မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) နှင့် နီပွန်ဖောင်ဒေးရှင်းတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပ

မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) နှင့် နီပွန်ဖောင်ဒေးရှင်းတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပ

Tue, 02/13/2018 - 16:59
Posted in:
0 comments

နေပြည်တော် ဖေဖော်ဝါရီ ၁၂

မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) နှင့် ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်းတို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၃နာရီခွဲတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲသို့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး ဥက္ကဋ္ဌ ကြာခွန်ဆာနှင့် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. YOHEI SASAKAWA၊ မွန်ပြည်သစ် ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့မှ တာဝန်ရှိသူများ နှင့် သတင်းမီဒီယာများ တက်ရောက် ကြသည်။

သတင်းစာရှင်းလင်းပွဲတွင် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. YOHEI SASAKAWA က ၂နှစ်အတွင်း NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များနှင့် အစိုးရကြားတွင် လက်မှတ်ရေးထိုး နိုင်ရေး နှစ်ဘက်စလုံးမှ ဇွဲမလျှော့ဘဲ လုပ်ဆောင်ခဲ့ကြသည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့၏ ဥက္ကဋ္ဌများနှင့် ဒေသခံပြည်သူ လူထု၏ သဘောတရားအပေါ် မူတည်ပြီး NCA လက်မှတ်ထိုးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ရက်တွင် ကျင်းပမည်ဟုသိရှိရ၍ မိမိအနေဖြင့်များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရမှ အရေးအကြီးဆုံးအဖြစ် သတ်မှတ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံးနှင့် NCAလက်မှတ်ရေးထိုးနိုင်ရန် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပ၍ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်သွားမည်ကို သိရှိနားလည်ပါကြောင်း၊

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့က NCA လက်မှတ်ထိုးနိုင် သည့်အဆင့်ထိ ရောက်ရှိလာသည်မှာ လေးနက်သည့် လုပ်ဆောင်မှုတစ်ခုဟု နားလည်ပါကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံ၏ပြည် တွင်းရေးကိစ္စတစ်ခုဖြစ်သည်ဟု ခံယူထားပါကြောင်း၊ ကာယကံရှင်များဖြစ်သည့် မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တွေ့ဆုံပြီးယုံကြည်မှု ပိုမိုမြှင့်တင်နိုင်ရန် မိမိတို့ အနေဖြင့် ဝိုင်းဝန်းကူညီခဲ့ခြင်း ဖြစ်ပါကြောင်း၊

ဂျပန်အစိုးရနှင့် နီပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းလက်တွဲ၍ NCA လက်မှတ်ထိုးပြီးသည့် KNUဒေသတွင် ငြိမ်းချမ်းရေး အကျိုးကျေးဇူးများ ခံစားနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း(၄၀)ကို ဝိုင်းဝန်း ကူညီခဲ့ပါကြောင်း၊ ဖေဖော်ဝါရီ၁၃ရက်တွင် NCAလက်မှတ်ထိုးမည့် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး၏ ဒေသတွင်နေထိုင်ကြသည့် ပြည်သူ ပြည်သားများ ငြိမ်းချမ်းရေး၏ အကျိုး ကျေးဇူးကို အမြန်ဆုံး ခံစားနိုင်စေရန်အတွက်လည်း မိမိတို့အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကူညီသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဋ္ဌ နိုင်ထောမွန်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် အမျိုးသားသင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်း ဆောင်ရွက်မည်ဆိုသည်ကို မိမိတို့အနေဖြင့်ထောက်ခံပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် လက်မှတ်မထိုးခဲ့ ရခြင်းသည်(All Inclusive) ဖြစ်ရန်၊ အားလုံးပါဝင်နိုင်ရန် တောင်းဆိုခဲ့သော်လည်း အစိုးရက သဘောမတူသဖြင့် မိမိတို့အနေဖြင့် လက်မှတ်မထိုးဖြစ်ခဲ့ပါကြောင်း၊ တပ်ပေါင်းစုအနေဖြင့် ဖွဲ့စည်း ဆွေးနွေးပြီး နောက်ပိုင်းတွင် ပြေလည်သင့်သလောက် ပြေလည်ပြီး၍ လက်မှတ်ရေးထိုးခြင်း ဖြစ်ပါကြောင်း၊ ထိုသို့လက်မှတ်ထိုးနိုင်ခြင်းသည် ကောင်းမွန်သည့် လက္ခဏာဖြစ် ပါကြောင်း၊

အားလုံးပါဝင်နိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် ကြိုးစားလျက်ရှိပါကြောင်း၊ နီပွန်ဖောင်ဒေး ရှင်းအနေဖြင့် တတ်နိုင်သည့်အကူအညီများ ပေးမည်ဆိုသည်ကို မိမိတို့အနေဖြင့် ဝမ်းမြောက်ကြိုဆို ပါကြောင်း၊ ပြည်သူလူထုအတွက် အမှန်တကယ် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊

မည်သည့်အခက်အခဲများ ရှိလာမည်ကို မသိသော်လည်း ပြည်သူ့အတွက် ရည်ရွယ်ကြိုးစား ဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကြာခွန်ဆာက မိမိတို့ အဖွဲ့အစည်း အနေဖြင့် လက်မှတ်ရေးထိုးနိုင်ရေး မျှော်လင့်ထားသည်မှာ ကြာမြင့်ပြီဖြစ်ပါကြောင်း၊ လားဟူဒေသ တွင် များစွာဖွံ့ဖြိုးတိုးတက်ရန် လိုလားပါကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့်လည်း ငြိမ်းချမ်းရေးကို မျှော်လင့်နေသည်မှာ ကြာမြင့်ပြီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အချိန်ပေး၊ အခွင့်အရေးပေးသည့်အတွက်လည်း မိမိတို့အနေဖြင့်များစွာ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများမှ သတင်းထောက်များ၏ မေးမြန်းချက် များအား မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်၊ လားဟူဒီမိုကရက်တစ် အစည်းအရုံးဥက္ကဋ္ဌ ကြာခွန်ဆာနှင့် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. YOHEI SASAKAWA နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

Related Articles