နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မွန်ပြည်နယ် ဒေသခံပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မွန်ပြည်နယ် ဒေသခံပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပ

Thu, 06/14/2018 - 10:32
Posted in:
0 comments

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မွန်ပြည်နယ် ဒေသခံပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပ
မော်လမြိုင် ဇွန် ၁၄

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မွန်ပြည်နယ် ဒေသခံပြည်သူများ ငြိမ်းချမ်းရေးစကား ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ငြိမ်းချမ်းရေးစကားဝိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အခုဆိုရင် တိုင်းရင်းသားလည်းစုံတယ်။ မော်လမြိုင်မှာ ကရင်တိုင်းရင်းသား၊ မွန်တိုင်းရင်းသား၊ ပအိုဝ်းတိုင်းရင်သားတွေရှိတယ်။ ပအိုဝ်းရော၊ မွန်ရော၊ ကရင်ရော ဒီထဲမှာပါတယ် ဆိုတော့ မော်လမြိုင်ကို ကိုယ်စားပြုတဲ့အနေနဲ့ ပြည့်စုံတယ်လို့ ပြောလို့ရပါတယ်။

ဒီတက္ကသိုလ်ဝင်းထဲ ရောက်လာတော့ ကျောင်းသူတွေက ကျောင်းသားတွေထက် အများကြီးပိုပြီးတော့များနေတယ်။ အဲဒီကိစ္စကို ကျွန်မတို့ ဆက်ပြီးတော့ ဆွေးနွေးရမှာပဲ။
ငြိမ်းချမ်းရေးအကြောင်းပြောရရင် နိုင်ငံတစ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲဖို့ ဆိုတာဟာ ဖွံ့ဖြိုးရေးလည်း ရှိရမှာဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှ၊ ပြည်သူလူထု လုံခြုံမှုရှိမှ ငြိမ်းချမ်းရေးရှိတာ၊ လုံခြုံမှုဆိုတာ နှစ်မျိုးရှိတယ်။ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု၊ စိတ်ပိုင်း ဆိုင်ရာ လုံခြုံမှု ဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမှာ အပစ်အခတ်ရပ်စဲရေးတစ်ခုတည်းနဲ့လည်း မပြီးဘူး။ ဖွံ့ဖြိုးတိုးတက်ရေးလည်းလိုတယ်။ ဖွံ့ဖြိုးတိုးတက်ရေးရှိမှ ကိုယ့်ရဲ့စားဝတ်နေရေး၊ နိစ္စဓူဝရှင်သန်ရေးအတွက် စိတ်မပူရမှာ၊ အဲဒီလုံခြုံရေးရှိဖို့ဆိုတာ ဒါဟာ ပညာရေးနဲ့လည်း အများကြီးဆိုင်တယ်။ တည်ငြိမ်ရေးနဲ့လည်းဆိုင်တယ်။ အမျိုးသားတွေ ပိုပြီးတော့ပညာ ရေးကဏ္ဍမှာ ပါဝင်ဖို့လိုတယ် လို့ ကျွန်မဒီအတိုင်းပဲ မြင်ပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ပညာသင်ပေးနေတဲ့ ဝန်ထမ်းတွေကို ကြည့်လိုက်မယ် ဆိုရင် ကျောင်းဆရာမတွေက ၉၇ ရာခိုင်နှုန်း၊ ကျောင်းဆရာက ၃ ရာခိုင်နှုန်းဆိုတော့ သိပ်ပြီးတော့ နည်းပါတယ်။ မော်လမြိုင် တက္ကသိုလ်တော့ မသိဘူး။

ရန်ကုန်တက္ကသိုလ်မှာဆိုရင် ကျွန်မတို့ သိရတာကတော့ အကြမ်းဖျင်းအားဖြင့် မိန်းကလေးက ၆၀ ရာခိုင်နှုန်း၊ ယောကျာၤး လေးက ၄၀ ရာခိုင်နှုန်းဆိုတော့ တက္ကသိုလ်တက်တဲ့ ယောကျာ်းလေးဦးရေက ကျပြီးတော့ မိန်းကလေးဦးရေက ပိုပြီးတော့ မြင့်လာတယ်။ အောင်နှုန်းကို ကြည့်လိုက်မယ်ဆိုရင်လည်း မိန်းကလေးတွေက ပိုပြီးတော့ ရှေ့ကရောက် နေတယ်ဆိုတာကို မြင်နေရတယ်။

အဲဒါကို အမျိုးသား၊ ယောကျာၤးလေးတွေအနေနဲ့ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတာ သုံးသပ်ပြီးတော့ ဒါကိုကျွန်မတို့ စောစောစီးစီး ကိုင်တွယ်မှဖြစ်မယ်။ တခြားနိုင်ငံတွေမှာ၊ ကမ္ဘာတစ်ဝန်းမှာ ဒီပြသနာရှိတယ်။ မိန်းကလေးတွေဟာ စာသင်တဲ့ဘက်မှာ ပိုပိုပြီးတော့ တော်လာတယ်။ ထူးချွန်လာတယ်။ ဇွဲ၊ ဝီရိယရှိတယ်။ ယောကျာၤးလေးတွေက ကျောင်းကို ပြီးအောင်သင်တဲ့နှုန်းတောင် တဖြည်းဖြည်းကျလာပြီးတော့ တက္ကသိုလ်ရောက်တဲ့အခါမှာ မိန်းကလေးတွေက များလာတယ်။ ဒါပေမယ့်လည်း စိတ်ဝင်စားစရာကောင်းတာက ဘွဲ့လွန် တွေမှာကျတော့ ယောကျာၤးလေးတွေက ပြန်ပြီးတော့ တက်လာတဲ့ သဘောရှိတယ်။ ဒါကျွန်မတို့ တစ်နိုင်ငံတည်းမှ မဟုတ်ပါဘူး။ တစ်ခြားနိုင်ငံတွေ မှာလည်း ဒါကိုမြင်ရတယ်။
အစကတည်းက မိန်းကလေးနဲ့ ယောကျာၤးလေး ပညာသင်တဲ့ အခါမှာ မျှမျှတတ ရှိအောင် ယောကျားၤလေးတွေ ပညာသင်ချင်တဲ့ စိတ်ဆန္ဒရှိအောင်လို့ ကျောင်းပရဝုဏ် အတွင်းထဲမှာ နေပျော်အောင်လို့ ဘယ်လိုလုပ်ရ မလဲဆိုတာ စဉ်းစားရမယ်။ ယောကျ်ားလေး တွေဟာ အလုပ်မရှိလို့၊ ပညာလည်း ဆက်ပြီးမရှာချင်လို့ စိတ်လေပြီး လက်ဖက်ရည်ဆိုင် ထိုင်နေမယ်ဆိုရင် ကျွန်မတို့ရဲ့ လူမှုရေးတည်ငြိမ်မှုကိုလည်း ထိခိုက်တယ်။ အဲဒီကတစ်ဆင့် ရေရှည်မှာနိုင်ငံရဲ့ ငြိမ်းချမ်းသာယာမှုကိုလည်း ထိခိုက်စေတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့နောက် ကိုကျော်ဇင်ဦး (ကျောင်းသား၊ တတိယနှစ်(သင်္ချာ) က လူငယ်နှင့် ငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ငြိမ်းချမ်းရေးဆိုတာ မိမိတို့အတွက် အေးချမ်းပျော်ရွှင်လှသည့် အရာတစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသာမက အခြားနိုင်ငံမှလူများပါ ငြိမ်းချမ်းရေးကို မလိုလားဘူးဆိုတာ မရှိသလောက်ဖြစ်ပါကြောင်း၊ ယခင် ဘိုး၊ ဘေး၊ ဘီ၊ ဘင် လက်ထက်တုန်းက မွန်ပြည်နယ်သည် မငြိမ်းချမ်းမှုကြောင့် စီးပွားရေး၊ ပညာရေး၊ ပို့ဆောင်ရေး လုပ်ငန်းတွေ အခက်အခဲ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ ယခုငြိမ်းချမ်းနေပြီ ဖြစ်ပါကြောင်း၊ စစ်ရေးဘက်တွင် ငြိမ်းချမ်းနေပြီး စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အ လမ်းတွင် မငြိမ်းချမ်းဘူးဆိုပါက မိမိတို့နိုင်ငံ၊ ပြည်နယ်၊ မြို့နယ်၊ ကျေးလက်ဒေသအတွက် ငြိမ်းချမ်းလာမည် မဟုတ်ပါကြောင်း။

မွန်ပြည်နယ် ရေးမြို့နယ်သည် ရာဘာလုပ်ငန်း၊ ခြံ၊ လယ်စသည်တို့တွင် မူတည်ပြီး အသက်မွေးဝမ်းကျောင်းပြီးနေထိုင်သည့် ပြည်နယ်ဖြစ်ပါကြောင်း၊ ရာဘာလုပ်ငန်းနှင့် ပတ်သက် ၍ ဈေးနှုန်းမတည်ငြိမ်မှုများ ဖြစ်နေပါကြောင်း၊ ယင်းအခြေအနေကြောင့် တစ်ချို့မိဘများက သူတို့သားသမီးများကို ပညာရေးအတွက်ထောက်ပံ့ပေးရန် ငွေရေးကြေးရေး ပြသနာဖြစ်သည့် အတွက် သားသမီးများကို ကျောင်းထုတ်ပြီး နိုင်ငံခြားသို့ ခေါ်သွားကြပါကြောင်း၊ အခြားတစ် ဖက်တွင် အချို့ဘွဲ့ရ လူငယ်များအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေသည့် အတွက် နိုင်ငံခြားတွင် အလုပ်သွားလုပ်နေရတာ များပါကြောင်း။
လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍ တချို့မွန်ပြည်နယ်အောက်ပိုင်းတွင်ရှိသည့် ရွာတွေဆိုရင် လမ်းပန်းဆက်သွယ်ရေး မကောင်းသေးပါကြောင်း၊ လျှပ်စစ်ဓာတ်အား ခက်ခဲပြီး ရွာတွင်ရှိသည့် ပုဂ္ဂ္ဂလိကမှ ပေးသည့်မီးနှင့် နေနေရပါကြောင်း၊ ပုဂ္ဂလိကပိုင် ဖြစ်သည့်အတွက် မီတာခ ပေးရတာ များလွန်းပါကြောင်း၊ ဒီတိုးတက်နေသည့်ခေတ်တွင် လျှပ်စစ်ပစ္စည်း သုံးစွဲမှုများလွန်းသည့်အတွက်ကြောင့် မီတာခပေးရတာ များလွန်းနေပါကြောင်း။

မူးယစ်ဆေးဝါးကို လူကြီးများသာမက တချို့လူငယ်များပါ သုံးစွဲနေသည်ကို တွေ့ရှိရပါကြောင်း၊ သုံးစွဲမှုဆိုးရွားလာသည့်အတွက် ရပ်ရွာမငြိမ်းချမ်းမှု၊ မိဘပြည်သူ မငြိမ်းချမ်းမှုများဖြစ်လာပါကြောင်း၊ နောက်ဆုံး လူငယ်နှင့်ကျန်းမာရေးအကြောင်းကို တင်ပြလိုပါ ကြောင်း၊ ယခု မွန်ပြည်နယ်ဆေးရုံ တွင် CT-Scan ပျက်နေသည်ဟု ကြားသိရပါကြောင်း၊ CT-Scan ပျက်မှုကြောင့် လူငယ်များ ယာဉ်မတော်ဆမှုဖြစ်လာပါက ဦးနှောက်ပိုင်း စမ်းသပ်ရန် အတွက် ပြဿနာဖြစ်လာပါ ကြောင်း။

ဒေသဖွံ့ဖြိုးရေးအတွက် ရာဘာလုပ်ငန်းနှင့်ပတ်သက်ပြီး ဈေးနှုန်းကောင်းကောင်းနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး ၊ ဒေသတွင်း အလုပ် အကိုင် အခွင့်အလမ်းတိုးမြှင့်ပေးရေး၊ မူးယစ် ဆေးဝါးနှင့်ပတ်သက်ပြီး ပိုမိုထိထိရောက်ရောက် လုပ်ဆောင်ပေးရေးနှင့် ကျန်းမာရေးနှင့် ပတ်သက်သည့် လိုအပ်ချက်များကို ဖြည့်စွက်ပေးရေး စသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးသည်။

မဆန်းသီရိ (သူနာပြုဆရာမ)ကငြိမ်းချမ်းရေးနှင့် လူထုကျန်းမာရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် မိမိတို့အဘိုးအဘွား၊ အဖေ၊ အမေတွေ ပြောပြချက်အရ မိမိတို့ဒေသသည် မငြိမ်းချမ်းသည့် ဒေသဖြစ်ခဲ့သည့်အတွက် ပြည်သူများသည် ကြောက်ကြောက်လန့်လန့်နှင့် အမြဲသတိနှင့် နေခဲ့ရသည်ဟု ကြားသိခဲ့ရပါကြောင်း၊ ငြိမ်းချမ်းမှု မရှိသည့်အတွက် ကျန်းမာရေးဝန်ထမ်းများသည်လည်း ကျန်းမာရေးပညာပေး လုပ်ငန်းများ၊ ကျန်းမာရေးပြုစုစောင့်ရှောက်သည့်လုပ်ငန်းများ လာရောက်ပြီး မလုပ်နိုင်ခဲ့ဘူးဆိုတာလည်း ကြားသိခဲ့ရပါကြောင်း၊ ပြည်သူများ နာမကျန်းဖြစ်လာလျှင်လည်း နယ်မြေဒေသ ငြိမ်းချမ်းမှု မရှိသည့်အတွက် ဆေးရုံ၊ ဆေးခန်းများ နားလည်တတ်ကျွမ်းသည့် ဆရာဝန်တွေထံ သွားရောက် မပြသနိုင်ဘဲ ရွာမှာရှိသည့် ဆေးမြီးတိုများနှင့်ကုသပြီး အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့သည့်ဖြစ် စဉ်များ များစွာရှိခဲ့သည်ဟုလည်း ကြားသိခဲ့ရပါကြောင်း၊ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များ မွေးဖွားမည့်မိခင်များသည်လည်း နယ်မြေမငြိမ်းချမ်းသည့်အတွက် ဆေးရုံ၊ ဆေးခန်းများတွင် နားလည်တတ်ကျွမ်းသူများနှင့် သွားရောက်မမွေးဖွားနိုင်ဘဲ ရွာတွင်ရှိသည့် လက်သည်များနှင့် မွေးပြီး တချို့ကလေးများ၊ အမေများ သေဆုံးသွားခဲ့ရသည့် ဖြစ်စဉ်များလည်း များစွာရှိခဲ့သည်ဟု ကြားသိခဲ့ရပါကြောင်း၊ ဒါတွေဟာ မငြိမ်းချမ်းခြင်းရဲ့ ဆိုးကျိုးဟုမြင်ပါကြောင်း။

ယခုမိမိတို့လက်ထက် ငြိမ်းချမ်းနေပြီဖြစ်သည့်အတွက် ယခင်မငြိမ်းချမ်းခင် ကာလ နှင့် ယှဉ်လျှင် စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် အဖက်ဖက်က တိုးတက်လာတာတွေ့ရပါကြောင်း၊ နယ်မြေဒေသငြိမ်းချမ်းသွားသည့်အတွက် ကျန်းမာရေးဝန်ထမ်းများသည်လည်း ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာနိုင်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးကဏ္ဍတွင် လည်း ငြိမ်းချမ်းရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ လူနာများသည်လည်း ဆေးရုံ၊ ဆေးခန်းကို ပိုပြီး အားကိုးအားထား ပြုလာပါကြောင်း၊ ထိုသို့ အားကိုးအားထားပြုလာသည့်အတွက် ဆေးရုံများတွင် လူနာအင်အား နှင့် ဝန်ထမ်းအင်အား မမျှတသည့်အခက်အခဲများ ဖြစ်လာရပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ဆေးရုံများတွင် ဝန်ထမ်းအင်အားကို လုံလုံလောက်လောက် ချထားစေချင်ပါကြောင်း၊ မိမိတို့ ဆေးရုံက ခုတင်(၁၀၀) ဆေးရုံဖြစ်ပြီး လူနာ (၁၃၀) မှ (၁၅၀) ကြားတွင်ရှိပါကြောင်း၊ ဆေးရုံတွင် သထုံဒေသခံပြည်သူများမှ ဆောက်လုပ်လှူဒါန်းထားသည့် သံဃာ့ဆေးရုံကြီး အသစ်ဖွင့်ထားပြီး ကျောက်ကပ်သွေးသန့်စင်သည့်ဌာန အသစ်ထပ်မံဖွင့်လှစ်ထားသည့် အတွက် ဆေးရုံတွင် ဝန်ထမ်းအင်အား မလုံလောက်သည့် ပြဿနာများ၊ အခက်အခဲများ အများကြီးကြုံရပါကြောင်း၊ ထို့ကြောင့် ဆေးရုံကြီးတွင် ဝန်ထမ်းအင်အားကို တိုးမြင့်ပြီး ချထားပေးစေလိုပါကြောင်း။

မိမိတို့ရွာတွင် ဘွဲ့ရသူ အများကြီးရှိပြီး ကျန်းမာရေးဝန်ထမ်းဖြစ်ချင်သည့်လူများ အများကြီးရှိပါကြောင်း၊ သူနာပြုများခေါ်သည့်အခါတွင် တက္ကသိုလ်ဝင်တန်းအမှတ် အများကြီး နှင့် ခေါ်သည့်အတွက် တချို့စိတ်ဝင်စားသော်လည်း ဝန်ထမ်းဖြစ်ခွင့်မရပါကြောင်း၊ ၎င်းတို့ဝင် ခွင့်ရအောင် အမှတ်တွေလျော့ပေါ့ပြီး ခေါ်စေချင်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်း နည်းပါးသည့် ဖြစ်ရပ်များကို အထောက်အကူဖြစ်စေမည်ဟု ထင်ပါကြောင်း။
ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ သူငယ်ချင်းများ၊ ဂျူနီယာများ ရာထူးတိုး မြန်ဆန်ပါ ကြောင်း၊ မွန်ပြည်နယ်မှာတော့ ရာထူးတိုး နှေးကွေးနေပါကြောင်း၊ ဘာကြောင့်လဲဆိုတာ သိချင်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများက ကျန်သည့်ဝန်ထမ်းများထက်စာလျှင် ခံစားခွင့် နည်းပြီး အလုပ်ချိန်က များပါကြောင်း ဆွေးနွေးသည်။

ခွန်ထူးအောင် (Capital Development - NGO) က မငြိမ်းချမ်းခြင်း၏ သားကောင်းများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် မိမိတို့ ပအိုဝ်းဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့၊ သုံးဖွဲ့ရှိပါကြောင်း၊ ရပ်ရွာထဲမှာ ၎င်းတို့ဝင်ရောက် လာပြီဆိုလျှင် အိပ်ဖို့၊ နေဖို့၊ စားဖို့ ရပ်ရွာမှ စီစဉ်ပေးရပါကြောင်း၊ ရပ်ရွာမှ ပြန်လည် ထွက်ခွာသည့်အခါတွင်လည်း အမျိုးသားများကို ပစ္စည်းထမ်းခိုင်းပါကြောင်း၊ ယင်းကို မိမိတို့ ငယ်စဉ်ကတည်းက ကြုံခဲ့ရပါကြောင်း၊ မိမိတို့ဒေသမှာ ငြိမ်းချမ်းရေး၏ အရသာကို မခံစားခဲ့ရပါကြောင်း။

အမြဲတမ်းမငြိမ်းချမ်းမှုများနှင့် နေထိုင်ခဲ့ရပြီး မငြိမ်းချမ်းသည့်အတွက် ကျန်းမာရေး၊ ပညာရေးကိုလည်း ကောင်းစွာမခံစားခဲ့ရပါကြောင်း၊ စာသင်ကျောင်းဆိုလျှင်လည်း မိမိတို့ငယ်စဉ်က အတန်းက လေးတန်းအထိသာ ရှိပါကြောင်း၊ ဆက်ပြီးပညာသင်ကြားချင်ပါက ၁၀ မိုင် လောက်ကွာဝေးသည့် နေရာကို သွားတက်ရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းဘဲ သွားခဲ့ရပါကြောင်း။
ယခုအခါ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်၊ ဘုန်းကြီးကျောင်းတွင် ဆရာတော်ကြီး ကျေးဇူးကြောင့် မနှစ်ကပင် မိမိ ဘွဲ့ရခဲ့ပြီဖြစ်ပါကြောင်း၊ မိမိလိုမျိုး စစ်ဖြစ်တဲ့ဒေသမှ ရောက်လာသည့်ကလေး (၈၀)ကျော်ရှိပါကြောင်း၊ ၎င်းတို့အတွက်လည်း ပညာရေး စောင့်ရှောက်ပေးရပါကြောင်း၊ ထို့သို့မဖွံ့ဖြိုးသည့်ဒေသများကိုပိုပြီး ဖွံ့ဖြိုးအောင် လုပ်ပေးစေလိုပါကြောင်း။

မိမိမော်လမြိုင်ကို ရောက်လာပြီး ဘွဲ့ရခဲ့ပါကြောင်း၊ စုဖောင်ဒေးရှင်း၏ ပံ့ပိုးမှုဖြင့် Capacity Development Myanmar (CDM) တွင် အလုပ်ဝင်လုပ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်နေပါကြောင်း၊ ထိုသို့လုပ်ပေးနိုင်ခြင်းမှာ မွန်ပြည်နယ်၌ ငြိမ်းချမ်းနေ၍ဖြစ် ပါကြောင်း ဆွေးနွေးသည်။

မိဇင်ဝင်းမွန် (လူငယ်ရေးရာကော်မတီဝင် + ငြိမ်းဖောင်ဒေးရှင်း)က ငြိမ်းချမ်းရေး တွင် ပြည်သူများ ပူးပေါင်းပါဝင်မှုနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်နှင့် ပတ်သက်၍ မိမိတို့လူငယ်များ အထိုက်အလျောက်ပါဝင်တာရှိပါကြောင်း၊ အရေးကြီး သည့်အခန်းကဏ္ဍများတွင် မိမိတို့လူငယ်များ ပါဝင်စေချင်ပါကြောင်း၊ မိမိတို့လူငယ်များ မငြိမ်းချမ်းရသည့်အကြောင်းရင်းများကို သေချာနားလည်ထားမှ မှန်ကန်သည့်ပါဝင်မှုများနှင့် လူငယ်များ ပါဝင်နိုင်မည်ဖြစ်ပါ ကြောင်း။

လူငယ်များသည် သမိုင်းမှန်ကို လေ့လာသင်ယူရန်လည်း လိုသည်ဟု မိမိအနေဖြင့် မြင်ပါကြောင်း၊ သမိုင်းမှန်ကို သင်ယူလေ့လာနိုင်မှသာလျှင် ဘာကြောင့် မငြိမ်းချမ်းရတာလဲ၊ ယင်းအကျိုးဆက်များကို မိမိတို့သိလာပါကြောင်း၊ သိလာလျှင် လူငယ်များ အချင်းချင်း ကြား ရင်းနှီးမှု တည်ဆောက်သည့်အခါ၊ အပြန်အလှန် နားလည်မှုများ တည်ဆောက်သည့်အခါ ပိုပြီး လျှင်မြန်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း။
လူငယ်များကို ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပဲဖြစ်ဖြစ်၊ အခုလက်ရှိကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာပဲဖြစ်ဖြစ် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆွေးနွေးညှိနှိုင်းနေသည့်လုပ်ငန်းစဉ်များမှာပဲဖြစ်ဖြစ် မိမိတို့ လူငယ်များ ကို ဦးစားပေးစဉ်းစားပေးပြီး လေးလေးနက်နက်နှင့် အမြဲမပြတ်ပါဝင်ခွင့်ရရှိဖို့အတွက် လည်း မိမိအနေနှင့် ဆန္ဒပြုပြီးတောင်းဆိုတာဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံတွင် လူငယ်မူဝါဒ ထွက်ရှိလာပြီဖြစ်ပါကြောင်း၊ မိမိတို့လူငယ်များအတွက် အမှန်တကယ် အသုံးဝင်သည့် စွမ်းရည်မြင့်သည့် အစီအစဉ်များ ပါဝင်ပါကြောင်း၊ ဒီမူဝါဒကို ထိထိရောက်ရောက် အကောင်အထည်ဖော်စေလိုပါကြောင်း။
မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး မိမိတို့ပြည်နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသည့်လူငယ် အများအပြားရှိပါကြောင်း၊ “နောင်တစ်ချိန်မှာ တိုင်းပြည်ရဲ့အနာဂတ် ဘာဖြစ်မလဲသိချင်ရင် ယနေ့လူငယ်တွေကိုကြည့်ပါ” ဆိုတဲ့အတိုင်း လက်ရှိအခြေအနေ ကိုကြည့်မည်ဆိုလျှင် အနာဂတ် အတွက် မိမိအနေဖြင့် စိုးရိမ်မိပါကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု နှင့် ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူပေးရန် လူငယ်များကိုပြန်လည်ထူထောင် သည့် အစီအစဉ်များ လုပ်ပေးစေချင်ပါကြောင်း။

ငြိမ်းချမ်းရေးတည်ဆောက်ဆဲကာလတွင် တိုက်ပွဲများ မဖြစ်ဘူးဆိုလျှင် မိမိတို့ဒေသ အတွက် အကောင်းဆုံးငြိမ်းချမ်းရေးကို တည်ဆောက်သည့် ကာလကို ရောက်ရှိမည်ဟု မိမိအနေဖြင့် မြင်ပါကြောင်း ဆွေးနွေးသည်။
စောကျော်မိုး (စားသောက်ဆိုင်လုပ်ငန်း) က ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒေသခံတိုင်း ရင်းသား တို့၏ ပါဝင်တည်ဆောက်မှုနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် လက်ရှိငြိမ်းချမ်းရေး တည်ဆောက်နေမှုသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး၊ တည်ဆောက်ရေးနှင့် ရည်ရွယ်ချက်မှာ ဒီမိုကရေစီရှင်သန်ကြီးပြင်းသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တန်းတူညီမျှရှိသည့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ပြည်ထောင်စု ကြီးကို အားလုံး ပိုင်ဆိုင်နိုင်ရေး၊ အားလုံး၏ အကျိုးအတွက် ရည်ရွယ်ပြီး တည် ဆောက်နေသည်ဟု မိမိ မြင်ပါကြောင်း။

မိမိတို့ သထုံမြို့နယ်သည် မွန်ပြည်နယ် ၁၀ မြို့နယ်အနက် ကရင်တိုင်းရင်းသား အများဆုံး မှီတင်းနေထိုင်သည့်ဒေသဖြစ်ပြီး ထိုထဲမှအများစုသည်လည်း စစ်ပွဲနှင့်ထိစပ်သည့် ဒေသများတွင် နေထိုင် ခဲ့ကြရပါကြောင်း၊ လောလောဆယ် ငြိမ်းချမ်းရေးတည်ဆောက် နေမှုဖြစ်စဉ်တွင် သူတို့ သိရှိနားလည်သဘောပေါက်ပြီး ပါဝင်ဆောင်ရွက်နေသည့်နှုန်းသည် မတွေ့ရသလောက်ဖြစ်ပါကြောင်း၊ ဒါက ရေရှည်ငြိမ်းချမ်းရေး တည်တံ့ရန်အတွက် အဓိက အခက် အခဲတစ်ခုဖြစ်နေပါကြောင်း၊ အကြောင်းရင်း ရှာသည့်အခါ အပစ်အခတ်ကာလများ အချိန်ကြာမြင့်စွာရှိခဲ့ပါကြောင်း၊ အခု အပစ်ရပ်ပြီး ၃ နှစ်တာကာလထဲရောက်လာပြီး ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို သူတို့ခံစားရပြီး ငြိမ်းချမ်းရေးကို သူတို့အနေဖြင့် ကြီးမားသည့် မက်လုံးတစ်ခု သဖွယ် မြတ်နိုးတန်ဖိုးထားနေမည်ဆိုလျှင် သူတို့ကိုယ်တိုင်ပါဝင် တည်ဆောက် ထုဆစ်လာရန် ဆွဲအား ဖြစ်နိုင်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ မြို့ပေါင်း ၃၃၀ ရှိသည့်ထဲတွင် တစ်မြို့ချင်းစီကို ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အသိပညာ ပေးရေးနှင့် ပတ်သက်ပြီး ကြားကာလမှာ တိုင်းရင်းသား ဒေသများ အတွက် ဖွံ့ဖြိုးရေး၊ နွေ၊ မိုး၊ ဆောင်းသွားလာ၍ရသည့် လမ်းများ၊ သူတို့ဘ၀ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အစီအမံများ ရှိသည်ကို သိရှိနားလည် သဘောပေါက် ရန် အစီအစဉ်များကို မြို့အလိုက် ဆောင်ရွက်စေလျှင် မိမိတို့အနေဖြင့် အမှန်တကယ်ပါဝင်ပြီး တစ်မြို့ချင်းစီကို စံပြ လုပ်သွားပြီး မြို့ပေါင်း ၃၃၀ တွင် ကော်မတီများဖွဲ့၍ အချင်းချင်း ပြန်ပြီးတော့ ကွန်ရက်များဖွဲ့ပြီး လုပ်သွားနိုင်မည်ဆိုလျှင် ရေရှည်စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမည်၊ ငြိမ်းချမ်းရေးတည်ဆောက်မှုအပေါ် ယုံကြည်မှုများခိုင်မာပြီး ငြိမ်းချမ်းရေးကို အမြန်ဆုံးတည်ဆောက်နိုင်မည်ဟု ယူဆပါကြောင်း ဆွေးနွေးသည်။

မိယဉ်နွန်စွမ်း (ကျောင်းသူ၊ ဒုတိယနှစ်(ဥပဒေ) က ငြိမ်းချမ်းရေးနှင့် ဒေသအခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် မွန်ပြည်နယ်၏ အဓိကထွက်ကုန်ဖြစ်သည့် ရော်ဘာ ကိစ္စဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများကို စိစစ်ရွေးချယ်ရာတွင် ရော်ဘာအတွက် ကုန်ချောထုတ်ပေးနိုင်သည့်ကုမ္ပဏီကို ခြံအလုပ် သမားများအတွက် စဉ်းစားပေးစေလိုပါကြောင်း၊ ဒီကိစ္စကတိုင်းပြည်ဝင်ငွေအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း။
တိုင်းရင်းသားကလေးများ၏ ပညာရေးကိစ္စမှာ ဘာသာစကားနားမလည် သည့်ကိစ္စဖြစ် ပါကြောင်း၊ ယင်းအတွက် မိခင်ဘာသာစကားနှင့် သင်ကြားပေး ရန် အစီအစဉ် ရှိ/မရှိ သိလိုပါ ကြောင်း၊ မွန်တိုင်းရင်းသားကလေးငယ်များ ပညာ သင်ကြားရန် အတွက် မွန်ပြည်သစ် ပါတီက တည်ထောင်ထားသည့်မွန်အမျိုးသားကျောင်းများရှိပါကြောင်း၊ အစိုးရအနေဖြင့် ယင်းကျောင်း များကို ထောက်ပံ့မှုများပြုလုပ်ပြီး မွန်ပြည်နယ်ရှိ အခြားမြို့နယ်များပါ ဖွင့်လှစ်နိုင်အောင်စီစဉ်ပေးစေလိုပါကြောင်း။

နောက်တစ်ချက်မှာ စာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်းခြင်းဖြစ်ပါကြောင်း၊ ဒေသတစ်ခု သည် မငြိမ်းချမ်းလျှင် သူတို့၏ စာပေ၊ ယဉ်ကျေးမှုသည်လည်း မြင့်မား အဓွန့်ရှည်လာမှာ မဟုတ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ ဒေသတွင် ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများ လုပ်သည့်အခါ ဒေသခံပြည်သူများ နားလည်လက် ခံနိုင်အောင် ပွင့်လင်းမြင်သာမှုရှိစေပြီး ဒေသခံများအတွက် လုပ်ငန်း၏ အကျိုး၊ အပြစ်များကို ပြောပြစေလိုပါကြောင်းဆွေးနွေးသည်။

ကိုထွန်းထွန်းလင်း (ကျောင်းဆရာ၊ ကိုယ်ပိုင် ကျောင်း)က ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ စနစ်နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်ဆိုတာ ဒီမိုကရေစီ ရေးအတွက် အခြေခံအကျဆုံး လိုအပ်ချက်ဟု ယုံကြည်ပါကြောင်း၊ မငြိမ်းချမ်းလျှင် တရားဥပဒေစိုးမိုးမှုသည် ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုမရှိဘဲ ဒီမိုကရေစီရေးသည် ဘယ်နည်းနှင့်မျှ အားကောင်းနိုင်မည် မဟုတ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှု ဆိုတာ ဒီမိုကရေစီအတွက် အခြေခံအကျဆုံး ဒေါက်တိုင် ဟု ယုံကြည်ပါကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ကြသည့်အခါ ဒီမိုကရေစီအရေးက အရေးကြီးသလို အပြန်အလှန်အားဖြင့်လည်း ဒီမိုကရေစီမခိုင်မာဘဲ ငြိမ်းချမ်းရေးကို တိုင်းရင်းသားများဘက်ကလက်ခံရန် အနည်းအကျဉ်းအခက်အခဲရှိမည်ဟု ယူဆပါကြောင်း။
ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး လက်ရှိအစိုးရသွားနေသည့် NCA လမ်းကြောင်း အတိုင်း တိုင်းရင်းသားများအားလုံး ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနိုင်ကြရန် လည်း ဆန္ဒပြုပါကြောင်း၊ အပစ်ရပ်ကြားကာလတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့်တိုင်းရင်းသား ဒေသ များတွင် ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်လာရန်အတွက်လည်း အဓိက မျှော်လင့်ပြီး ပြောရခြင်းဖြစ်ပါကြောင်း၊ မွန်ပြည်နယ်မှာ လူဦးရေ ၂ သန်းကျော် ရှိပြီး အရွယ်ကောင်း လုပ်နိုင်ကိုင်နိုင်သည့် လူ ၄သိန်းကျော်သည် စားဝတ်နေရေးအတွက် ပြည်ပကို ထွက်ခွာပြီးအလုပ်လုပ်ကိုင် နေရသည့် အခြေအနေရှိပါကြောင်း၊

ဒီမိုကရေစီအရေးတွင် ပြည်သူများ အားလုံးပါဝင်မှသာ နောက်ဆုံး ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ ဒေသဖွံ့ဖြိုး ရေးအတွက် မော်လမြိုင်တက္ကသိုလ်ကို အဆင့်မြှင့် တင်ပေးရန် တောင်းဆိုပါ ကြောင်း၊ တက္ကသိုလ်များ အားကောင်းလာမှသာ လူနေမှု အဆင့် အတန်းများ မြင့်လာပြီး စဉ်းစားတွေးခေါ်ပုံများ တိုး တက်လာမည်ဟု ယူဆပါကြောင်း၊ ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးစေ ချင်ပါကြောင်း၊ တစ်နယ်နှင့် တစ်နယ် ကူးလူး ဆက်ဆံမှု ယခုထက်ပိုအားကောင်းပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာပါက တစ်ယောက်နှင့် တစ်ယောက်၏ ယဉ်ကျေးမှု ဓလေ့စရိုက် ယုံကြည်မှုများကို လေးစားလာပြီး တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုများ တက်လာမည်ဟု ယူဆပါကြောင်း ဆွေးနွေးသည်။

မိငွေလေး(မွန်စေတနာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ၊ အထည်ဆိုင်လုပ်ငန်း) က ငြိမ်းချမ်း ရေးနှင့် ပြည်သူပါဝင်မှု အခန်းကဏ္ဍကို ဆွေးနွေး ရာတွင် တိုင်းရင်းသားများ အဓိကထားသည့် တံဆိပ်၊ သင်္ကေတ များကိုလည်း ဝိုင်းဝန်း ပြီး ထိန်းသိမ်းစောင့်ရှောက် စေချင်ပါကြောင်း၊

အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါချင်သည့် ဆန္ဒရှိပါကြောင်း၊ ဆုံးဖြတ်ချက်ချသည့််နေရာနှင့် ဦးဆောင်မှုအခန်းကဏ္ဍတွင်လည်း အမျိုးသမီးများပါဝင်မှုကိုလည်း နေရာတစ်နေရာထားပေးနိုင်မည်ဆိုလျှင် ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို သွားနိုင်မည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့်ဆိုင်သည့် ကိစ္စရပ်များ အများကြီး လှုပ်ရှားနိုင်ရန်အတွက် သီးသန့် ရန်ပုံငွေ ထားပေးရန် တောင်းဆိုချင်ပါကြောင်း ဆွေးနွေးသည်။

ဆွေးနွေးမှုများနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် ငြိမ်းချမ်းရေးကို လူတိုင်းလိုချင်တယ်ဆိုရင် ဘာဖြစ်လို့ ကမ္ဘာကြီးမှာ ဒီလောက်ပဋိပက္ခတွေ များနေလဲဆိုတာ ပြန်ပြီး စဉ်းစားရမည် ဖြစ်ပါ ကြောင်း၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ကိုယ်လိုချင်တဲ့ အရာတွေကို ရအောင်လုပ်ဖို့အတွက်၊ ကိုယ့်ဆန္ဒ တွေ ကို ဖြည့်ဆည်းဖို့အတွက် အရည်အချင်းတွေကို တိုးပွားအောင်လုပ်ရမည်ဖြစ်ပါကြောင်း၊ လူတိုင်းလူတိုင်း လည်း လုပ်ရမည်၊ အစိုးရက လည်း ကူညီရမည်ဖြစ်ပါကြောင်း၊ အစိုးရဆို သည်မှာ နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးကို ထမ်းဆောင်ဖို့၊ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးဖို့ဖြစ်ပါကြောင်း၊ သို့သော် နိုင်ငံတစ်နိုင်မှာ အဓိကက ပြည်သူလူထုပင်ဖြစ်ပါ ကြောင်း၊ အစိုးရ ဘယ်လောက်ကောင်းကောင်း၊ ပြည်သူလူထု မပါရင် မရပါကြောင်း၊ ပြည်သူလူထုက အဓိက ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ စိတ်ဓာတ်၊ ဉာဏ်စွမ်းအား၊ အရည်အချင်း အားလုံးမြှင့် တင်ဖို့လိုပါကြောင်း။

မိမိတို့နိုင်ငံမှာ အသက်မွေးဝမ်းကျောင်းပညာရေးကို အားပေးဖို့ အများကြီးလိုပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရေးဆိုတာ ပညာသင်ပြီးတာနဲ့ အလုပ်ရရမည်၊ အလုပ်မရှိဘူး ဆိုရင် ဝင်ငွေမရှိတာက တစ်ဖက်၊ စိတ်လေနေလို့ ရပ်ရွာရဲ့တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေတဲ့ အပြုအမူတွေ ပေါ်လာတာကတစ်ဖက်၊ အဲဒါကြောင့် အလုပ်အကိုင်ဖန်တီးရေးဟာ အင်မတန်မှ အရေးကြီးပါကြောင်း။

တက္ကသိုလ်ပညာရေးကို ကျွန်မတို့ အလေးမထားခြင်း မဟုတ်ပါကြောင်း၊ သို့သော်လည်း အသက်မွေးဝမ်းကျောင်းပညာရေးဟာ တက္ကသိုလ်ပညာရေးနဲ့ တန်းတူ တန်ဖိုးရှိတယ်ဆိုတာ မိမိတို့ ပြည်သူပြည်သားတွေ နားလည်ဖို့ လိုပါကြောင်း၊ ကမ္ဘာပေါ်မှာ အတိုးတက်ဆုံး နိုင်ငံတွေ ထဲမှာပါတဲ့ ဆွစ်ဇာလန်၊ ဆွီဒင်၊ ဂျာမန်တို့တွင် အသက်မွေးဝမ်းကျောင်းပညာရေးစနစ်က အင်မတန်မှ တိုးတက်ပါကြောင်း၊ တက္ကသိုလ် ပညာရေးနဲ့ တန်းတူညီတူ အဆင့်ရှိပါ ကြောင်း၊ အဲဒီအခြေအနေဖြစ်အောင် ကျွန်မတို့ စပြီးတော့ ကြိုးစားနေပြီဖြစ်ပါကြောင်း။

မွန်ပြည်နယ်တွင် ရာဘာပြဿနာတစ်ခုတည်းတင်မဟုတ်ပါကြောင်း၊ ရာဘာအရည် အချင်း မမီတာလည်းပါကြောင်း၊ နိုင်ငံတကာရဲ့ ရာဘာနဲ့စာရင် အရည်အချင်းက မြင့်သင့်သလောက် မမြင့်တဲ့ ပြသနာလည်းပါကြောင်း၊ အချောကုန်အဖြစ် မလုပ်နိုင်တဲ့ အခြေအနေလည်းပါပါကြောင်း၊ အဲဒါကြောင့် တီထွင်ဉာဏ်က အရေးကြီးပါကြောင်း၊ ရာဘာ အရည်အချင်း မြှင့်တင်ဖို့ဆိုတာ အဓိကအားဖြင့် အစိုးရရဲ့ တာဝန်ဖြစ်ကြောင်း၊ အစိုးရရဲ့ တာဝန်ဖြစ်တယ် ဆိုတာဟာ သင်ကြားရေးတွေ၊ အရည်အချင်းမြှင့်တင်ရေး သင်တန်းတွေ၊ နောက်ပြီး ဈေးကွက်လည်း ရှာပေးရမှာ ဖြစ်ပါကြောင်း၊ သို့သော် ဈေးကွက်စီးပွားရေးစနစ်ကို သွားရာမှာ ဒီဟာတွေ အားလုံးအတွက် အစိုးရကို အားကိုးနေလို့ မဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ရရှိရေးကို မိမိတို့ အတတ်နိုင်ဆုံး လုပ်နေပါကြောင်း၊ မူးယစ်ဆေးဝါးဟာ ဒီနိုင်ငံမှာ အင်မတန်မှကြီးမားတဲ့ အန္တရာယ်ကြီးဖြစ်လာပါကြောင်း ။

ပြည်သူတွေကနေပြီးတော့ ဆေးရုံဆေးခန်းကို အားကိုးလာတယ်၊ လူနာတွေ ပိုများလာ တယ်ဆိုတာ တစ်ဖက်ကနေကြည့်ရင် ဝမ်းသာစရာဖြစ်ပါကြောင်း၊ အရေးအကြီးဆုံး ကဏ္ဍသည် ပြည်သူ့ကျန်းမာရေးကဏ္ဍ ဖြစ်ပါကြောင်း၊ ပြည်သူတွေဟာ ကျန်းမာရေးအသိရှိရင်၊ ကျန်းမာရေး ဝန်ထမ်းတွေကလည်း ကျန်းမာရေး အသိပညာပေးနိုင်ရင် ဆေးရုံသွားဖို့ လိုတဲ့နှုန်းက ကျသွားပါကြောင်း၊ မော်တော်ဆိုင်ကယ် တိုက်တာ၊ ကားတိုက်တာတွေကို ယာဉ်စည်းကမ်းအရ တစ်ဖက်ကလည်း ကြပ်ကြပ်မတ် မတ်ကိုင်တွယ်ပြီး တစ်ဖက်ကလည်း ကိုယ့်စည်းကမ်း ကိုယ်ထိန်းရင် ဆေးရုံသွားရတဲ့နှုန်း ကျလာမည်ဖြစ်ပါကြောင်း၊ မော်တော်ဆိုင် ကယ်စီးရင် ဘာလို့ ဦးထုပ်ဆောင်းဖို့လိုသလဲဆိုရင် ဦးထုပ်မဆောင်းတဲ့သူ သေပျောက်တဲ့ နှုန်းနဲ့ ဦးထုပ်ဆောင်းတဲ့သူ သေပျောက်တဲ့ နှုန်းက အများကြီးကွာပါကြောင်း၊ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုက ပညာပေးနဲ့ လုပ်ခြင်းဖြစ်ပါကြောင်း။

နောက်တစ်ခုက ကိုယ်လက်သန့်ရှင်းရေးဖြစ်ပါကြောင်း၊ ရောဂါမကူးစက်အောင် ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသိမ်းရမယ် ဒီလိုပညာတွေများလာတာနဲ့အမျှ ဆေးရုံ သွားရတဲ့နှုန်းကနည်းလာမည် ဖြစ်ပါ ကြောင်း၊ တချိန်တည်းမှာပဲ ဝန်ထမ်းတွေလိုအပ်တယ်ဆိုတာသိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက စီမံခန့်ခွဲမှုအရ သူနာပြု ဆရာမများ မွေးထုတ်ပါကြောင်း၊ သူနာပြုတွေ များလာတဲ့အခါ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါကြောင်း။

နေရာတကာ သွားလေရာ အမှိုက်ပစ်တဲ့သူဟာ ကိုယ့်တန်ဖိုးကို ကိုယ်ပြတာ ဖြစ်ပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင်းကိုလည်း တန်ဖိုးမထားရာရောက် ကြောင်း၊ ကိုယ့်ပတ်ဝန်း ကျင်ကို တန်ဖိုး မထားတာဟာ ကိုယ်နေတဲ့နိုင်ငံကြီးကို တန်ဖိုးမထားတာဖြစ်ပါကြောင်း၊ အဲဒီလို အသေးအဖွဲ လေးတွေကအစ တာဝန်သိစိတ်နဲ့ နေရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုယ် တန်ဖိုး ရှိချင်ရင် ကိုယ့်ပတ်ဝန်းကျင်ကို တန်ဖိုးရှိအောင်ထားရမည် ဖြစ်ပါကြောင်း၊ ကိုယ့်ရဲ့ အသိုင်းအဝိုင်း အတွင်းမှာ စိတ်ဓာတ်တွေပြောင်းဖို့ဆိုတာ ကိုယ့်စိတ်ဓာတ်ကို ပထမဆုံး ပြောင်းရမည် ဖြစ်ပါကြောင်း။

မိမိအနေနဲ့ လူငယ်တွေကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် လေးလေးနက်နက် သိစေချင်ပါကြောင်း၊ မငြိမ်းချမ်းရတဲ့အကြောင်းအရင်းတွေကို လူငယ်တွေ သေချာနား လည်ထားမှ မှန်ကန်တဲ့ပါဝင်မှုတွေနဲ့ ပါဝင်နိုင်မှာဖြစ်ပါ ကြောင်း။
မိမိတို့လူငယ်တွေသည် သမိုင်းမှန်ကိုလေ့လာသင်ယူဖို့လည်း လိုတယ်လို့ ကျွန်မအနေနဲ့ မြင်ပါကြောင်း၊ သမိုင်းမှန်ကိုသင်ယူလေ့လာနိုင်မှသာလျှင် ဘာကြောင့် မငြိမ်းချမ်းရတာလဲ။ ဒီအကျိုးဆက်တွေ မိမိတို့သိလာပါကြောင်း၊ သိလာမှပဲ လူငယ်တွေအချင်းချင်းကြားမှာ ရင်းနှီးမှု တည်ဆောက်တဲ့အခါမှာ အပြန်အလှန် နားလည်မှုတွေ တည်ဆောက်တဲ့အခါမှာ ပိုပြီး တည်ဆောက်မှုများ လျင်မြန် မည်ဟုလည်း မိမိ ယုံကြည်ပါကြောင်း။

မြို့နယ် ၃၃၀ တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်ပညာပေးဆွေးနွေးပွဲတွေ လုပ်ဖို့ဖြစ်ပါကြောင်း၊ အဲ့ဒါက ဒီလောက်ကြီးတော့ မခက်ခဲပါကြောင်း၊ ပြည်နယ်အစိုးရနဲ့ တိုင်ပင်၍ သက်ဆိုင်ရာ NRPC ထဲမှ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ပြီး လုပ်ပေးဖို့ ကြိုးစားမည်ဖြစ်ပါကြောင်း။

ဖွံ့ဖြိုးရေးအတွက်လုပ်တဲ့အခါမှာ NCA စာချုပ်ထဲမှာပါတာရော၊ နိုင်ငံရဲ့ စည်းမျဉ်း စည်းကမ်း၊ ဥပဒေ၊ မူဘောင်အတွင်းကရော ၂ ခုစလုံးနဲ့ ကိုက်ညီဖို့က အင်မတန်မှ လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းတို့၊ လျှပ်စစ်တို့ကြတော့ အစိုးရကပဲ လုပ်ရတာဖြစ်ပါကြောင်း၊ ဒါက ငြိမ်းချမ်းရေးအတွက် သက်သက်လုပ်တာမဟုတ်ဘဲ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တစ်ခုအနေနဲ့ ဒါတွေကို လုပ်ပေးနိုင်တဲ့ အခြေအနေ၊ အနေ အထားကိုရောက်သွားတာဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှုမရှိဘဲ၊ တည်ငြိမ်မှုမရှိဘဲ ဒီလိုလုပ်ဖို့ဆို တာတော့မဖြစ်နိုင်ပါကြောင်း၊ ဒါကြောင့် ငြိမ်းချမ်းတည်ငြိမ်သွားပြီဆိုတာနဲ့ ဒါတွေက ဖြစ်မြောက်လာတာဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးရတဲ့အခါမှာ တစ်ချို့အဖွဲ့ အစည်းတွေက နေပြီးတော့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ချင်ကြကြောင်း၊ အဲ့ဒါတွေ ကလည်း ဥပဒေဘောင်အတွင်းက ဖြစ်ရမည်ဖြစ်ကြောင်း၊ ဥပဒေဘောင်အတွင်းက မဟုတ်တဲ့ကိစ္စ တွေကိုတော့ ဘယ်သူ့ကိုမှ လုပ်ခွင့်မပေးပါကြောင်း။

ငြိမ်းချမ်းရေးအတွက် လုပ်တဲ့ကိစ္စတွေ အားလုံးကလည်း တရားဥပဒေဘောင် အတွင်းကဖြစ်ရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးကို မထိခိုက်ဘဲ လုပ်ရန် အရေးကြီး ပါကြောင်း၊ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ အစိုးရနဲ့ညှိနှိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့က အင်မတန်မှ အရေးကြီးပါကြောင်း၊ ဒေသခံတွေက ကိုယ့်ဒေသတစ်ခုတည်းကိုပဲ ကြည့်ဖို့လိုပါ ကြောင်း၊ ဒါပေမယ့် အစိုးရအဖွဲ့ကတော့ တစ်တိုင်းပြည်လုံး ကိုကြည့်ရပါကြောင်း၊ လမ်းတွေ ဖောက် ပေးဖို့၊ လျှပ်စစ်မီးရအောင်လုပ်ပေးဖို့ တစ်တိုင်ပြည်လုံးက တောင်းဆိုနေပါကြောင်း၊ အားလုံးကနေ တောင်းဆိုနေတဲ့အခါ မျှတအောင် မိမိတို့က လုပ်ပေးရပါကြောင်း၊ စီးပွားရေး အရလုပ်တယ်ဆိုတာ စကတည်းက စီးပွားရေးလုပ်ပုံလုပ်နည်းက မှန်ကန်ရ မည်ဖြစ်ပါကြောင်း။

တရားဥပဒေအရ ခွင့်မပြုထားတဲ့နည်းနဲ့တော့ လုပ်လို့မရပါကြောင်း၊ တစ်ယောက် နဲ့တစ်ယောက်ထိတွေ့မှု အရေးကြီးပါကြောင်း၊ တစ်ချိန်လုံးထိတွေ့နေရပါမယ်၊ ညှိနှိုင်း နေရမယ်၊ တိုင်ပင်နေရပါမယ်။ နောက်တစ်ဖက်ကလိုအပ်ချက်က ဘယ်လိုရှိ တယ်။ တစ်ဖက်က ဒါကိုဘယ်လို ဖြည့်ဆည်းပေးနိုင်လဲ။ တစ်ရာရာခိုင်နှုန်း မဖြည့်ဆည်းပေး နိုင်ရင် ဘယ်လိုပုံစံနဲ့ အကောင်ဆုံးဖြစ်အောင် ဖြည့်ဆည်းပေးမလဲဆိုတာ ဒါညှိနှိုင်း ဆွေးနွေးရပါမယ်။ အဲ့ဒီနိုင်ငံရေးယဉ်ကျေးမှုကို ယုံကြည်ပြီဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ ခိုင်မာပြီပဲဖြစ်ပါကြောင်း၊ ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့် အဖြေရှာလို့ရ တယ်ဆိုတဲ့ ယုံကြည်မှုရှိအောင်လုပ်ဖို့ အားလုံးမှာ တာဝန်ရှိပါကြောင်း ။

ငြိမ်းချမ်းရေး မရှိသ၍ စစ်ရှောင်ရှိနေမည်ဖြစ်ပါကြောင်း၊ စစ်ရှောင်တွေကိုကူညီဖို့၊ စစ်ရှောင်ဆိုတဲ့သဘောတရားကိုက မိမိတို့ရပ်ရွာ မတည်ငြိမ်လို့ ထွက်ခဲ့ရတာဖြစ်ပါကြောင်း၊ ကိုယ့်ရပ်ကိုယ့်ရွာမှာ နေရတာနဲ့ တခြားစစ်ရှောင်စခန်းမှာ နေရတာ ဘာမှမတူပါကြောင်း၊ စစ်ရှောင်စခန်းတွေမှာလည်း လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့ ကြိုးစားပါကြောင်း၊ စစ်ရှောင် မရှိရန် စစ်ဖြစ်စေတဲ့ အခြေခံအကြောင်းရင်း တွေကို ဖယ်ရှားဖို့ အင်မတန်မှ အရေးကြီးပါ ကြောင်း။

ယဉ်ကျေးမှုထိန်းသိမ်းဖို့ဆိုရာမှာ အစိုးရက အတိုင်းအတာတစ်ခုအထိ လုပ်ပေး နိုင်ပါကြောင်း၊ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်တန်ဖိုးထားမှ ဒီယဉ်ကျေးမှုကို ထိန်းသိမ်းလို့ရ တာဖြစ်ပါကြောင်း၊ ကမ္ဘာမှာ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ပုဂ္ဂိုလ် တွေက ဘယ်သူ တွေလည်းဆိုတော့ အောင်မြင်တဲ့သူတွေပင် ဖြစ်ပါကြောင်း၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးက အောင်မြင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုတန်ဖိုးထားရမှန်းသိပါကြောင်း၊ မိမိတို့ရဲ့ ယဉ်ကျေး မှုတန်ဖိုးတွေဟာ အာနိသင်ရှိပါလားဆိုတဲ့ ယုံကြည်ချက်တွေရှိလာတဲ့အခါ တစ်ဦး ချင်း တစ်ဦးချင်းက ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းသွားချင်တဲ့ စိတ်ဓာတ်ဖြစ်လာပါကြောင်း။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ကိစ္စ၊ မိမိတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ကတည်းက မူဝါဒ တစ်ခုအနေနဲ့ ဆုပ်ကိုင်ထားပါကြောင်း၊ ဆက်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါကြောင်း၊ အဲဒါနဲ့ ပတ်သက်လို့ ၂၀၁၄ ခုနှစ် လွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဆွေးနွေး ပွဲတွေ လုပ်တုန်းက မိမိတို့ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတာကို ချပြထားပြီးသားဖြစ်ပါကြောင်း၊ ဥပဒေဘောင်အတွင်းက အေးအေးချမ်းချမ်းနဲ့ ပြည်သူ လူထုကို မထိခိုက်တဲ့ နည်းတွေကို သုံးပြီးတော့ ကျွန်မတို့ လိုချင်တဲ့ ပြောင်းလဲမှုတွေကို ရအောင်လုပ်မယ်၊ တစ်ဆင့်ပြီး တစ်ဆင့် လုပ်မယ် ၊ ဆွေးနွေးညှိနှိုင်း တဲ့ နည်းကို သုံးပြီး လုပ်သွားမယ် ဆိုတာကို မူတွေနဲ့ ချထားပါကြောင်း၊ မူအနေနဲ့ ချထားပြီးရုံမက မူအနေနဲ့လည်း ကျင့်သုံးပါကြောင်း၊ ဒီမိုကရေစီ ရဖို့ဆိုတာ နေ့ချင်းညချင်း မဖြစ်နိုင်သလို ဒီမိုကရေစီခိုင်မြဲအောင် လုပ်ဖို့ဆိုတာလည်း အချိန်ယူ ရပါကြောင်း။

ဒီမိုကရေစီ လုံးဝရသွားပြီလို့ ပြောလို့ရတဲ့ နိုင်ငံတစ်ချို့မှာ ရွေးကောက်ပွဲ တစ်ခုတည်းနဲ့ တစ်ခါတည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပြီးတော့ ဒီမိုကရေစီနိုင်ငံ သွင်းလိုက် တယ်ဆို ပေမယ့် တကယ်ပဲ နေ့ချင်းညချင်း ဒီမိုကရေစီရဲ့ အကျိုးအမြတ် တွေ၊ အသီးအပွင့်တွေ ခံစားပိုင် ခွင့်ရလားဆိုတော့ မရပါကြောင်း၊ တော်တော်ကြာကြာ စောင့်ရပါကြောင်း၊ တော်တော်ကြာကြာ တည်ဆောက်ရပါကြောင်း။

ဒီမိုကရေစီဆိုတာ ကိုယ့်ရဲ့အခွင့်အရေးတွေကို တန်ဖိုးထားသလို သူများရဲ့ အခွင့်အရေး ကိုလည်း တန်ဖိုးထားရမည်၊ ကိုယ့်ရဲ့တာဝန်ကိုလည်း အလေးအနက် ထားရမည်၊ မတူတဲ့ စိတ်သဘောထားတွေတော့ရှိမှာဖြစ်ပါကြောင်း၊ မတူကွဲပြား တာတွေကို လူကြီး လူကောင်းပီပီ ဆွေးနွေးပြီး အဖြေရှာနိုင်ရမယ် ဖြစ်ကြောင်း၊ ဒါဟာ ဒီမိုကရေစီ မှာတင်မ ဟုတ်ဘဲ နေ့စဉ် လူလူချင်းဆက်ဆံတဲ့အခါမှာလည်း ဒီအတိုင်းပဲ ဖြစ်ရမည်ဖြစ်ကြောင်း၊ မတူကွဲပြားမှု အပေါ် အခြေခံ ဆွေးနွေးပြီး အများအကျိုးအတွက် တူညီတဲ့ဆုံးဖြတ်ချက်တွေ ချနိုင် ခြင်းဆိုတာ ဒီမိုကရေစီရဲ့ အရေးအကြီးဆုံး လုပ်ငန်းတစ်ခုပဲ ဖြစ်ပါကြောင်း။
ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးပြောရရင် နာမည်ကိစ္စမှာ မင်းတို့၊ မိတို့ကတော့ ကျွန်မ အတိုင်းအတာတစ်ခုထိ နားလည်နိုင်ပါကြောင်း၊ မိမိအမြင်တွင် ခွဲခြားဆက်ဆံ တဲ့သဘော မဟုတ်ပါကြောင်း၊ အထူးသဖြင့် မငယ်တော့တဲ့ အမျိုးသမီးတစ်ယောက်ကို ရှေ့က ဒေါ်မထည့်တဲ့ အခါကျတော့ တစ်မျိုးဖြစ်နေပါကြောင်း၊ မွန်ယဉ်ကျေးမှုကို သိတဲ့ သူတွေက မိငွေလေးလို့ပဲခေါ်ပြီး မွန်ယဉ်ကျေးမှုအကြောင်း သိပ်မသိသေးတဲ့ သူတွေကတော့ မိငွေလေးလို့ ခေါ်ရင် ရိုင်းရာကျမယ်ဆိုပြီး ဒေါ်မိငွေလေး၊ မမိငွေလေး လို့ ခေါ်ရင် ခေါ်လိမ့်မယ် ဖြစ်ပါကြောင်း၊ ဒါကတော့ မွန်ယဉ်ကျေးမှုကို တိုက်ခိုက်ချင်လို့ မဟုတ်ဘဲ သူတို့ နားလည်သလို ခေါ်တာဖြစ်ပါကြောင်း၊ ဒါကြောင့် မိမိတို့ တိုင်းရင်းသား တွေဟာ မတူတဲ့ယဉ်ကျေးမှုတွေ အားလုံးစုပေါင်းပြီး နေထိုင်ရင် အဘက်ဘက်က နားလည်မှုတော့ ပေးဖို့လိုပါကြောင်း၊ နှိမ်သည့်သဘောမဟုတ်ပါကြောင်း ၊ အမျိုးသမီးတွေ ငြိမ်းချမ်းရေးတွင် ပါဝင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသမီး ငြိမ်းချမ်းရေးတွင် ပါဝင်ရမည်ဖြစ်ပါကြောင်း၊ စစ်ဖြစ်တဲ့ နိုင်ငံတွေမှာ၊ ငြိမ်းချမ်းရေး ဆုံးရှုံးတဲ့ လူ့အသိုင်းအဝိုင်းတွေမှာ ပထမဆုံးထိခိုက်တာ အမျိုးသမီးတွေနဲ့ ကလေးတွေဆိုတာ တစ်ကမ္ဘာလုံးက အသိအမှတ် ပြုထားတဲ့ ကိစ္စဖြစ် ပါကြောင်း၊ ဒါကြောင့် ငြိမ်းချမ်းရေးဟာ အမျိုးသမီးတွေအတွက် အရေးကြီးပါကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေး သည်။
ထို့နောက် အွန်လိုင်းမှတစ်ဆင့် မေးမြန်းသည့် မေးခွန်း ၃ ခုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဖြေကြားသည်။

ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မွန်ပြည်နယ် မော်လမြိုင်တွင် CT-Scan ပျက်နေပါကြောင်း၊ ထို့အတွက် သိန်း ၃၇၀ တောင်းပါကြောင်း၊ သိန်း ၃၇၀ တောင်းသည့်စာသည် နည်းနည်းကြာမှ ရောက်လာပါ ကြောင်း၊ ရောက်သည်နှင့် ခွင့်ပြုပေးလိုက်ပါကြောင်း၊ မိမိတို့နိုင်ငံမှာ တစ်နှစ်တစ်နှစ်ကို စက်ပြင် ဆင်စရိတ် အများကြီးကုန်ပါကြောင်း၊ ဒုက္ခရောက်ပါကြောင်း၊ မိမိဒီနေရာမှနေပြီး တစ်ခု တောင်းဆိုချင်ပါကြောင်း၊ မတော်တဆမှုဖြစ်ပွားသော လူနာတစ်ယောက် ဦးထုပ်မဆောင်းဘဲ ရောက်လာပါက ဦးနှောက်ခွဲစိတ်ဆရာဝန်၊ အထူးကုဆရာဝန်၊ အထွေထွေအထူးကုဆရာဝန်နဲ့ သူနာပြုတွေအလုပ်ရှုပ်မည်၊ တိုင်းပြည်မှာလည်း ပိုက်ဆံကုန်သည့်အတွက် တောင်းဆိုချင် သည်မှာ ဦးထုပ်ဆောင်းဖို့ဖြစ်ပါကြောင်း၊ လမ်းစည်းကမ်းကို သေချာလိုက်နာလျှင် မတော်တဆ မှုဖြစ်ပွားသော လူနာ အလွန်နည်းပါးသွားမည် ဖြစ်ပါကြောင်း၊ လမ်းစည်းကမ်းကို တင်းကြပ်မည် ဆိုပါက အကျိုးရှိမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဒေသခံပြည်သူ ၃ ဦးက မော်လမြိုင်ဆေးရုံ အဆင့်မြှင့်တင်ရေး၊ ကျိုက္ခမီမြို့ ဝန်ထမ်းအိမ်ရာကိစ္စ၊ ရေထိန်းသိမ်းမှုနှင့် တံတားကိစ္စတို့နှင့် ပတ်သက်၍ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့် ပြည်နယ် ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

အဆိုပါ ငြိမ်းချမ်းရေးစကားဝိုင်းသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော်၊အမျိုးသားလွှတ်တော်နှင့် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ငြိမ်းချမ်းရေးစကားဝိုင်းများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များစကားဝိုင်း၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းရင်းသားများ၏ ပင်လုံငြိမ်းချမ်ရေးစကားဝိုင်း၊ ၂၀၁၇ ခုနှစ် ဧပြီလ ၁၁ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်တောရွာနေလူငယ်များစကားဝိုင်း၊ ၂၀၁၇ ခုနှစ် သြဂုတ်လ ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ သီဟာရာမ ဘုန်းတော်ကြီးကျောင်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြေတိုင်ကန်ကျေးရွာမှ ကျေးရွာ သားများ ငြိမ်းချမ်းရေးစကားဝိုင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကယားပြည်နယ် ဒေသခံ လူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်းနှင့် ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ဧရာဝတီတိုင်းဒေသ ကြီး မြောင်းမြမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများစကားဝိုင်း တို့ကို ကျင်းပခဲ့သည်။

Related Articles