းချက် ဒါတွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်ချို့ဆိုလည်း ဒါကိုတော်တော်လေး တောင်းတောင်းပန်ပန်နဲ့ ပြောကြတာရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ချို့က ဒါကို ကတိကဝတ်မပေးနိုင်ဘူး။ ဒါကို သူတို့က လက်မခံနိုင်ဘူးပေါ့။ လက်မခံနိုင်တဲ့ အခါမှာတော့ ကျန်တဲ့ အချက်တွေ ရှေ့ဆက်လို့မရဘူး။ မရတော့တဲ့အတွက် စိတ်မကောင်းစွာ နဲ့ပဲ ဒီညီလာခံမှာချန်ထားခဲ့ ပါတယ်”ဟု ပြောသည်။

UPDJC အတွင်းရေးမှူးများအဖွဲ့ အဖွဲ့ဝင် စိုင်းကျော်ညွန့်က “ဒီနေ့ကျင်းပ တဲ့ UPDJC အစည်းအဝေးမှာ အကျေအလည်ဆွေးနွေး ခဲ့ကြပါတယ်။ စီးပွားရေးကဏ္ဍနဲ့ ပတ်သက်တဲ့ အဆိုပြုချက် အကုန်လုံး ကို အတည်ပြုနိုင် ခဲ့ပါတယ်”ဟု ပြောသည်။

Ref; Myanmar State Counsellor Office

Related Articles