ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျေးဇူးတင်စကား

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျေးဇူးတင်စကား

Mon, 05/29/2017 - 10:07
0 comments

(၂၉-၅-၂၀၁၇ ရက်နေ့၊ ညီလာခံခန်းမ၊ MICC-II ၊ နေပြည်တော်)
လေးစားအပ်ပါသော အလှည့်ကျ သဘာပတိကြီးနှင့်တကွ သဘာပတိ အဖွဲ့ဝင်များ၊ ညီလာခံကိုယ်စားလှယ်ကြီးများ၊ အကျိုးဆောင်များ၊ အထောက်အကူပြု အဖွဲ့ဝင်များနဲ့ လေ့လာသူများရှင့်-

အခုဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ ဒုတိယအစည်းအဝေးရဲ့ သဘောတူညီချက်တွေကို ပြည်ထောင်စု သဘောတူစာချုပ်(Union Accord)ရဲ့ အစိတ်အပိုင်းအဖြစ် ညီလာခံ တက်ရောက်လာကြတဲ့ အစုအဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်တွေက လက်မှတ်ရေးထိုးနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလ အတွင်း ဆွေးနွေးညှိနှိုင်းမှုတွေ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြပြီးတဲ့နောက် နောက်ဆုံး ဒီညီလာခံကြီးမှာ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးတဲ့ အဆင့်ကို စတင်ရောက်ရှိခဲ့ပါပြီ။

● ပထမဆုံး အနေနဲ့ ပြောချင်တာကတော့၊ ဒီကနေ့ လက်မှတ် ရေးထိုးနိုင်ခဲ့တဲ့ သဘောတူညီချက်တွေဟာ "အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး လမ်းကြီးအပေါ် လျှောက်လှမ်းလိုက်တဲ့ အရေးကြီးတဲ့ ခြေလှမ်းကြီး" ဖြစ်ပါတယ်။ ဒီခြေလှမ်းလှမ်းနိုင်ဖို့၊ သဘောတူညီချက်တွေကို လွယ်လွယ်ကူကူ ရရှိခဲ့တာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်ဓါတ်ကျစရာတွေ၊ စိတ်တက် ကြွစရာတွေ ကျော်ဖြတ်ပြီးမှ အခုလိုရရှိလာခဲ့တာ ဖြစ်ပါတယ်။

သဘောထားကွဲလွဲမှုတွေ၊ ရှုမြင်ချက်ကွာခြားမှုတွေ အမျိုးမျိုးရှိခဲ့ကြ ပေမယ့်လည်း ဘုံတူညီတဲ့သဘောထားအမြင်တွေ ဖြစ်လာအောင် ဆွေးနွေးငြင်းခုန် ညှိနှိုင်းနိုင်ခဲ့ကြတာဟာ အင်မတန်မှ အားတက်ဖွယ်ရာ ကောင်းလှပါတယ်။ တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် အနာဂတ် မျိုးဆက်သစ်တွေအတွက် အရေးကြီးလှတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ် အခြေခံအုတ်မြစ်တည်ဆောက်တဲ့ လုပ်ငန်းစဉ်ကို စတင်နိုင်ခဲ့တာဖြစ်တဲ့ အတွက်လည်း ဂုဏ်ယူဖွယ်ရာ ကောင်းလှပါတယ်။ တိုင်းရင်းသား ပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ငြိမ်းချမ်းရေးအိပ်မက်ဟာ ပထမဆုံးအနေနဲ့ ကောက်ကြောင်းတွေ စတင်ရေးဆွဲနိုင်ခဲ့ပါပြီလို့ ပြောနိုင်ပါတယ်။

●ဒုတိယအနေနဲ့ ပြောလိုတာကတော့ ကျွန်မတို့ဟာ “မတူကွဲပြားမှုတွေ ကြားက စည်းလုံးညီညွတ်မှု ဘယ်လိုရယူနိုင်မလဲဆိုတာကိုစပြီး သင်ယူနိုင်ခဲ့ကြပါတယ်”။ တာတိုခရီးတွေမှာ ခွန်အားကြီးသူတွေက သာလွန်တတ်ကြပေမယ့် တာဝေးခရီးတွေမှာ စိတ်ဓါတ် ခိုင်မာသူတွေက အဓိကအောင်ပွဲဆင်လေ့ ရှိကြပါတယ်။ ရှေ့ဆက်လျှောက်လှမ်းရဦးမယ့် ငြိမ်းချမ်းရေးခရီးရှည်ကြီးမှာ ကျွန်မတို့အားလုံးအတွက် ဒီစိတ်ဓါတ်ဟာ ခွန်အားဖြစ်လာပါလိမ့်မယ်။ ဒီညီလာခံကြီးမှ ကျွန်မတို့ရခဲ့တဲ့ အတွေ့အကြုံများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ ရှိနေကြတဲ့သံသယ စိတ်တွေကိုဖယ်ရှားပေးနိုင်မဲ့ စုစည်းညီညွတ်မှု ရရှိရေးဘက်ကို ပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ကျွန်မတို့အားလုံးမှာ အတိတ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေ ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ကျွန်မတို့အားလုံးဟာ ဒီဒဏ်ရာဒဏ်ချက်တွေကို နောင်လာမယ့် မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းလိုခြင်း မရှိတော့ဘဲ ကုစားနိုင်မယ့်နည်းလမ်းကို ရှာဖွေမှုစတင်ခဲ့ပါပြီ။ ကွဲလွဲမှုတွေအကြားက တူညီမှုတွေ ရှာဖွေနိုင်ဖို့ဆိုတာ အမှန်တစ်ကယ်တော့ မလွယ်ကူလှပါဘူး။ ကျွန်မတို့နိုင်ငံလို လက်နက်ကိုင်ပဋိပက္ခတွေ နှစ်ပေါင်း(၇၀)နီးပါး ကြာရှည်ခဲ့ပြီဖြစ်တဲ့နိုင်ငံမှာ ပိုမိုပြီးခက်ခဲနေခဲ့တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မတူကွဲပြားမှုတွေအကြားမှာ ဘုံတူညီမှုတွေ ရှိနေတတ်တယ်ဆိုတာ သေချာသွားခဲ့ပြီဖြစ်သလို ဘုံတူညီမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညှိနှိုင်းဆွေးနွေးရှာဖွေနိုင်တယ်ဆိုတာကို လက်တွေ့ မှတ်ကျောက်တင်နိုင်ခဲ့ပါပြီ။ ပြည်တွင်းစစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို မှန်ကန်တဲ့စိတ်ဓါတ်နဲ့ ကုစားပေးနိုင်တယ်ဆိုတာ စိတ်ကူးယဉ်တာ မဟုတ်ဘူးဆိုတာကို ဒီကနေ့ ညီလာခံကိုယ်စားလှယ်ကြီးတွေက လမ်းပြပေးနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

●တတိယ အနေနဲ့ “ငြိမ်းချမ်းရေးခရီးလမ်းမှာ ရှေ့ကိုမျှော် အနာဂတ်ကို အာရုံပြုလို့ သွက်သွက်လက်လက် ဆက်လက်လျှောက်လှမ်းကြဖို့” တိုက်တွန်းချင်ပါတယ်။ ပြည်ထောင်စုသဘောတူညီချက်ရဲ့အစိတ်အပိုင်းလို့ ဆိုရမယ့် သဘောတူညီချက်တွေကို ဒီကနေ့ လက်မှတ်ရေးထိုးနိုင်တဲ့ ဖြစ်စဉ်ကို စဉ်းစားလိုက်ရင် အတွေးတွေ ဆက်ပေါ်လာပါတယ်။ ဒီပြည်တွင်းစစ်ကို ကျွန်မတို့ စတင်ခဲ့ကြတာ မဟုတ်ပေမယ့်လည်း အဆုံးသတ်နိုင်အောင် ကြိုးစားနေကြတာ ဘယ်သူတွေအတွက်လဲ။ ပြည်တွင်းစစ်မှာ အတိဒုက္ခရောက်နေကြရတဲ့၊ ကိုယ်ရောစိတ်ပါ လုံခြုံအေးချမ်းစွာနေချင်တဲ့ ပြည်သူတွေအတွက်ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူပြည်သားများရဲ့ စိတ်ချမ်းသာမှုအတွက် ရှေ့ကိုဆက်ပြီး လျှောက်လှမ်းကြရဦးမှာ ဖြစ်ပါတယ်။

အာဃာတတွေ၊ နာကျည်းချက်တွေ၊ အနာတရတွေကိုပဲ အာရုံထားနေမယ်ဆိုရင် ခြေထောက်မှာ သံလုံးဆွဲပြီး လမ်းလျှောက်တဲ့သူလို ဖြစ်နေမှာပါ။ ကျွန်မတို့ရဲ့ခြေလှမ်းတွေကို နှေးကွေးလေးလံယိုင်နဲ့စေမယ့် အဲဒီအာဃာတတရားတွေကို စွန့်ပစ်နိုင်မှသာ ကျွန်မတို့အနေနဲ့ သွက်သွက်လက်လက် အားမာန်အပြည့်နဲ့ ရှေ့ကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ကျွန်မတို့ ဘယ်အထိလျှောက်ရဦးမလဲ မသိနိုင်သေးပါဘူး။ နေ့စဉ် နေ့တိုင်း စွန့်စားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျွန်မတို့တွေ ငြိမ်းချမ်းရေးရရှိဖို့ ဘယ်လိုစွန့်စားမှုမျိုးကိုမဆို ကြောက်ပြီး နောက်တွန့်နေလို့ မဖြစ်ပါဘူး။ ကမ္ဘာကြီးက ကျွန်မတို့နိုင်ငံကို စောင့်နေမှာ မဟုတ်ပါဘူး။ နိုင်ငံတကာ တိုးတက်ပြောင်းလဲမှုတွေက ကျွန်မတို့ ပြည်ထောင်စုရဲ့ မျိုးဆက်သစ်တွေ ကို စောင့်ဆိုင်းငဲ့ညှာနေမှာ မဟုတ်ပါဘူး။ ကျွန်မတို့ ဒီကနေ့စိုက်ပျိုးသမျှ နောင်လာနောက်သားတွေ အသီးအပွင့် ခံစားကြရမှာ ဖြစ်ပါတယ်။ သူတို့တွေရဲ့လက်ထဲမှာ ကျွန်မတို့နိုင်ငံကို ပြည်တွင်းစစ်နဲ့ပဲ ထားခဲ့ကြမှာလား စဉ်းစားကြဖို့လိုပါတယ်။

ကျွန်မတို့ လက်ထက် စွန့်လွှတ်မှု၊ စွန့်စားမှုတွေနဲ့ ချလိုက်တဲ့အုတ်မြစ်ပေါ်မှာ နောင်လာမယ့် သား၊ သမီး၊ မြေး၊ မြစ်တွေက ခိုင်မာတင့်တယ်တဲ့ နိုင်ငံကြီးကို ဆက်လက်တည်ဆောက်၊ မွန်းမံသွားကြနိုင်စေချင်ပါတယ်။ ဒီညီလာခံကြီး ထဲကို မရောက်ရှိကြသေးတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကိုလည်း ကျွန်မတို့နဲ့အတူတစ်ကွ လက်တွဲပူးပေါင်းပြီး သမိုင်းတွင်ကျန်ခဲ့မဲ့ လုပ်ငန်းကြီးမှာ ပါဝင်ကြဖို့ အလေးအနက် ဖိတ်ခေါ်ပါကြောင်း ပြောကြားလိုပါတယ်။

ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးမှာ ကျွန်မတို့နဲ့အတူ ရပ်တည်ပေးခဲ့ကြတဲ့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားများ၊ ဘုံသဘောတူညီချက်တွေ ရရှိလာအောင် အပင်ပန်းခံပြီး ပါဝင်ပေးခဲ့ကြတဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖက် အစုအဖွဲ့ဝင်များ၊ ညီလာခံကိုယ်စားလှယ်များနှင့် ပံ့ပိုးကူညီခဲ့ကြသူအားလုံး၊ ကျွန်မတို့အပေါ် ယုံကြည်မှု၊ နားလည်မှုနဲ့ ထောက်ခံရပ်တည်ပေးခဲ့ကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

နိုင်ငံတည်ဆောက်ခြင်းဆိုတာဟာ အဆုံးမရှိတဲ့ လုပ်ငန်းစဉ်ပါ။ တစ်ဆင့်ပြီးမြောက်တာနဲ့ နောက်တစ်ဆင့်ကို စရပါတယ်။ ဒီပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကနေ ကျွန်မတို့ရဲ့ငြိမ်းချမ်းရေးရှာပုံတော် လမ်းကြောင်းပေါ်မှာ နောက်တစ်လှမ်း လှမ်းခဲ့ပါပြီ။ ဒီအစည်းအဝေးပြီးဆုံးခြင်းက ငြိမ်းချမ်းတဲ့ ဖယ်ဒရယ် ပြည်ထောင်စုဆီသို့ ဦးတည်တဲ့ နောက်ခြေတစ်လှမ်းရဲ့အစကို သတ်မှတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
တိုင်းပြည်တစ်ပြည်ရဲ့ ငြိမ်းချမ်းတိုးတက်မှုကျောရိုးကတော့ ပြည်သူတွေရဲ့ တည်မြဲတဲ့ သန္နိဋ္ဌာန်ပဲ ဖြစ်ပါတယ်။

ကျွန်မတို့ပြည်ထောင်စုရဲ့ သားသမီးအပေါင်းကို မေတ္တာရပ်ခံချင်တာကတော့-
ငြိမ်းချမ်းရေးကို လိုလားတမ်းတကြောင်း စိုးစင်းမျှ သံသယမရှိနိုင်ရလောက်အောင် ပြသကြပါစို့။

ငြိမ်းချမ်းရေးအတွက် နှလုံးသားများကို ခိုင်မာစွာအပ်နှံကြပါစို့။
ကျွန်မတို့တွေဟာ ပြည်တွင်းမှာသာမက၊ နိုင်ငံနယ်နိမိတ်ပေါင်းများစွာ ကျော်ဖြတ်ပြီး ငြိမ်းချမ်းရေးရဲ့ မိတ်ဆွေတွေဖြစ်တယ်၊ ငြိမ်းချမ်းရေးအတွက် မိတ်ဆွေဖွဲ့နိုင်တယ်ဆိုတာ ပြသကြပါစို့။

ကျွန်မတို့တွေဟာ ငြိမ်းချမ်းရေး ဖန်တီးရှင်တွေ ဖြစ်လာဖို့ သန္နိဋ္ဌာန် ချကြပါစို့လို့ ပြောရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Ref: Myanmar State Counsellor Office

Related Articles